Showing posts with label ဒဿန. Show all posts
Showing posts with label ဒဿန. Show all posts

ယောက်ျားမယူတော့ဘူးလို့ ပြောနေတဲ့သူက အချစ်အကြောင်းပြောမှာဆိုတော့ အူကြောင်ကြောင်တော့ နိုင်လိမ့်မယ်...
တကယ်ပြောတာပါ။ လောကမှာ အချစ်နဲ့ထိုက်တန်တာ အချစ်တခုပဲရှိတယ်...
အချစ်ခြင်းလဲလှယ်မှပဲ တန်ဘိုးခြင်းညီနိုင်မှာ။

အချစ်နဲ့ ငွေ... ဘယ်လိုမှမညီမျှဘူး (ငွေကသာနေတယ်... မရယ်နဲ့နော် တကယ်အဟုတ်)
အချစ်နဲ့ မေတာရော... ညီမျှနိုင်စရာကိုမရှိဘူး (ဘယ်သူသာသလဲတော့ ကြုံဘူးသူတွေသိလိမ့်မပေါ့)
အချစ်နဲ့ ပျော်ရွှင်မှု... ညီမလိုလိုနဲ့ တဖက်စောင်းနင်းကို ကွာတာ (ဘယ်သူကွာကွာ မကွာကွာ ကိုယ့်အတွက်တော့ကွာတယ်ဟေ့)

ဒါကြောင့်ပြောတာ အချစ်ခြင်းပဲလဲလှယ်ပါလို့။ အဲဒါကြောင့်လဲ ကိုယ့်မှာချစ်သူမရှိတာပေါ့။ ကိုယ့်မှာ မေတာတွေရှိတယ်၊ ငွေတွေရှိတယ်၊ ပျော်ရွှင်မှုတွေလဲ ပေးနိုင်ပါရဲ့... အချစ်တော့မရှိတော့ဘူးကွယ်...
တခါလဲလှယ်ခဲ့မိတာကိုး... ကိုယ့်အချစ်နဲ့ လဲမိခဲ့တဲ့အရာက ပရုတ်လုံးတစ်လုံးဖြစ်နေခဲ့သလားမသိဘူး... လုံးပါးပါးပြီး အငွေ့ပျံသွားလိုက်တာ ခုဆိုဘာမှကိုမကျန်တော့ဘူး... ဒါနဲ့ပဲ ကိုယ့်မှာ ကိုယ်ပိုင်အချစ်လဲမရှိ၊ လဲခဲ့တဲ့အချစ်လဲပျောက် အူကြောင်ကြောင်ကြီးပါလေ... ခုလေ ကိုယ်အချစ်ကို ပြန်လည်စိုက်ပျိုးကြည့်နေတယ်... ဖြစ်မဖြစ်ကတော့ ကံတရားပေါ့နော်... မိုးမခေါင်ခဲ့ရင်၊ မိုးမလွန်ခဲ့ရင် ကိုယ့်မှာအချစ်အသစ်တစ်ခု ပြန်ရဦးမှာပေါ့... ဒီတခါတော့ ကိုယ်မလဲတော့ဘူးလို့စဉ်းစားထားတာပဲ... တစုံတယောက်ကိုပေးပစ်ဖို့ ဆုံးဖြတ်ပြီးပြီ... သူ့မှာလဲလေ အချစ်မရှိဘူး၊ ငွေကြေးလဲမရှိရှာဘူး၊ မေတာတရားရော... ပျော်ရွှင်မှုဆိုတာဝေးရော...

ဒါပေမယ့်လေ သူလဲ သစ်ပင်စိုက်နေတယ်တဲ့... အချစ်သစ်ပင်လေးလေ... အင်းပေါ့ ကိုယ့်အတွက်ပေါ့... ကဲဒါကြောင့် ကိုယ်ပြောပါတယ် အချစ်ကို အချစ်နဲ့ပဲ လဲပါလို့... အဲ အမှန်တော့ အချစ်ကို အချစ်ဆီ ပေးလိုက်တာအကောင်းဆုံးပဲပေါ့

အချိန်ကတော့ ဒုတိယကမ္ဘာစစ်မီးမြန်မာပြည်ကို ကူးစက်ချိန်ပေါ့။ သူ့နာမည်က ချိုတကူး။ အသက်ကတော့ ၁၃နှစ်။ ကုလားလူမျိုးတွေမြန်မာပြည်က ပြေးကြတော့ သူတို့မိသားစုလဲ သင်္ဘောနဲ့ပြေးဖို့လုပ်ကြတယ်။ ချိုတကူးနဲ့ သားအဖသုံးယောက် ဈေးဝယ်နေတုန်းမှာ အမေနဲ့ညီမကိုတင်ထားတဲ့ မြန်မာပြည်ကထွက်မယ့် နောက်ဆုံးသင်္ဘောဟာ ကမ်းကခွာသွားတယ်။ သားအဖ၃ယောက် အူလည်လည်နဲ့ ကျန်ခဲ့ပြီး ရရစားစားလုပ်ကိုင်စားသောက်ကြတယ်။ ၀မ်းရောဂါတွေဖြစ်တော့ ချိုတကူး အဖေနဲ့အစ်ကို ရှေ့ဆင့်နောက်ဆင့် ဆုံးကြတယ်။ ၁၃နှစ်ကျော်ကျော် ၁၄နှစ်သား တစ်ကောင်ကြွက်ချိုတကူးပေါ့။

သူ့က ဘယ်တော့မှကြာရှည်စိတ်မညစ်တတ်၊ အိမ်တွေရဲ့ခိုင်းတာတွေကိုလည်း မငြီးမငြူလုပ်ပေးတတ်တော့ ထမင်းတနပ်နဲ့ အ၀တ်တထည် သူ့အတွက်မရှားဘူးပေါ့။ သူကိုယ်တိုင်က ပျော်သလိုနေတတ်တော့ ပတ်ဝန်းကျင်ကလည်း ထူးပြီးသနားမနေတော့ဘူး။ ငယ်ငယ်ရွယ်ရွယ်မိဘမဲ့ တစ်ကောင်ကြွက်လေး ဆိုတာလောက်ပဲ စကားအဖြစ်ပြောကြတော့တယ်။

ဒီလိုနဲ့ ဦးသုခရိုက်တဲ့ ‘ဂုဏ်ရည်မတူ’ ဇာတ်ကားကို ချိုတကူးသွားကြည့်မိတယ်။ ရုပ်ရှင်ထဲက မေသစ်ကို သနားလို့တဲ့ သူ့ခမျာ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့။ ပြန်ထွက်လာတော့လည်း မေသစ်သနားစရာကောင်းကြောင်း ပြောမဆုံးနိုင်။

ဒါကတော့ ချိုတကူးနဲ့ဂုဏ်ရည်မတူ ဆိုတဲ့ ဆရာအောင်သင်းရဲ့ ဆောင်းပါးကို ဖေဖေပြန်ပြောသလောက် မှတ်မိတာလေးပါ။ ဆရာကတော့ တကယ့်အဖြစ်နဲ့ ရုပ်ရှင်မှာ ရုပ်ရှင်ကိုလူတွေပို ခံစားတတ်ကြတာ အနုပညာရဲ့အစွမ်းလို့ ပြောချင်တာထင်ပါတယ်။

ကိုယ်တိုင်သနားစရာဖြစ်နေတဲ့ဘ၀ကိုမမြင်ပဲ သူများကိုစုပ်တသတ်သတ်လုပ်နေရင်တော့ ဖေဖေက ချိုတကူးနဲ့ဂုဏ်ရည်မတူဟေ့ လို့ပြောတတ်ပါတယ်။ မေမေ့ကိုစချင်၊ နောက်ချင်ရင်လည်း ပြောတတ်ပါတယ်။ အထူးသဖြင့် ဇာတ်လမ်းတွေထဲက အမေတွေသားကိုအရမ်းချစ်ပြလို့ မေမေကဝေဖန်ရင် “ခင်ဗျားတို့အမေ ချိုတကူးလေ ကြည့်ကြည့်” ဆိုပြီးစတတ်ပါတယ်။

ဒီစကားလေးကိုအခုတလော ပြန်သတိရနေမိတယ်။ ကိုယ်တိုင် ချိုတကူးခဏခဏဖြစ်ပြီး သူများအပူကို လိုက်ပူပေးမိတဲ့သူတွေကို တွေ့တွေ့နေရလို့ထင်ပါရဲ့။

တရားဆွေးနွေးတဲ့သူတွေကို မြင်ရင်ပိုပြီးသတိရမိတယ်။ တကယ်ဆွေးနွေးတဲ့သူကနည်းပြီး နိုင်အောင်ငြင်းချင်တဲ့သူ၊ ငါပြောတာမှမှန်တာဆိုတဲ့ သူတွေကိုကြည့်ပြီး သူတို့ဘ၀က ချိုတကူးထက်ဆိုးပါလားလို့။ သူတပါးကိုအယူမမှားအောင် ကိုယ်တိုင်ဒေါသတွေအဖြစ်ခံပြီး ငြင်းခုန်ပေးနေကြရှာတယ်လေ။

အမှန်တော့ဘယ်သူ့ကိုမှ ပြောချင်တဲ့ဆန္ဒမရှိပါဘူး။ ရုတ်တရက်စိတ်ထဲပေါ်လာတဲ့အတွေးလေး ရေးချမိတာပါ။ သူတို့ကိုပြောမိလို့ ကိုယ်တိုင်ရော ချိုတကူးဖြစ်နေပြီလား။ သေချာဆန်းစစ်ကြည့်ဦးမှထင်ပါရဲ့။

ချွန်မြနေတဲ့ ကလောင်
----။----
ဓားသွား၊ လှံသွားထက် ကလောင်သွားက ပိုထက်သတဲ့။
ထက်လိုက်တဲ့ ကလောင်တွေ
ဟိုမှာလူတွေ အူတွေပွင့်ကျနေတာ
အထွေးလိုက် အထွေးလိုက်...

ဒီအကြောင်းကို ရေးမလို့စဉ်းစားထားတာ ကြာပါပြီ။ ဒါပေမယ့် ကိုယ်တိုင်လည်းတခါတလေ မှားတတ်၊ လွဲတတ်လို့ ရေးဖို့လက်တွန့်နေခဲ့တာ။ ဘာအကြောင်းလည်း ဆိုတာတော့ ဖတ်ကြည့်ရင် သဘောပေါက်ကြမှာပါ။

တနေ့က အိမ်မှာရှိတဲ့ Primary တက်နေတဲ့ မောင်ဝမ်းကွဲလေးနဲ့ အေးဆေးစကားပြောဖြစ်ပါတယ်။ ခါတိုင်းဆိုသူက ဂိမ်းဆော့နေတာနဲ့ ကိုယ်ကလည်း ကွန်ပျူတာသုံးနေတာဆိုတော့ အမှတ်တမဲ့ပါပဲ။ တနေ့ကတော့ နေ့ခင်းဖက်ပျင်းလည်းပျင်းတာနဲ့ သူဂိမ်းဆော့တာထိုင်ကြည့်ရင်း စကားပြောကြတော့ ဗမာစကားတော်တော်များများကို သူမေ့နေပါပြီ။ သူဒီကိုရောက်တာ တစ်နှစ်သာသာလေး ပဲရှိပါသေးတယ်။ ဒါပေမယ့် စကားတော်တော်များများကို သူမမှတ်မိတော့ပါဘူး။ သူနဲ့စကားပြောရတာ တော်တော်လည်း ရယ်ရပါတယ်။ သူဆော့နေတဲ့ဂိမ်းထဲက အကောင်တွေက ကြောက်ဖို့ကောင်းတယ် ဆိုတာကို “အကောင်တွေက ထိတ်လန့်စရာကြီးနော်" တဲ့။ သူ့ခမျာ စကားနဲ့ စာနဲ့ မခွဲတတ်တော့ဘူး ဖြစ်နေတယ်။ ဒါတောင် အိမ်မှာဆို ဗမာလိုပဲပြောကြတာပါ။ အသုံးနည်းတဲ့ စကားလုံးတွေသူမမှတ်မိတော့ပါဘူး။ ကြာရင်ဗမာစကားကို တော်တော်ခက်ခက်ခဲခဲ ပြောယူရမယ့်ပုံရှိပါတယ်။ ဒါက ကလေးတစ်ယောက်ရဲ့ တကယ်မမှတ်မိတော့လို့ မှားတာပါ။

ဒါပေမယ့် တချို့သောသူတွေကတော့ ဖက်ရှင်လုပ်ပြီးကို မေ့ချင်ယောင် ဆောင်နေကြပါတယ်။ နိုင်ငံခြားမှာနေတာကြာလို့ ဗမာလိုတောင် မေ့နေပြီဆိုတာကို ဂုဏ်ယူပြီးပြောတတ်ကြပါတယ်။ အဲလိုလူတွေများလာရင် ဗမာစကားရဲ့ အခြေအနေရင်လေးစရာပါ။ အမျိုးထဲမှာ တစ်ယောက်ရှိပါတယ်။ နိုင်ငံခြားမှာနေတာ ၄နှစ်လောက်ရှိပါပြီ။ ၁နှစ် တစ်ခါ မြန်မာပြည်ပြန်လည်ပါတယ်။ သူက ပန်းဝယ်ချင်တာကို ပန်းသည်ကိုတောင် မခေါ်တတ်တော့လို့ပါတဲ့။ ပန်းသည်ကို ဘယ်လိုလှမ်းခေါ်လိုက်ရမလဲတဲ့။ အနားရှိတဲ့သူတွေတော့ ဘယ်လိုနေသလဲမသိပါဘူး၊ တဆင့်ပြန်ကြားရတဲ့သူတော့ တော်တော်ကို နားကြားပြင်းကပ်ရပါတယ်။ နောက်ပြီး ၀က်သားကိုလည်း သူ့ခမျာ “၀က်သာ” ပါတဲ့။ စကားမပီလို့ သူကတိုင်းရင်းသူလေးလားလို့တော့ မထင်လိုက်ကြပါနဲ့။ ဗမာပြည်မှာနေတုန်းက ၀က်သားကို ၀က်သားလို့ ပီပီသသပြောခဲ့တဲ့ ဗမာစစ်စစ်ကြီးပါ။ အင်း ဖက်ရှင်ထွင်ကြတာများ လွန်လှပါလားလို့။

အရင်ကတော့ နိုင်ငံခြားကပြန်လာလို့ မြန်မာလိုမပြောတတ်ရင် ဘိလပ်ပြန် မောင်သောင်းဖေ ဆိုပြီးဝိုင်းစကြ၊ နောက်ကြပါတယ်။ အခုတော့ ဒါကိုပဲ လူအထင်ကြီးစရာကြီး တစ်ခုလိုဖြစ်နေကြတာ နားမလည်နိုင်အောင်ပါပဲ။ ချိုကိုလည်း တခါတလေမေ့ပါတယ်။ မြန်မာလိုက အမြဲတမ်းပြောနေရတာမဟုတ်တော့ တချို့စကားလုံးတွေကို တော်တော်စဉ်းစားရပါတယ်။ ဒါပေမယ့် အဲဒါကိုတော့ မကြွားချင်ပါဘူး။ ဗမာဖြစ်ပြီး ဗမာစကားမတတ်တာ ကြွားစရာ မဟုတ်ဘူးလို့ထင်ပါတယ်။ ကျောင်းနေခဲ့တုန်းကလည်း တော်တော်တွေ့ပါတယ်။ စကားပြော မှားကြတာတွေ။ ကိုယ်တိုင်ကလည်း မနေနိုင်တော့ ပြင်ပေးမိတယ်။ သူတို့ကခေါ်ကြတယ်၊ စကားတောင်စားတဲ့။ ကိုယ်ကမှမနေတတ်တော့ ပြောလည်းခံရုံရှိတော့တာပေါ့။

မှတ်ချက်။ ။ တမင်ဘန်းစကားအနေနဲ့ပြောကြတဲ့ ရေချမ်းချမ်းတစ်ခွက်တို့လို စကားမျိုးကိုမဆိုလိုပါ။

ဘလော့ကိုလာဖတ်တဲ့ သူတွေကပြောတယ်။ စာရေးကြဲတယ်တဲ့။ မပျင်းနဲ့တဲ့။ ဟုတ်ကဲ့ ပျင်းတာတော့အမှန်ပဲ။ ဒါပေမယ့် စာရေးကြဲတာ ပျင်းတာတစ်ခုထဲကြောင့်တော့ မဟုတ်ပါဘူး။ ဘာရေးရမှန်းကို မသိလို့ပါ။

သူများတွေရေးကြသလို ကဗျာ ရေးရအောင်လည်း မော်ဒန်ကဗျာဆိုတာကို ဖတ်ရင်တောင်နားမလည်တာ။ ကိုယ်တိုင်ရေးဖို့ဆို ဝေလာဝေး။ ဒါဆို ကာရံနဲ့ကဗျာရော... ပိုဆိုးပါသေးတယ်။ ကာရံလှလှမယူတတ်... စာလုံးကျစ်ကျစ်မသုံးတတ်... ဘယ်လိုလုပ် ကဗျာရေးမလဲ။

ဒါဆို ခံစားချက်လေးတွေ၊ ရင်တွင်းဖြစ်လေးတွေ... အင်း ကဗျာထက် ပိုဆိုးမယ်ထင်တယ်။ အိမ်မှာဆို ဖေဖေက ခံစားချက်မရှိလွန်းလို့ သွေးအေးသတ္တ၀ါတဲ့။ တခါတလေများ သွေးကအေးရုံမဟုတ်ပဲ ခဲများနေလား သမီးရယ်တဲ့။ ကဲ... ဘယ်လိုလုပ် ရင်တွင်းဖြစ်ဆိုတာ ထွက်ပါတော့မလဲ။

ပညာရပ်ဆိုင်ရာတွေရော... ရေးချင်ပါတယ်။ ဖတ်တဲ့သူအကျိုးရှိတာပေါ့။ ဟဲဟဲ... တခုပဲ။ ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မသိ၊ နားမလည်။ ဖတ်တဲ့သူကို ဘယ်လိုရှင်းမလဲ။

နောက်တမျိုး... သတင်းတွေကို စုံအောင်လိုက်မဖတ်နိုင်သူအတွက် သတင်းလေးတွေ အမြည်းသဘော ရေးရင်ရော။ ကိုယ်တိုင်တောင် နှစ်ရက်တခါလောက် အလျင်မီအောင် မနည်းရယ်။ အဲဒီတော့ မဖြစ်ပြန်ဘူး။

ဒါနဲ့ပဲ သုံးရက်မှတခါလောက် လာလည်တတ်တဲ့ အတွေးလေးတွေကို အမိအရ ရေးနေရတာကို ခွင့်လွှတ်ကြပါလို့။ ဘာရေးသင့်လဲ အကြံလေးများရှိရင်လည်း ပေးကြပါလို့။ (ငပျင်း လို့ခေါ်သူများကိုတော့ ဟင်းဟင်း)

ကိုကြီးကလိုစေးထူးရဲ့ မရယ်ရသော ပြက်လုံး… ဆိုတဲ့ပို့စ်လေးကို ဖတ်မိတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ဖေဖေပြောခဲ့ဖူးတဲ့ အဖြစ်လေးကို သွားသတိရမိတယ်။

YITက ကျောင်းပြီးကာစ သူငယ်ချင်း အင်ဂျင်နီယာပေါက်စ နှစ်ယောက်ဟာ ကျောင်းပြီးတော့ အလုပ်ရှာမရလို့ မိဘဆီက ငွေလေးနဲ့ ကုန်စုံဆိုင်လေး တစ်ခုဖွင့်ကြပါတယ်။ တနေ့မှာတော့ ဈေးဝယ်မိန်းမတစ်ယောက်ဟာ ကလေးကိုကျောင်းကြိုပြီး အပြန်ဈေးဝင်ဝယ်ပါတယ်။ ဈေးဝယ်ပြီးလို့ ပြန်အထွက်မှာတော့ ကျောင်းတက် ပျင်းပုံရတဲ့ သူ့ကလေးကို "ကျောင်းမှန်မှန်တက်နော်၊ ပညာမတတ်ရင်တွေ့လား ဒီလိုပဲ ဈေးရောင်းစားရမယ်" တဲ့။

ဒီလိုအဖြစ်လေးကိုပဲ စာရေးဆရာမ မစန္ဒာကတော့ မစပ်သောငရုတ် တဲ့။ စက်မှုလက်မှု RIT ကျောင်းဆင်း အင်ဂျင်နီယာတစ်ယောက် ငါးဒိုင်လုပ်နေတဲ့ ဇာတ်လမ်းလေးပါ။ ငရုတ်ဖြစ်ပေမယ့် တာဝန်မကျေတဲ့ ငရုတ်၊ မစပ်တဲ့ ငရုတ်လို သင်ခဲ့တဲ့ပညာနဲ့ တိုင်းပြည်အကျိုးမပြုနိုင်တဲ့ ဘ၀ကို စိတ်ညစ်ပေမယ့် ၀မ်းရေးအတွက် လုပ်ကိုင်နေရတဲ့အကြောင်းလေးပါ။

ဒီအကြောင်းတွေဟာ မြန်မာနိုင်ငံကလူတွေ တခြားနိုင်ငံကိုဘာလို့ ထွက်ပြီးအလုပ်လုပ်ကြသလဲဆိုတဲ့ မေးခွန်းကို ဖြေနေသလိုပါပဲ။ ကိုယ်နိုင်ငံမှာ တ၀မ်းတခါးလှလို့ကတော့ ဘယ်သူမှ တခြားနိုင်ငံမှာ အောက်ကျနောက်ကျခံ မနေပါဘူး။ ယဉ်ကျေးမှုရော၊ တန်ဖိုးထားတဲ့စံတွေပါ ကွာခြားလှတဲ့ နိုင်ငံမှာ ပျော်နေနိုင်ကြမယ်လို့ ထင်နေကြရင် မှားပါလိမ့်မယ်။

ပညာနဲ့ထိုက်တဲ့ အလုပ်သာရပါစေ၊ မချမ်းသာဘူးဆိုရင်တောင် ပြန်လာလုပ်ကြမယ့်သူတွေ အပုံကြီးပါ။ အခုတော့ စက်ရုံကြီးတစ်ခုမှာ စက်ရုံမှူးဆိုတာက ရှေ့တန်းမှာ နိုင်ငံတော်အတွက် ခြေလက်အဂါင်္ကိုစွန့်လှူခဲ့ရတဲ့ ပုဂ္ဂိုလ်၊ တကယ်စက်ရုံကို လည်ပတ်နိုင်အောင်လုပ်ပေးနေတဲ့ သူတွေကတော့ ပင်စင်ယူတဲ့အထိ လက်ထောက်ဘ၀က မတက်နိုင်၊ စက်ရုံမှူးတွေသာ တစ်ယောက်ပြီး တစ်ယောက်ပြောင်းသွားတယ် လက်ထောက်ကတော့ မပြောင်းနိုင်၊ သူမရှိရင် စက်ရုံကမလည်နိုင်တော့တဲ့ အထိ ကျွမ်းကျင်နေခဲ့တယ်။ ဒါပေမယ့် အဲဒီလူခမျာ ဘယ်တော့မှ စက်ရုံမှူးဆိုတာ ဖြစ်လာမှာမဟုတ်သလို သူကိုယ်တိုင်ကိုက မမျှော်လင့်တော့ပါတဲ့။ ကဲ ဒီနိုင်ငံကြီးထဲ ဘယ်ပညာတတ်က လုပ်ချင်ပါတော့မလဲ။

ငရုတ်ဖြစ်မှတော့ စပ်ချင်ကြတာ သဘာဝပါ။ တချိန်ချိန်မှာတော့ ချိုကိုလည်း တိုင်းပြည်အတွက် ငရုတ်စပ်စပ်လေး တစ်တောင့်ဖြစ်ခွင့်ရချင်ပါသေးတယ်။ အခုများတော့…

အတွယ်အတာဆိုတာ မရှိရင် အထီးကျန်တယ်...
တွယ်တာမိတော့လည်း နာကျင်ရတယ်...

အထီးကျန်မှုက ခြောက်ခြားစေတယ်...
နာကျင်မှုကြောင့် မျက်ရည်ကျရတယ်...

ရွေးချယ်မှုကတော့ သင့်ပေါ်မှာပဲမူတည်ပါတယ်...

TV ကြည့်နေရင်း ဇာတ်လမ်းတစ်ခုမှာပြောသွားတဲ့ စကားလေးပါ။
သေသေချာချာမမှတ်မိလိုက်လို့ မှတ်မိသလောက်နားလည်သလို ဘာသာပြန်ထားတာပါ။
ကဲ ကိုယ်တို့ဘာကိုရွေးကြမလဲ... သူငယ်ချင်းတွေကြားမှာ ပို့ဖြစ်ခဲ့တဲ့ message လေး တစ်ခုကိုသတိရမိတယ်။

I would rather get hUrt than have a heart without U တဲ့...

အခုတော့ အဲလိုပြောဖို့တောင် နည်းနည်းနောက်တွန့်နေမိပြီ။ ငယ်ငယ်တုန်းကရှိခဲ့တဲ့ သတ္တိတွေ ပြန်လိုချင်ပါရဲ့။

အခုတလော Myanmarteashop ဆိုတဲ့ ဖိုရမ်လေးကိုသွားဖတ်မိတယ်။ မြန်မာနိုင်ငံအကြောင်း ဆွေးနွေး ထားကြတာ လေးစားစရာ၊ အားကျစရာ အများကြီးပါပဲ။ ပြည်သူတွေဆိုတာ တိုင်း ပြည်အတွက် အကြီးမားဆုံး အင်အားတဲ့။ အပြောင်းအလဲကိုလိုချင်ရင် ပြည်သူကိုယ်တိုင် လုပ် ယူရမယ်တဲ့။ ပြည်သူထဲက ပြည်သူတယောက် ဖြစ်တဲ့ ငါက ဘာလုပ်ရမှန်းမသိ၊ ယောင်တောင် တောင်ဖြစ်နေတာကို စိတ်ကုန်လိုက်တာ။

ကြောက်စိတ်ဆိုတာကြီးရှိနေလို့...
ငါကြောက်တာတွေတော်တော်များပါလား...
ငါ့မိဘတွေ ဒုက္ခရောက်၊ စိတ်ဆင်းရဲ လူဆင်းရဲ ဖြစ်မှာကိုလည်း ကြောက်တယ်...
ငါ့မောင်နှမတွေ ပညာရေးဆုံးခန်းမတိုင်ဘဲ ဖြစ်နေမှာကိုလည်း ကြောက်တယ်...

ငါ့လိုကြောက်နေကြတဲ့သူတွေ ဘယ်လောက်များ ရှိနေပြီလဲ...

Freedom from Fear တဲ့...
မဟုတ်တာကို မဟုတ်ဘူးလို့ ပြောလိုက်ရမှာ အရမ်းကြောက်နေရတဲ့ဘ၀ကို ခင်တွယ်နေမိတာကို ငါမုန်းတယ်...
မှားနေမှန်းသိရက်နဲ့ မပြောရဲလို့ ငြိမ်ခံနေလိုက်ရတဲ့ဘ၀ကို ဖျက်ဆီးခံလိုက်ရမှာ စိုးရိမ်နေတာကို ငါမုန်းတယ်...
လိမ်တတ်တဲ့သူတွေကြီးပွား အမှန်တရားခေါင်းပါးနေတဲ့ တိုင်းပြည်ကိုပြန်ခွင့်မရှိမှာ ကြောက်နေမိတာကို ငါမုန်းတယ်...

တကယ်တော့ ငါဟာ အတွေးထဲမှာတောင် သတ္တိမကောင်းတဲ့ ပြည်သူတယောက်ဖြစ်နေပြီလား...

ငါ့လိုကြောက်နေကြတဲ့သူတွေ ဘယ်လောက်များ ရှိနေပြီလဲ...

Older Posts Home