When someone tell you to work hard, do you?
If someone lecture you, are you gonna remember?
But what if that someone is the one you love, you admire, you trust, you adore...
that's what my personal motivator is to me.
When he is working his best, his "work hard" encouragements seems real
When he never gives up, his "don't feel down" lectures seems plausible
When he never lied, I believe his "lying is bad" belief
When he treasure us, we treasure him more than anything else on earth
I wish I will be the one who can write his biography someday. I wish I can get to know him well enough for that. His biography might not be noble or stunning. At least it will guide the path of many youth to determination, perseverance, vigilant, humbleness and above all kindness and love.
အကန့်လေးတွေ လူပုဂ္ဂိုလ်များ
He is my latest craze...
Atashi no saigo no koi...
Tomohisa Desu!!!
Kakkoi da ne?
အကန့်လေးတွေ လတ်တလော, လူပုဂ္ဂိုလ်များ
တကယ်ပဲ သတင်းမကြားရတာက ပိုပြီးကောင်းလေမလား...
သတင်းတစ်ခုကြားတယ် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု စစ်ဆေးခံနေရစဉ် သေဆုံးသွားတယ်တဲ့။
မဟုတ်ဘူးဆိုတဲ့ သတင်းလည်းထွက်လာတယ်။ ဘယ်ဟာမှ အတည်မပြုနိုင်သေး...
ဘလော့ဂါတစ်ယောက်ဖြစ်တဲ့ မိုးကုတ်မီဒီယာက ကိုသားဖြူကို စစ်ဆေးဖို့ဆိုပြီးခေါ်သွားတယ်တဲ့။
စိုးရိမ်မိပေမယ့် ဖုန်းအဆက်အသွယ်မရသေးလို့ မသေချာသေး...
ဒီနေ့ဟာ World Trade Center ကိုလေယာဉ်ပျံနဲ့ ရက်ရက်စက်စက်ဝင်တိုက်ခဲ့လို့ လူပေါင်းများစွာ သေခဲ့တာရဲ့ နှစ်ပတ်လည်နေ့။
ခုထိတော့ အမှတ်တရအကြမ်းဖက်မှုသတင်း မကြားရသေး...
တကယ်ပဲ သတင်းမကြားရတာက ပိုပြီးကောင်းလေမလား...
(သူငယ်ချင်း သားဖြူအတွက် စိတ်ပူစွာနဲ့ရေးမိပါသည်။)
အကန့်လေးတွေ လူပုဂ္ဂိုလ်များ
အခုတလော night-shiftကအပြန် စကားတွေတောင်ရောက်မြောက်ရောက် ပြောပြောမိနေလို့ ဘလော့မှာစာမတင်ဘဲနေတာကြာပါပြီ။ ဒီနေ့မနက်တော့ ဒီဗွီဘီမှာ သတင်းဖတ်မယ်ဆိုပြီး ဖွင့်လိုက်တယ်။ ကိုမင်းကိုနိုင်နဲ့ ၈၈ကျောင်းသားခေါင်းဆောင် တော်တော်များများကို ညတွင်းချင်းဝင်ဖမ်းသွားတယ်တဲ့။ မျက်စိထဲကိုစူးခနဲဝင်လာတယ်။ ဘယ်လိုဖြစ်ပြန်ပြီလဲသိချင်စိတ်နဲ့ ဖတ်လိုက်တော့ ကိုအံ့ဘွယ်ကျော်ရဲ့အမေကို ဒီဗွီဘီကဖုန်းနဲ့လှမ်းမေးထားတာလေး တွေ့ရတယ်။ သတင်းနားမထောင်ရ၊ မဖတ်ရတဲ့သူတွေအတွက် နည်းနည်းတင်ပေးချင်ပါတယ်။
ဒီဗွီဘီ ။ ။ ဘယ်သူတွေက လာခေါ်သလဲ ခင်ဗျာ။
ဘယ်သူတွေလဲဆိုတော့ ဒုရဲမှူး အောင်မြင့်လို့ စာရေးထားတာ တွေ့တယ်။ ပါးစပ်နဲ့ပဲ လူကြီးတွေက ခေါ်ခိုင်းလို့ဆိုပြီး လာခေါ်တာတဲ့။ စာရွက်စာတမ်းလဲ မပါဘူး။
...
ဒီဗွီဘီ ။ ။ သူတို့ဘာကြောင့်မို့လို့ လာခေါ်တယ်လို့ ပြောလဲခင်ဗျာ။
အဲဒါတော့ မပြောဘူး ဘာကြောင့်ရယ်လို့။ မင်းတို့ခေါ်တာ ဘာကြောင့်ခေါ်တာလဲတဲ့။ ဘာအကြောင်းပြမလဲ။ (ရှာဖွေနေတဲ့ ရဲများကို လှမ်းစကားပြော)... (ရှာဖွေနေတဲ့ သူများက စကားတိုးတိုးနဲ့ ပြန်ပြောသံများ ကြားနေရ၊ ဘာမှန်းတော့ မသဲကွဲပေ)... ဘာအကြောင်းမှ ပြောလို့ မဖြစ်ဘူးလို့ ပြောတာပဲ။ အဲဒီ ဒုရဲမှူးအောင်မြင့်ဆိုတာ ရှိတယ်။
ဒီဗွီဘီ ။ ။ အမေကို အခုပြောနေတဲ့သူက ဘယ်ကလဲ၊ ရဲလား၊ ထောက်လှမ်းရေးလား။
ရဲလို့ ပြောတာပဲသူက၊ ဒုရဲမှူးအောင်မြင့်တဲ့။
ဒီဗွီဘီ ။ ။ သူနဲ့ ကျနော် စကားပြောလို့ ရမလားလို့။
ဟာ- ရပါတယ်၊ ပြောမလား။
ဒီဗွီဘီ ။ ။ ဟုတ်ကဲ့၊ ပြောချင်ပါတယ်။
ဒုရဲမှူးအောင်မြင့်ဆိုတာ ဘယ်မလဲ၊ လာပါအုန်း။ နော်ဝေနဲ့ ပြောမယ် မီဒီယာက။ ဘယ်နှဲ့မပြောလို့ ရမလဲ။ ... (ရှာဖွေနေတဲ့ ရဲများကို လှမ်းစကားပြော)
...
ဒီဗွီဘီ ။ ။ မေးရမှာပေါ့။ လူတယောက်လုံး လာဖမ်းသွားတာ၊ ဘာကြောင့်ဖမ်းတယ်ဆိုတာ ကျနော်တို့ သတင်းဌာနတွေက သိချင်တာပေါ့။
မလာဘူး မလာဘူး ထွက်ပြေးပြီ။ ဟို အိမ်ရှေ့မှာ။
ဒီဗွီဘီ ။ ။ တချက် လှမ်းခေါ်ပေးပါ၊ လာပါလို့ ကျနော်တို့က မေးချင်လို့ပါလို့၊ လူတယောက်လုံးတော့ ဖမ်းရဲပြီးတော့၊ ဘာဖြစ်လို့ ခဏလေးမေးတာ ဖုန်းနဲ့တော့ အဝေးကြီး လှမ်းကြောက်နေလဲလို့။
ဟုတ်ကဲ့... ခဏလောက် လာပါအုန်းတဲ့။ လူတယောက်လုံးတော့ ဖမ်းပြီးတော့၊ မေးချင်တာလေးကြတော့ မဖြေနိုင်အောင် ဘာကြောက်တာလဲတဲ့။ ... လာလေ၊ တယောက်လာလေ၊ ... မပြောရဲဘူးလား၊ မရိုးသားလို့ပေါ့ဒါ၊ မမှန်ကန်လို့ပေါ့ (ရှာဖွေနေတဲ့ရဲများကို လှမ်းစကားပြော)
...
ဒီဗွီဘီ ။ ။ အခုဟာက အိမ်မှာ အမေတယောက်ပဲ ကျန်တာပေါ့နော်။
ဟုတ်ကဲ့ ကျမ တယောက်ထဲပါ။
ဒီဗွီဘီ ။ ။ အမေအိမ်ကို ၀င်ပြီး ရှာတဲ့ဖွေတဲ့အချိန်မှာ သူတို့က ရှာဖွေပုံစံတွေပါလား၊ ဖမ်းဝရမ်းတွေပါလား။
ဟာ မပါဘူး၊ မပါဘူး၊ ဘာမှ မပါဘူး။
...
ဒီဗွီဘီ ။ ။ အခုအနားမှာလေ သူတို့ရှိနေလား။ သူတို့ကို ပြန်ပြီးတော့ လှမ်းတောင်ကြည့်လို့ ရမလား၊ ကျနော်တို့ မေးနေပါတယ်။ အဲဒါမျိုးတွေ ခင်ဗျားတို့ ပါလား။
မရဘူး ခဏ။... အဲဒီ ရှာဖွေပုံစံတွေ ဘာတွေ ပါသလားတဲ့။ အဲဒါမေးချင်လို့ပါတဲ့ ခဏ လာပြီးတော့ ဖြေပါတဲ့... သူနဲ့ ပြောလိုက်တော့ ရှင်းတာပေါ့။ ရှင်တို့က (ရှာဖွေနေတဲ့ ရဲများကို လှမ်းစကားပြော)...
...
ဖုန်းကျသွားပုံရပါတယ်။ လိုင်းဖြတ်လိုက်သလား၊ ကျသွားတာလားတော့ သူတို့မှပဲသိနိုင်မှာပဲလေ။
အဲဒီဖုန်းနဲ့ပြောနေတာလေးကို နားထောင်နေရင်း ဖုန်းလက်ခံဖြေနေတဲ့ ကိုအံ့ဘွယ်ကျော်ရဲ့ မိခင်ဆိုတဲ့ အန်တီ့ကို လေးစားလာပါတယ်။ လေသံနားထောင်ရတာ ရိုးသားအေးဆေးပုံပေါက်ပေမယ့် သားတယောက်လုံးအဖမ်းခံရတာကို တစ်ချက်မရှိုက်၊ အားမလျော့ပဲ ရှာဖွေနေတဲ့သူတွေကိုတောင် ပြန်ပြီးမေးခွန်းတွေထုတ်နေပါသေးတယ်။ ပြီးတော့ တစ်အိမ်လုံးလည်း သူတစ်ယောက်ထဲတဲ့။ သားကောင်းတို့ မိခင်ဆိုတာ ဒီလိုမျိုးပဲ ဖြစ်နေမယ်ထင်ပါရဲ့။ သားတစ်ယောက်လုံးကို စွန့်ပြီး ပါရမီဖြည့်ပေးနေတဲ့မိခင်စိတ်ဓာတ် ဒီလောက်တော့ မာမယ် ခိုင်မယ် ပြင်းပေလိမ့်မယ်ပေါ့။ စိတ်ထဲမှာလည်း ဆုတောင်းနေမိပါတယ် တစ်ယောက်တည်းရှိနေတဲ့ အန်တီ ဘေးမသီရန်မခပါစေနဲ့လို့။
နောက်တစ်ခုသတိထားမိတာက ခေတ်ရဲ့အပြောင်းအလဲကြောင့် ဆက်သွယ်ရေးဆိုတာ အဆမတန်မြန်ဆန်လာပါပြီ။ တနေရာက ဖြစ်တဲ့ကိစ္စနောက်တနေရာ ချက်ခြင်းသိနိုင်ပါတယ်။ ဖုန်းလေးတစ်ချက်ကောက်ဆက်လိုက်ရင် ဘာတွေဖြစ်နေသလဲ၊ ဘယ်သူတွေဘာလုပ်သလဲ သိနိုင်နေတာပါ။ ၈၈တုန်းကလို လုပ်ချင်ရာလုပ်၊ ထင်ရာစိုင်းခွင့် သူတို့မှာမရှိတော့ပါဘူး။
ဒီနေ့မှာ လမ်းလျှောက်ကြမယ့်သူများအတွက် ဘလော့ဂါတွေလုပ်ထားတဲ့ လိုဂိုလေးနဲ့ ဂုဏ်ပြုပါတယ်။ မြေအုတ်တို့ပြိုသော် ကျောက်အုတ်တို့ဖြင့်အစားထိုး လတ္တံ့ ဆိုတဲ့အတိုင်း ခေါင်းဆောင်တွေကို ဖမ်းထားပေမယ့် ကျန်တဲ့သူတွေက လက်ဆင့်ကမ်းတာဝန်ယူကြမယ်ဆိုတာ သူတို့သဘောပေါက်နိုင်ပါစေ။
အကန့်လေးတွေ လူပုဂ္ဂိုလ်များ
အကန့်လေးတွေ လူပုဂ္ဂိုလ်များ, အမှတ်တရ
ချိုကို ဖြစ်ချင်တဲ့ အားကျတဲ့ စရိုက်တွေရှိတဲ့သူ
0 ချက်ခုန်သွားတဲ့ ရင်ခုန်သံ မူပိုင် Chocolaier at 9:20 AMတဖြည်းဖြည်း အသက်လေးနည်းနည်းကြီးလာတော့ အမေကိုပိုခင်တွယ်လာတတ်ပြီ။ သမီးမိန်းခလေးတွေ အမေနဲ့ပိုနီးစပ်တာ ဘာကြောင့်ဆိုတာ သဘောပေါက်လာတတ်ပြီ။ အခုလို အိမ်နဲ့ဝေးနေတဲ့အချိန်မှာ မနက်နိုးရင် မေမေ့ရင်ခွင်ထဲ ပြန်မှေးနေရတဲ့အရသာကို မက်မောတတ်ခဲ့ပြီ။ မြန်မာပြည်ခဏပြန်တုန်းက အသက် ၂၀အရွယ်သမီးကို အိပ်ရာနိုးနိုးခြင်း ပေါင်ပေါ်ထိုင်ခိုင်းပြီး ကျေနပ်နေတဲ့မေမေ့ကို လွမ်းတတ်နေပြီ။ ဒီနေ့ဆိုရင် မေမေ့အသက် ၅၃နှစ်ပြည့်ပြီလေ။
ဘယ်လောက်ပဲကြိုးစားပေမယ့် မေမေကတော့အမြဲသာနေမှာပါ၊ ဘာလို့လဲဆိုတော့ သူက ကိုယ့်ကိုမွေးခဲ့တဲ့ အမေကိုး။
မေမေရေ နောင်နှစ်မွေးနေ့မှာတော့ တူတူရှိနိုင်မယ်လို့မျှော်လင့်မိပါတယ်။ မေမေအမြဲစိတ်ချမ်းသာပါစေ။ ဒီနှစ်မွေးနေ့မှာလည်း ပျော်ရွှင်နိုင်ပါစေ။
(အမှန်ကတော့ မွေးနေ့မတိုင်ခင်ချိုကို့ဆီကိုလာဖို့ပါ။ မောင်လေးကိစ္စရယ်၊ နောက်တစ်လကျော်မှာရောက်မယ့် ချိုကို့မွေးနေ့ရယ်ကို ငဲ့ပြီး အခုမလာဖြစ်ပဲ နောက်ကျမှလာဖို့ ပြောင်းလိုက်တာပါ။ မွေးနေ့ကိုတောင် သမီးမွေးနေ့ကို အရင်စဉ်းစားပေးတဲ့အတွက် ကြည်နူးရပါတယ်မေမေ။)
အကန့်လေးတွေ လူပုဂ္ဂိုလ်များ
ပြန်မဆုံနိုင်တော့ပြီဆိုတဲ့ အသိဆိုးတွေ ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေသည်းနေတုန်း
လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့မမေ့ခဲ့ခုချိန်မျိုး ငိုချလိုက် တိမ်တွေလိုကြွေပြီ မျက်ရည်မိုး...
သူ့ကို တခါတုန်းက ဆိုတဲ့ ဒီသီချင်းလေးနဲ့ လူတော်တော်များများ စသတိထားမိကြပါတယ်။ "ရသမမြောက်တဲ့စာ ငါရှောင်တယ်။ ငါ့နာမည်ကိုက ရသ" သူ့ကိုသူ သီချင်းတပုဒ်ထဲမှာ အဲလိုပြောထားတယ်။
အတ္တတွေကဒုနဲ့ဒေး စစ်မှန်ခြင်းကိုအတုနဲ့ရေး၊
မစ္ဆရိယစိတ်တွေဘေးထွက်ပေး အဇ္ဈိတထဲမှာအလုပ်တွေအေး
အရှုပ်တွေအဝေးလွှင့်လိုက်လေ ပုထုဇဉ်တွေကျင့်ကြလေ... တဲ့။ တရားလည်းသူဟောတတ်ပါသေးတယ်။
မနေ့ကမှားတဲ့ အမှားတွေအတွက် ဒီနေ့တော့လက်လျှော့ပြီးတော့ တောင်းပန်မယ်...
အမှိုက်ပွသွားလား လောကကြီးရယ် ဆောရီးကွယ်... ဆိုပြီးလည်း တောင်းပန်တတ်ပါတယ်။
သူ့ရဲ့ခံယူချက်ကတော့
သီချင်းသည်မဟုတ်ဘူး အနုပညာရှင်၊ အနုပညာ အေ ကြီးနဲ့တော့ သေရမှာကြောက်သည်၊ မတန်တဲ့နေရာတခုကို မလိုချင်ပါဘူး၊ ဒီထက်တော့ သေရတာကောင်းသည်...
အတွေးအခေါ်နဲ့သီချင်းစာသားလေးတွေလည်း ရေးသေးတယ်။ ငယ်ငယ်အတွက် ရေးပေးတဲ့ ခွင့်လွှတ်လိုက်ပါ ဆိုတဲ့သီချင်းမှာဆို
လူတွေကစာမေးပွဲဝိုင်းစစ်မယ်၊ ခြေထောက်မှာ ဖိနပ်မရှိလည်း ခရီးကိုမရပ်မိပဲ၊
တိုက်ပွဲလိုဆက်ပြီးနွှဲ ဒါဆိုရင် အောင်မြင်တာခြင်းတူတူ မင်းနဲ့သူဘယ်သူကပိုပြီး မြတ်မလဲ၊
သူများကိုလိုက်ပြိုင် မနိုင်တော့မှငိုချင်းချ၊ ကိုယ့်ကိုကိုယ်ပြိုင်လို့ နိုင်ဖို့ကိုစဉ်းစား၊
ဘ၀င်မမြင့်ပဲ ဘ၀ကိုမြှင့် ဆိုလိုရင်းက ကိုယ်ကျင့်တရား မဟုတ်တဲ့မာနကို ဖြိုခွင်းကာ လူကိုလူလိုကိုယ်ချင်းစာ...
ဒီသီချင်းက ခပ်လည်လည်ကျယ်လို့ ခြယ်လှယ်သူတွေအတွက် ဆိုပြီးတော့
ဒါငါ့မျိုးရိုး (မင်းစားတဲ့ထမင်းတွေကိုဖန်ဆင်းတယ်)
ဒါငါ့မျိုးရိုး (ဗိုက်ဝတော့မင်းမေ့နေလား ကျေးဇူးရှင်ကို ဘာအချိုးချိုး)
ကွင်းထဲကစပါးပင်တွေနဲ့သာ တမိုးတမိုးကို ဓနရှင်တွေနဲ့ အမြဲခြားနေ လယ်သမားတွေဘ၀...
နားထောင်မိတော့ အံ့သြသွားပါတယ်။ လယ်သမားတွေအတွက် သီချင်းတပုဒ်ရေးဖို့ သူ့စိတ်ထဲမှာရှိတယ် ဆိုတာကိုပေါ့။ စိတ်ဓာတ်လေးကိုလည်း ချစ်မိသွားတယ်။
အမှန်တရားကို မင်းတို့ကကြောက်လို့မုန်း ဖြစ်သင့်တာကတော့ ခေါင်းကိုသုံး ခေါင်းကိုသုံး
(လူငယ်တွေကိုယုံကြည်လို့ တချိန်ကဒဏ္ဍာရီလိုပုံပြင်မျိုး
ဒါတွေဒီလိုအချိန်မှာအကုန်ပြန်လို့ သေသေချာချာစဉ်းစားစဉ်းစား
စဉ်းစားရမှာကြောက်လို့ ဝေဖန်ပြီးသုံးသပ်ရမှာကြောက်လို့
အမှန်တရားကိုအခု ရင်မဆိုင်ရဲလို့ အသားလွတ်ကြီးကြောက်လို့မဆုံး
ခေါင်းကိုသုံး ခေါင်းကိုသုံး)
ငါ့စကား ခဏနားစွင့်ကာနားဆင် တကယ့်အဖြေမှန်မကြားချင်ပဲ အတ္တနဲ့ ယုံကြည်ရာဆီဆက်တိုး
လှေနံဓားထစ် ဒီလိုမျိုး အခြေအနေဖန်လာရင် မင်း ကိုယ့်ဖာသာမှားမိရင်သာ ခြေကန်ကာငြင်း
ဆက်လုပ်မှာလားကွာ မဟုတ်မှန်းသိရက်နဲ့ (ရပ်)
ဒုက္ခများနဲ့ရှုပ် လမ်းခရီးလဲဆက်လှမ်းပြီး မင်းသက်တမ်းအတွက်လည်း ကျော်လာပြီ
မင်းရဲ့မျိုးဆက်ကို အတွေးအခေါ် အဆိပ်ဖြန်းပြီးမသတ်နဲ့
အခုပဲခေါင်းကိုသုံးရင်း ကမ်းမရှိလမ်းမရှိ အဓိပ္ပါယ်မဲ့တာတွေ ရပ်တန့်ပြီးဖြတ်ခဲ့
ဘာတုန်းဟ ဆုတောင်းနေတာ ငါလုံးဝအောင်မြင်ပြီး သူများတွေသာ အဟုတ်မကျန်ကျရှုံးပါစေတဲ့
ဒါလုပ်ကြတဲ့အလှူနောက်က ကောင်းမှုအတွက် စိတ်မှာကြိတ်ပြီးတော့ ဆုတောင်းသံ
အရာရာကိုမျှော်လင့်ချက်တွေနဲ့ပဲ သူတောင်းခံ....
ရသတို့ ဂျေမီတို့က မိန်းခလေးတွေကြိုက်တဲ့ Rapper ပုံစံတွေမဟုတ်ဘူးပေါ့။
ဟုတ်တယ်၊ ဟုတ်တယ်။ ဒါပေမယ့် ယောက်ျားလေးတွေကြိုက်ရင်လည်း မကောင်းဘူးပေါ့။ မိန်းခလေးကြိုက်မှ ကောင်းမှာပေါ့။ မိန်းခလေးကြိုက်အောင်နေရင်လည်း သူတို့ကကြိုက်မှာ မဟုတ်ဘူးလေ။ အဲဒါကြောင့်မထူးတော့ပါဘူး။
ကိုယ့်ကို ကြိုက်တဲ့သူတယောက်ရှိရင်တော်ပြီပေါ့။
အင်း အဲဒီလိုပေါ့။ ကျွန်တော့်ကို ကြိုက်စရာမလိုပါဘူး။ ကျွန်တော့်အနုပညာကို ကြိုက်ရင်၊ လက်ခံရင် ရပါပြီ။
ရသက ငယ်ငယ်လေးကတည်းကအနုပညာ ပိုးရှိတယ်နော်။ ဆို က ရေး တီးမှာ ဆုရဘူးတယ်။ ကျောင်းမှာလဲ ဘက်စုံထူးချွန်တယ်နော်။ အဆိုတော်သာမဖြစ်ရင် ဘာလုပ်မလဲ။
အဆိုတော်မဖြစ်ရင် ဘာဖြစ်မလဲဆိုတော့ ကျွန်တော့က အရမ်းစဉ်းစားပြီး ပြောချင်တဲ့ဟာတွေ အရမ်းများတော့ စာရေးဆရာဖြစ်မှာသေချာတယ်။
ဒီလောကထဲမှာ နာမည်တစ်လုံးရဖို့ ကြိုးစားခဲ့ရတယ်။ အခုရော ပြန်စဉ်းစားရင် ဘယ်လိုအတွေးပေါက်မိလဲ။
အဲဒါတွေကို စဉ်းစားမိရင် အော် ငါဘာကောင်မှ မဟုတ်ဘူးလို့ ပြန်သတိရမိပါတယ်။ Mega စားသောက်ဆိုင်မှာ ပိုက်ဆံပေးပြီးတက်ဆိုတာမျိုးတွေ ငယ်ငယ်တုန်းက အရမ်းရီရတယ်။ အဲလိုမျိုးအရူးထခဲ့တယ်။
တော်တန်ရုံဇွဲနဲ့သာဆိုရင် ဒီလို ရသဖြစ်လာမှာမဟုတ်ဘူးနော်။
အဲဒီလို ပြောလို့မရဘူး။ တစ်ချို့ဟာလောကမှာ ဘယ်လောက်ပဲကြိုးစားကြိုးစား ဘာမှ မဖြစ်တာတွေရှိတယ်လေ။ တိုက်ဆိုင်သွားမှပေါ့နော်။ ဒီဘက်က ပရိတ်သတ်နဲ့ လုပ်နေတဲ့ artistနဲ့ သွား တိုက်သွားရင်တော့ တစ်ခုခုဖြစ်မယ်တင်ပါတယ်။
သူဘာကောင်မှမဟုတ်ဘူးတဲ့... သေချာပါတယ်။ သူဟာ အနုပညာရှင်တစ်ယောက်လေ။ သီချင်းတွေကိုချစ်တဲ့ ချိုကို့အတွက်တော့ သူ့ရဲ့ ကာရန်လှလှ၊ လေးလေးနက်နက် စာသားလေးတွေထဲက တွေးစရာလေးတွေ ထပ်ရှာတွေ့နေဦးမှာပါ။
အကန့်လေးတွေ လူပုဂ္ဂိုလ်များ, သီချင်း
မရောက်ဖူးတဲ့ ငပလီဆိုတာလည်း သွားကြည့်ချင်သေးရဲ့။
မြစ်ဆုံဆိုတာကလည်း လှတယ်ဆိုပဲ။
နှင်းတွေကိုလည်း ကိုင်ဖူးချင်သေးတယ်။
ရွှေတိဂုံဘုရားလည်း ဖူးလိုက်ချင်သေး။
စစဉ်းစားမိတုန်းက နောက်ဆံမတင်းတာ အခုတော့ တဖြည်းဖြည်းနဲ့ များလာပါပေါ့လား။ လူဆိုတာကလည်း ခက်သားလား။ လိုချင်တပ်မက်စိတ်က မလျော့ပဲ ပိုပို တိုးပွားလာတတ်တာကိုး။ အခုပဲကြည့် မိနစ်ပိုင်းလေးအတွင်း သေဖို့အဆင်အသင့်တော့ပြန်ဘူး။
အကန့်လေးတွေ လူပုဂ္ဂိုလ်များ
မိုးနဲ့ပတ်သက်တဲ့ အကြောင်းတဲ့။ မမဆိုးဝှက်က ရေးခိုင်းပါတယ်။ နဂိုကမှ ရေးစရာမရှိလို့ ရှာနေတာဆိုတော့ ရေးလိုက်ပါပြီ။
ရွာတဲ့မိုးက မိုးတွင်းမိုးလို့တော့ ပြောလို့မရတော့တဲ့ အချိန်ပေါ့။ သီတင်းကျွတ်တော့မယ် ဆိုတော့ မိုးတော်တော်ပါးနေပါပြီ။ ဒါပေမယ့်ပေါ့လေ။ ညတစ်ည တိတိကျကျဆိုရင်တော့ သီတင်းကျွတ်လဆန်း x ရက်နေ့ညပေါ့။ ည၃နာရီလောက်မှာ မိုးကသည်းကြီးမည်းကြီး ရွာပါတော့တယ်။ နေ့စေ့လစေ့ကိုယ်ဝန်ဆောင် တစ်ယောက်ဟာ အဲဒီအချိန်မှာ ဗိုက်နာလာပါတယ်။ တစ်အိမ်လုံးပြာယာခတ်ကုန်ပါတယ်။ ဇနီးမောင်နှံအတွက် သားဦးဖြစ်သလို အဖိုးအဖွားအတွက်လည်း မြေးဦးပါ။ ဆေးရုံသွားဖို့အတွက် ကိုယ်ပိုင်ကားရှိတဲ့ ခေါင်းရင်းအိမ်ကို နှိုးကြပါတယ်။ မိုးကလည်း အငြိုးနဲ့ရွာ သလားမှတ်ရအောင် သည်းလွန်းလှတယ်။ မိုးသံလေသံကြားမှာ ဘယ်လိုအော်အော် ကားပိုင်ရှင်လင်မယားက မနိုးပါဘူး။ အိမ်ခေါင်မိုးကို ခဲနဲ့တောင်ပေါက်နှိုးကြတယ်။ ကလေးရဲ့ကုသိုလ်ကံပဲလား မိုးကြောင့်ပဲလား မပြောတတ်ပေမယ့် ကားရှင်လင်မယားကတော့ လုံးဝမနိုးပါဘူး။ နှိုးမရတဲ့အဆုံးမှာ အိမ်သားတစ်ယောက်ဟာ လမ်းမကြီးပေါ်ထွက် ကားငှားရပါတော့တယ်။ အချိန်ကတော့ ည၃နာရီခွဲ သာသာလေးဖြစ်နေပါပြီ။ လမ်းပေါ်မှာကားဆိုလို့ တစ်စီးမှမရှိအောင် ပြောင်ရှင်းနေပါတယ်။ နေတဲ့ရပ်ကွက်ကလည်း ဆိတ်ငြိမ်ရပ်ကွက်ဖြစ်လေတော့ မိုးသည်းသည်းထဲ တစ်အိမ်သားလုံးစိတ်ပူပန်စွာ ကားငှားထွက်တဲ့သူပြန်အလာကို စောင့်နေကြရုံပဲ တတ်နိုင်တာပေါ့။
နာရီဝက်လောက် အကြာမှာ လေးဘီးကားတစ်စီးနဲ့ ပြန်ရောက်လာပါတယ်။ မိုးရွာကြီးထဲ လေးဘီးနဲ့ကိုယ်ဝန်ဆောင်ကို သယ်ရမှာ မဖြစ်သင့်ပေမယ့် ကြာလေစိုးရိမ်ရလေဖြစ်တာကြောင့် ကားနောက်ခန်းမှာ မိုးကာတွေနဲ့ တင်ခဲ့ရပါတယ်။ ကလေးကိုကပဲ ကံဆိုးတယ်ထင်ပါရဲ့။ လမ်းထိပ်အရောက် ကားကချိုင့်ထဲအကျမှာ ကားထဲကိုရေ၀င်ပြီး ကားကထိုးရပ်သွားပါတယ်။ ဒါပေမယ့် ဘယ်ကရောက်လာမှန်းမသိတဲ့ ကားတစ်စင်းဟာ နောက်မှာလာရပ်ပါတယ်။ ဒီလိုနဲ့ အဲဒီကိုယ်ဝန်ဆောင်မိခင်ဟာ ဆေးရုံကို ရောက်သွားခဲ့ပါတယ်။ ဆေးရုံကိုရောက်တဲ့ အချိန်မှာပဲ မိုးဟာ သည်းကြီးမည်းကြီးရွာခဲ့တာ သူမဟုတ်သလို တိတ်သွားပါတယ်။ ကလေးလေးကိုတော့ ဆေးရုံရောက်ပြီး ညနေမှ မွေးခဲ့တာပါ။ တစ်နေကုန် အမေကို ဒုက္ခပေးပြီး ဗိုက်နာအောင်လုပ်နေခဲ့ပြီး ညနေစောင်းမှ ခက်ခက်ခဲခဲမွေးခဲ့ရပါတယ်။ ကျန်တဲ့အိမ်သားတွေလည်း ထမင်းတနေ့စာ လွတ်ပါတယ်။ အဲဒီကလေးကတော့ ဟဲဟဲ ချိုကိုပါတဲ့ရှင်။
ဒါကတော့ ချိုကို့ကို ကြိုတဲ့မိုးလို့ပြောလို့ရမယ် ထင်ပါရဲ့။ နောက်မိုးနဲ့ ပတ်သတ်ပြီး မှတ်မိတာတစ်ခုက...
ဒီနိုင်ငံကိုထွက်လာဖို့ ကျောင်းတက်ခွင့်ကြိုးစားနေချိန်မှာ၊ ပန်းဆိုးတန်းအောက်ဘလောက်ကနေ အောင်ဆန်းကွင်းကို သင်တန်းတက်ဖို့နေ့တိုင်း လမ်းလျှောက်သွားပါတယ်။ မိုးတွေရွာနေတဲ့ တစ်နေ့မှာပေါ့၊ အဖွားကြီးတစ်ယောက် သမီးရယ် မိုးခိုပါရစေဆိုပြီး ထီးအောက်ကိုဝင်လာပါတယ်။ အိမ်ကအဖွားအရွယ်မြင်ရင် သနားနေကျအကျင့်အတိုင်း အဖွားဘက်ကို ထီးပိုဆောင်းပေးလိုက်ပါတယ်။ ဘယ်အထိအသွားမလဲလို့ မေးတော့ တစ်ဘလောက် ပါပဲတဲ့။ ကားဂိတ်အထိလိုက်ပို့ဖို့ စိတ်ကူးလိုက်ပါတယ်။ ထီးတူတူဆောင်းလာလို့ ခြေလှမ်း ၄၊၅ လှမ်းလောက်ရောက်တော့ အဖွားကြီးက စကားစပြောပါတယ်။ သူနေမကောင်းလို့ အားဆေးထိုးချင်ပါတယ်တဲ့၊ ပိုက်ဆံတတ်နိုင်သလောက် လှူခဲ့ပါတဲ့။ ကားဂိတ်အထိလိုက်ပို့ပေးမယ့် စိတ်ဘယ်လွင့်သွားမှန်းမသိပါဘူး။ ဖြစ်နိုင်ရင်လေ ဆေးခန်းတစ်ခုခေါ်သွားပြီး မျက်စိရှေ့မှာ ချက်ချင်းထိုးခိုင်းလိုက်ချင်တယ်။ အိပ်ထဲမှာကလည်း ပိုက်ဆံကမပါ၊ အဖွားကြီးကို မိုးရွာထဲမောင်းထုတ်ရအောင်လည်း အသဲကမမာ၊ တော်တော်ကို စိတ်ဓာတ်ကျသွားပါတယ်။ စေတနာထားရတာကိုတောင် စိတ်ပျက်လာမိတယ်။ ဒါနဲ့ပဲ ပိုက်ဆံ ၅၀ပေးလိုက်တော့ သာဓုပါဆိုပြီး အနီးနားက အမိုးတစ်ခုအောက် ၀င်သွားပါတယ်။ ဘာမှမပြောချင်ပေမယ့် ရင်ထဲမှာ တော်တော်မကျေမနပ်ဖြစ်ပါတယ်။ ဘာကိုမှန်းမသိသလို ဘယ်သူ့ကိုမှန်းလဲမသိပါဘူး။ ကိုယ်လိုလူ ဘယ်နှစ်ယောက်ဖြစ်ဖူးပြီး ဘယ်လိုခံစားရလဲ သိချင်ပေမယ့် မပြောဖြစ်ခဲ့ပါဘူး။ အခု မိုးအကြောင်း စဉ်းစားမိလို့ ပြန်သတိရသွားမိတာပါ။ အခုအချိန်ဆို ဒီလိုအဖြစ်မျိုးတွေ ပိုဆိုးနေပြီလားတောင် မပြောတတ်ဘူး။
ဒါတွေကတော့ အခုလောလောဆယ် စဉ်းစားမိသလောက်ပါ။ နောက်မှသတိရရင် နောက်ပို့စ်တစ်ခုတင်တာပေါ့။ =)
အကန့်လေးတွေ လူပုဂ္ဂိုလ်များ
လာမယ့် ၁၇ ရက် တနင်္ဂနွေနေ့ဟာ အဖေများနေ့တဲ့။
ဖတ်ခဲ့ဖူးတဲ့စာတစ်ပုဒ်ထဲမှာ ကလေးတွေဟာ ငယ်စဉ်မှာ ယောက်ျားလေးတွေက မိခင်ကိုခင်တွယ်ပြီး မိန်းခလေးတွေက ဖခင်ကိုပိုခင်တွယ်ကြတယ်တဲ့။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ သဘောအရဖြစ်ပြီး အသက်ကြီးလာတဲ့အချိန်မှာ သိပ်မသိသာ တော့ဘူးလို့ ဆိုပါတယ်။ အကယ်၍ပုံမှန်မဖြစ်သေးဘူး ဆိုရင်တော့ နည်းနည်းလွဲနေပြီလို့ ဆိုပါတယ်။
အိမ်မှာဆိုရင် မောင်လေးနဲ့ မေမေနဲ့က အမြဲတမ်း တကျက်ကျက်ပါ။ ဘယ်တော့မှ မတည့်ပါဘူး။ ဒါပေမယ့် သူ့သားမှသူ့သားပါ။ တခါတလေ မနာလိုတောင်ဖြစ်ရပါတယ်။ အဲဒီလိုပါပဲ ဖေဖေကလည်း သမီးတွေမှ သမီးတွေပါ။ သူနဲ့တော်တော်များများမှာတူတဲ့ ချိုကို့ကို အသည်းဆုံးလို့ ထင်ပါတယ်။ ဒီနေ့တော့ အဖေများနေ့အကြို ဖေဖေ့အကြောင်း နည်းနည်းလေးရေးရင် ကောင်းမလားစဉ်းစားမိလို့ပါ။
ဖေဖေဟာ မောင်နှမတွေထဲ အကြီးဆုံး၊ အလိုလိုက်ခံရဆုံး၊ အဆိုးဆုံးပါ။ အိမ်ကိုလည်း သိပ်ခင်တွယ်တတ်တဲ့သူ မဟုတ်ဘူးတဲ့။ ဒါပေမယ့် မေမေနဲ့ ယူပြီးလို့ ချိုကို့ကိုမွေးတဲ့အချိန်မှာ ဖေဖေလောက် အိမ်ကိုခင်တဲ့လူ မရှိတော့ဘူးထင်ရအောင်ပါပဲ။ မေမေနဲ့ ဖေဖေဟာ အစိုးရ၀န်ထမ်းတွေဆိုတော့ အတူမနေနိုင်ပါဘူး။ မေမေက တာဝန်ကျတဲ့နေရာမှာ ကလေးတွေကို အဖိုးအဖွားတွေ အကူအညီနဲ့ ခေါ်ထားပြီး ဖေဖေကတော့ တစ်ယောက်တည်းဖြစ်သလိုနေရပါတယ်။ ဖေဖေဟာအလုပ်အားလို့ ခွင့်ရတာနဲ့ အိမ်ပြန်လာပြီး သားသမီးတွေနဲ့ လုံးထွေးနေတော့တာပါ။ သားသမီးတွေအကုန်လုံးကို ကိုယ်တိုင်ရေးချိုးပေးပါတယ်။ ထမင်းစားပြီးရင် ကွပ်ပြစ်ပေါ်မှာ တန်းစီအိပ်ကြပြီး ပုံပြောပါတော့တယ်။ ဖေဖေပြောလေ့ရှိတဲ့ ပုံပြင်တွေက သရဲအကြောင်းပါ။ ဒါပေမယ့် သရဲဆိုတာ တစ်ကယ်မရှိဘူး ဆိုတာကို ပုံလေးတွေနဲ့ပြောတာပါ။ ပုံထဲက ဇာတ်လိုက်ကတော့ မောင်လေးပေါ့။
တခါတလေ နောက် ချင်တဲ့အခါဆိုရင်တော့ ပုံအရှည်ကြီး ပြောရမလား၊ တိုတိုလေး ပြောရမလားလို့ မေးတတ်ပါတယ်။ အရှည်ကြီးပြောဆိုရင်တော့ ဟိုးရှေးရှေးတုန်းက ကိုရှည်လမျောကြီး ဆိုတာရှိသတဲ့။ သူ့ကို ဘယ်လောက်ရှည်လဲမေးရင် သူက ဆန့်ထုတ်လိုက်တာ ရှည်ရှည်လာသတဲ့။ ဒါအကုန်ပဲလားဆိုရင် ဆန့်ထုတ်လိုက်၊ ဒါအကုန်ပဲလားဆို ဆန့်ထုတ်လိုက်… ဖေဖေပုံပြင်က ဒါပါပဲ။ ဆန့်နေတာ မပြီးတော့ပါဘူး။ ချိုကိုတို့လည်း ဘယ်ရမလဲ ဒါဆိုတိုတဲ့ပုံပြောဆိုတော့ အဲဒီကိုရှည်လမျောကြီးက ဆန့်နေတာကနေ ပြန်ကျူံ့လိုက်တာ တိုတို တိုတိုလာရော ဆိုပြီး ဆက်ပြန်ပါတယ်။ ဒါကတော့ ဖေဖေ့ပုံပြင်တွေပါ။
ဖေဖေဟာ ချိုကိုတို့ကို ငယ်ငယ်ကတည်းက ကျူရှင်တို့ဘာတို့လည်း မယူခိုင်းပါဘူး။ သူငယ်ချင်းတွေ ကျူရှင်ယူကြမယ်၊ အတူတူယူမလားလို့မေးရင် ဖေဖေက သမီးကြီးက ကျူရှင်ယူစရာလိုလား၊ လိုရင်ယူ၊ အမှတ်ကောင်းဖို့လား၊ စာမလိုက်နိုင်လို့လား၊ စာလိုက်နိုင်တယ်၊ သင်တာတွေနားလည်တယ်ဆို ဘာလို့ယူနေမလဲ၊ ကျူရှင်ယူမှ အမှတ်ကောင်းမယ် ဆိုရင်တော့ ယူမနေနဲ့ ကိုယ့်အခြေအနေကိုယ်သိရင် ပြီးရော သူများအထင်ကြီးစရာမလိုဘူးတဲ့။ အဲဒီကတည်းက ကျူရှင်ဆိုတာ မယူခဲ့တာ ဆယ်တန်းမှပဲ ၀ိုင်းကျူရှင်တက်ခဲ့တာပါ။ အဲလောက်ပြောခဲ့တဲ့ ဖေဖေလည်း အခုတော့ မပြောနိုင်ရှာတော့ပါဘူး။ မောင်လေးကျောင်းက ဆရာမက ကျူရှင်တက်ရမယ်လို့ Vito နဲ့ ပြောလာတော့ စာမေးပွဲအောင်ဖို့တောင် ကျူရှင်တက်နေရတယ် သမီးကြီးရဲ့လို့ ပြောလာပါတယ်။
ဖေဖေဟာ သူငယ်ချင်းတွေရဲ့ အဖေတွေနဲ့ ယှဉ်ရင် တော်တော်ခေတ်မှီပါတယ်။ ကွန်ပျူတာပေါ်ကာစမှာ သားသမီးတွေကို အခြေခံတော့ သိအောင်ဆိုပြီး သင်တန်းအပ်ပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်ုးက သင်တန်းတွေဘာတွေ ခေတ်မစား သေးပါဘူး။ ချိုကို့ပတ်ဝန်းကျင်မှာ အစောဆုံးကွန်ပျူတာနဲ့ ထိတွေ့ဖူးတာ ချိုကိုပါလို့ ပြောလို့ရပါတယ်။ အဲဒီအချိန်က အင်တာနက်ဆိုတာ ဘာမှန်းတောင်မသိကြသေးတာပါ။ ကွန်ပျူတာနဲ့ စာရိုက်တယ်၊ စာရင်းဇယားတွေသိမ်းတယ်၊ ပုံဆွဲတယ်၊ ဒီဇိုင်းဆွဲတယ်။ ဒီလောက်ပါပဲ။
ခေတ်မှီတဲ့ဖေဖေဟာ ချိုကို့ကို ဆယ်တန်း ပြီးပြီးခြင်းမှာပဲ စင်္ကာပူပိုလီတက်ဖို့ လုပ်ခိုင်းပါတယ်။ အဲဒီအချိန်က ဘေးပတ်ဝန်းကျင်က တော်တော်ပြောကြပါတယ်။ ကလေးကငယ်သေးတယ်။ သူများနိုင်ငံကို တစ်ယောက်တည်း လွှတ်ရင် ဘာဖြစ်မယ်ညာဖြစ်မယ်ပေါ့။ ဖေဖေက ချိုကို့ကိုမေးပါတယ်။ သမီးကြီးသွားချင်လားတဲ့။ ဖေဖေတို့ ကျောင်းပြီးကာစက အင်ဂျင်နီယာဆိုတာ ရှားသေးတယ်တဲ့။ အဲဒီတော့ အလုပ်ထဲဝင်လိုက်ရင် လူတွေကအထင်ကြီးကြတယ်။ အလုပ်ကကားလေးနဲ့ ဟိုသွားလိုက်ဒီသွားလိုက်၊ အဲဒီအချိန်မှာ တစ်ချို့သူငယ်ချင်းတွေကို လွယ်အိပ်လေးလွယ်ပြီး passport ရုံးကိုဝင်လိုက်ထွက်လိုက်နဲ့ လမ်းမှာတွေ့ရင်တောင် ဖေဖေကကားနဲ့ လိုက်ပို့သေးတယ်တဲ့။ အခုတော့ သူတို့ဘာဖြစ်နေလဲ။ ဖေဖေတို့ဘာဖြစ်နေလဲတဲ့။ ချမ်းသာတယ်၊ မချမ်းသာတယ်ဆိုတာ ကံတရား။ လူတန်းစေ့နေနိုင်ဖို့ အရေးကြီးတယ်တဲ့။ သူတို့မှာ ဘ၀အတွက် အာမခံချက်တွေရှိတယ်။ ဖေဖေတို့မှာမရှိဘူးတဲ့။ သင်ခဲ့တဲ့ပညာတွေကို အရေးပေးမခံရဘူးတဲ့။ သမီးကြီးကို ချမ်းသာအောင် လွှတ်တာမဟုတ်ဘူးတဲ့။ တတ်သင့်တဲ့ပညာကို သင်ပေးတဲ့နေရာကို လွှတ်တာတဲ့။ သမီးကြီးသွားမလားတဲ့။ သွားရင်တော့ ဟိုမှာပင်ပန်းမယ်၊ ဒီကသူငယ်ချင်းတွေလို အပြင်သွားပြန်လာ လက်ဆေး၊ ထမင်းစားလုပ်သလို သမီးမနေရဘူး၊ အချိန်တန် မိဘကိုမုန့်ဖိုးလက်ဖြန့်တောင်း သမီးလုပ်လို့မရဘူး၊ ဟိုကလူတွေလိုပဲ အချိန်ပိုင်းအလုပ်လုပ်၊ ကိုယ့်မုန့်ဖိုးကိုယ်ရှာ၊ ကိုယ့်တာဝန်ကိုယ် ယူရမယ်တဲ့။ (အဲဒီအချိန်တုန်းက ပိုလီဒီလောက်ခေတ်မစားသေးပါ။ လွန်ခဲ့တဲ့ ၅နှစ်ကျော်ကျော်)
ဒီစကားတွေကို အဲဒီတုန်းက နားထောင်ခဲ့ပေမယ့် သေချာစဉ်းစားခဲ့တာတော့ မဟုတ်ပါဘူး။ စွန့်စားရမယ်၊ သူများမလုပ်သေးတဲ့ အလုပ်လုပ်ရမယ် ဆိုပြီး သွားမယ်ပြောခဲ့တယ်။ ကျန်တာတွေတော့ သိပ်မစဉ်းစားခဲ့တာအမှန်ပဲ။ အခုချိန်မှာ ပြန်မြင်ကြည့်တော့ သူငယ်ချင်းတွေ ဘာလုပ်ရမှန်းမသိ ယောင်ချာချာအချိန်မှာ ကိုယ်က ညီမလေးကို ကျောင်းထားပေးနိုင်နေပြီ။ ဘာပဲပြောပြော မိဘရဲ့ဝန်ကို ပေါ့အောင်လုပ်ပေးနိုင်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် နည်းနည်းတော့ ဘ၀င်အမြင့်သား။ ဒါတွေဟာ ဖေဖေ့ကြောင့်ပါ။ ဖေဖေရဲ့ ခေတ်ကို မျက်ခြေမပြတ်ပဲ အမြဲဂရုစိုက် နေတာကြောင့်။
ရေးတာ အရမ်းရှည်သွားပြီထင်တယ်။ ဖေဖေ့အကြောင်းကတော့ အများကြီး ကျန်သေးတယ်။ ချိုကိုက ဖေဖေ့သမီးလေ။ I am a Daddy’s girl! တချိန်ချိန်မှာတော့ ဖေဖေဂုဏ်ယူရတဲ့ သမီးဖြစ်ကောင်းပါရဲ့။
အကန့်လေးတွေ လူပုဂ္ဂိုလ်များ



