ဒီစာလေးကို ဒီနှစ်ရက်အတွင်း ခဏခဏတွေ့နေရတယ်။ စာအုပ်တစ်အုပ်ကောက်ကိုင်လုပ်တော့လည်း ဒီစာသား၊ အင်တာနက်မှာ သတင်းဖတ်တော့လည်း ဒီစကားပုံ၊ အိမ်ကညီမကလည်း ပြောတာဒီစကား။

ဖတ်ဖူးတဲ့ပုံပြင်လေးတစ်ခုကို သတိရမိပါတယ်။

ရှေးတုန်းက ရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက်ရှိသတဲ့။ သူတို့ဟာ အိမ်ထောင်ကိုယ်စီ သားကျွေးမှု မယားကျွေးမှု အတွက် ရွာစဉ်လှည့်ပြီး ကုန်သွယ်မှုလုပ်ကြသတဲ့။ လမ်းခရီးမှာ သူခိုးဓါးပြ ရန်ကိုကြောက်တဲ့အတွက် အမြဲနှစ်ယောက်အတူသွားပြီး အမြတ်အစွန်းကိုလည်း သာတူညီမျှခွဲဝေကြသတဲ့။ သိပ်ချစ်ကြတဲ့သူငယ်ချင်း ဖြစ်ပေမယ့် အယူအဆချင်းကတော့ မတူဘူးတဲ့။ တစ်ယောက်က ရိုးရာနတ်ကိုးကွယ်မှုကို ယုံကြည်ပေမယ့် တစ်ယောက်ကတော့ ရတနာသုံးပါးသာ ကိုးကွယ်ရာလို့ ယုံကြည်သတဲ့။ ဒါပေမယ့် ဘယ်သူ့ဘယ်သူမှ အပြစ်မပြောကြပဲ နေလာကြရာက တစ်နေ့မှာ အရမ်းနက်တဲ့တောကို ဖြတ်ပြီးသွားရမယ့် ခရီးတစ်ခုပေါ်လာရောတဲ့။ ဘယ်သူမှမသွားရဲတဲ့ ခရီးဖြစ်တော့ အမြတ်အစွန်းကလည်း များများရနိုင်တယ်ဆိုပါတော့။ ဒါနဲ့ပဲသူငယ်ချင်းနှစ်ယောက် တိုင်ပင်ပြီး စွန့်စားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ခရီးထွက်လာကြတာ တောအုပ်အလယ်အရောက်မှ နေစောင်း လာတာကြောင့် တစ်ညတာနားဖို့ ဆုံးဖြတ်ကြသတဲ့။

ဒီမှာတင်ပဲ နတ်ကိုးကွယ်တာကို ယုံကြည်တဲ့သူငယ်ချင်းက ‘သူငယ်ချင်းရေ ဒီတောက ကျားဆိုး ပေါတယ်ပြောတယ်။ ဘာပဲပြောပြော စိတ်ချရအောင် ဒီအပင်က အရှင်ကို ပူဇော်ပသပြီး အိပ်ကြရအောင်ကွာ’ လို့ပြောသတဲ့။

ဟိုသူငယ်ချင်းကတော့ ‘ဘုရားရှိခိုးပြီးပြီပဲကွာ၊ မလိုတော့ပါဘူး’ လို့ ပြောတာပေါ့။

ပထမပြောတဲ့တစ်ယောက်က ‘ဒါဆိုလည်း မင်းထိုက်နဲ့ မင်းကံပေါ့ကွာ၊ ငါကတော့ လုပ်မှာပဲဆိုပြီး အပင်ဘက်လှည့် လက်အုပ်ချီ အရှင့်ကို အကျွန်ုပ်ရဲ့ ကိုယ်ခန္ဓာကို အပ်ပါတယ်’ လို့ ပြောပြီး စိတ်ချလက်ချ အိပ်သွားသတဲ့။

ညလယ်မှာပဲ ကျားတစ်ကောင်ဟာ သူတို့အိပ်နေတဲ့နားကို ရောက်လာပါရော။ လူနံ့ရလို့ ကြည့်လိုက်တော့ အိပ်ပျော်နေတဲ့ သူငယ်ချင်းနှစ်ယောက်ကို တွေ့ရောပေါ့။ စားရချည်သေးဆိုပြီး အနားကပ်သွားတော့မှ သူတို့အိပ်နေတဲ့အပင်က တော်တော်တန်ခိုးကြီးတဲ့ အရှင်ကြီးဆိုတာအပိုင်ဖြစ်နေပါရော။ ဒါနဲ့ကျားက အပင်ပိုင်ရှင် အရှင်ကြီးကို ‘အို သစ်ပင်ပိုင်စိုး တန်ခိုးကြီးမား အရှင်ကြီးခင်ဗျား၊ ကျွန်တော်မျိုး၏ သဘာဝအရ လူသားသတ္တ၀ါကို အနံ့လေးရရုံမျှနဲ့ သွားရည်တမျှားမျှားကျ စားလိုလှပါတယ်၊ ခွင့်ပြုတော်မူပါ’ လို့ ပြောသတဲ့။

ဒီအခါမှာ အရှင်ကြီးဆိုတဲ့ ပုဂ္ဂိုလ်က ‘အင်း… အိပ်စက်နေတဲ့ နှစ်ယောက်အနက်မှာ ဒီဘက်က ပုဂ္ဂိုလ်က ဘုရားသာရှိခိုးပြီး ငါ့ကိုဘာမှမပြောမဆို အိပ်သွားတယ်၊ ဟိုဘက်က တစ်ယောက်ကတော့ဖြင့် သူ့ကိုယ်ခန္ဓာကို ငါ့ကိုအပ်ပြီး အိပ်ရှာတယ်၊’

ဒါနဲ့ ကျားက ‘ဘယ်သူ့ကိုစားရမလဲ အရှင်ကြီး’ လို့ မေးသတဲ့။

အရှင်ကြီးက ‘ကိုယ်မပိုင်တဲ့ ပစ္စည်းကို ဘယ်ပေးလို့ကောင်းပါ့မလဲလေ၊ ငါ့ကို အပ်ပြီးအိပ်တဲ့သူကို ငါပိုင်တယ်၊ သူ့ကိုစားစေ’

ပုံပြင်လေးကတော့ ဒါပါပဲ။

ဘာကိုမှပြောချင်လို့ မဟုတ်ပါဘူး။ စိတ်ထဲ ပေါ်လာတာလေး ရေးလိုက်ခြင်းသာဖြစ်ပါတယ်။
ဒီစာလေးကို ညီမလေးတစ်ယောက်က ဖတ်ပြီး ကျားကြောက်လို့ရှင်ကြီးကိုး စကားပုံက ဒါကိုးလို့သူကပြောပါတယ်။ မဟုတ်ပါဘူးလို့ နောက်ထပ်အဲလိုထင်မိတဲ့လူတွေကိုပါ အသိပေးပါရစေ။ စကားပုံရဲ့ ဆင်းသက်လာပုံကို မသိပါဘူး။ ဒါက ဟာသလေး တစ်ခုသာဖြစ်ပါတယ်လို့။

အတွယ်အတာဆိုတာ မရှိရင် အထီးကျန်တယ်...
တွယ်တာမိတော့လည်း နာကျင်ရတယ်...

အထီးကျန်မှုက ခြောက်ခြားစေတယ်...
နာကျင်မှုကြောင့် မျက်ရည်ကျရတယ်...

ရွေးချယ်မှုကတော့ သင့်ပေါ်မှာပဲမူတည်ပါတယ်...

TV ကြည့်နေရင်း ဇာတ်လမ်းတစ်ခုမှာပြောသွားတဲ့ စကားလေးပါ။
သေသေချာချာမမှတ်မိလိုက်လို့ မှတ်မိသလောက်နားလည်သလို ဘာသာပြန်ထားတာပါ။
ကဲ ကိုယ်တို့ဘာကိုရွေးကြမလဲ... သူငယ်ချင်းတွေကြားမှာ ပို့ဖြစ်ခဲ့တဲ့ message လေး တစ်ခုကိုသတိရမိတယ်။

I would rather get hUrt than have a heart without U တဲ့...

အခုတော့ အဲလိုပြောဖို့တောင် နည်းနည်းနောက်တွန့်နေမိပြီ။ ငယ်ငယ်တုန်းကရှိခဲ့တဲ့ သတ္တိတွေ ပြန်လိုချင်ပါရဲ့။

သာဓု အင် ဆန်း၊စ်၊ ဆိုပြီး မြန်မာလိုရေးထားတဲ့ စာအုပ်လေးကို မြင်မြင်ခြင်းပဲ ဖတ်တောင်မကြည့်ပဲ ၀ယ်ခဲ့ပါတယ်။ သာဓု မျိုးဆက်ကို ချစ်တာကြောင့်ရယ်၊ သူတို့ စာတွေက ကောင်းတတ်တာကြောင့်ရယ် ဖတ်မကြည့်ပဲ ၀ယ်လိုက်မိတယ်။ စာအုပ်လေးက အတွေး ဆန်းဆန်းနဲ့ တမျိုးလေး ထူးခြားနေတယ်။ စာအုပ် ခေါင်းစဉ်အတိုင်းပါပဲ သာဓုနဲ့ သား ၃ ယောက်ရဲ့ စာတွေပါ။

တခြားသူတွေလည်း ဒီလိုပဲ စာရေးဆရာတွေ ပေါင်းပြီး စာအုပ်ထုတ်တာပဲ။ ဘာထူးခြားလို့လဲလို့ မေးကြရင်တော့ ထူးခြားပါတယ်လို့ပြောရမှာပဲ။ သာဓုရေးတာက ၀တ္ထု၊ ဆောင်းပါး မဟုတ်ပဲ သူ့သား ၃ ယောက်ရဲ့ ၀တ္ထု ၃ ပုဒ်ကို ဝေဖန်ထားတာပါ။

ပထမဆုံး အဖေတစ်ယောက်က သားနာမည်ကြီး စာရေးဆရာတွေကို ဒီလိုစာတစ်အုပ်ထဲမှာ ဝေဖန်တယ် ဆိုတာကိုက ထူးခြားပါတယ်။ သာဓုဆိုတာ ကလည်း ပွင့်ပွင့်လင်းလင်း ဘယ်သူ့မှဂရုမစိုက် မှန်တယ်ထင်တာကို ပြောတတ်တဲ့လူ။

ဒုတိယအနေနဲ့ ဝေဖန်တာမှာ တစ်ပုဒ်ကိုဖတ် ချက်ချင်းဝေဖန်၊ ပြီးမှနောက်တစ်ပုဒ်ဖတ် ဆက်ဝေဖန် ဆိုတော့ ပရိတ်သတ်လည်း နောက်ပြန်လှန်ကြည့်လိုက် ဝေဖန်တာဖတ်လိုက် လုပ်စရာမလိုအောင် ကောင်းလှပါတယ်။

သာဓုခေတ်က စာရေးပုံနဲ့ နောက်ဆုံး မင်းလူခေတ်စာရေးပုံ ပြောင်းလဲ လာတာတွေကိုလည်း မြင်နိုင်ပါသေးတယ်။ ခုခေတ်ရဲ့ စာရေးရင် စာလိုရေးလိုက် စကားပြောသလိုရေးလိုက် ရေးတာကို သာဓုက တော်တော်မုန်းပုံရတယ်။ ချိုကို့ရေးပုံကိုများ တွေ့ရင် ဘယ်လောက်များ ဆူလိုက်မလဲနော်။ ဒီလို ကပြား ရေးတာတွေကို သူသာစာပေစီစစ်ရေးဆိုရင် ထုတ်ခွင့်မပေးဘူးလို့ဆိုပါတယ်။

စာအုပ်အစမှာ သာဓုက အမှာစာရေးပါတယ်။ သူ့ရဲ့စာရေးရင် ဘယ်လိုစိတ်နဲ့ ရေးတယ်ဆိုတာ ပြောပြ ထားတယ်။ အမှာရဲ့ အဆုံးနားကိုတော့ သူ့အတိုင်းကူးပေးလိုက်ပါတယ်။

ယခု ဤစာအုပ်ထုတ်ဝေရန် အကြောင်းပေါ်လာသောအခါ သာဓုသည် စာရေးဆရာ တစ်ယောက်အနေဖြင့် မဟုတ်တော့ဘဲ အဖေ(ဖခင်) တစ်ယောက်အသွင် မြင်သမျှ တင်ပြရမည့်ကိန်းဆိုက်လာချေ၏။

ယခင့်ယခင် ရေးခဲ့သော ၀တ္ထုများမှ ဇာတ်ကောင်တို့ကို သာဓုပင် ဖန်ဆင်းပြီး သာဓုကပင် ကိုယ်စားပြုရေးခဲ့၍ ဘေးချော်ခြင်း အနည်းအကျဉ်းရှိကောင်းရှိမည်၊ အကြောင်းမကြီးလှ။

ယခု ဤစာအုပ်တွင်သော်မူ သားများနှင့် ပတ်သတ်ဆက်စပ်၍နေသည်နှင့်အမျှ တိကျရန် လိုသည်။ ဖြစ်ရပ် အမှန်လည်း ပေါ်လွင်ပြတ်သားရပေမည်

အထူးသဖြင့် ယနေ့ထိ သာဓု စွဲမြဲစွာ ဆုပ်ကိုင်ထားသော (၀ါ) နောင်တွင်လည်း လက်လွှတ်မည်မဟုတ်သော သာဓု၏ စာရှုပရိတ်သတ်အတွက် 'အကျိုးပြုမှု တစ်ခုခု ပါစေရမည်' ဟူသည့် သာဓု မူဝါဒအတိုင်း...။

သာဓုနှင့်သားများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ သားတွေငယ်စဉ်က ထူးခြားချက်တွေနဲ့ ဘယ်လိုဆုံးမ ခဲ့တယ် ဆိုတာလေးကို ရေးထားပါတယ်။ သာဓုရဲ့ ဆုံးမနည်းဟာ အဲဒီခေတ်အနေနဲ့ရော အခုခေတ်အနေနဲ့ရော တော်တော်လေး ခေတ်မှီတယ်လို့ ပြောရပါမယ်။ ဥပမာအနေနဲ့...
သုမောင်က သံပတ်ပေး မီးရထားခေါင်း အသစ်လေးကို တစ်စစီဖြုတ်လိုက်ပြီး ဖေဖေ ပြန်တပ်ပေးပါလို့ လာပြောတယ်တဲ့။ ဒါကို ကလေးဆိုတာ စူးစမ်းတတ်တာမို့ မအော်မငေါက်ခဲ့ပါဘူးတဲ့။ ချိုကိုသာဆိုရင်လေ အခုလေးတင်ဝယ်ပေးထားတဲ့ ကစားစရာ ဖျက်ဆီးရမလား ဆိုပြီးတော့ အနည်းဆုံး အော်မိမယ်ထင်တယ်။

ဝတ္ထုတွေကတော့ ကြီးစဉ်ငယ်လိုက်အတိုင်း မောင်ဝဏ္ဏ၊ သုမောင်၊ မင်းလူ အစဉ်အတိုင်းလာပါတယ်။ ၃ပုဒ် လုံးကို ဝေဖန်ထားတာ အရမ်းသဘောကျပါတယ်။ တချို့နေရာလေးတွေမှာ ခေတ်ကြောင့် ရေးပုံရေးနည်း ကွဲတာကလွဲရင် သာဓုရဲ့ ဝေဖန်ချက်တွေက စာရေးမယ့်လူတွေအတွက် အကျိုးအများကြီးရှိပါတယ်။ အကြိုက် ဆုံးကတော့ မင်းလူရဲ့ ၀တ္ထုပါ။

ဝတ္ထုအဖွင့်လေးမှာ သူက ဒီလိုရေးထားပါတယ်။ ဖြတ်ရေးရင် လိပ်ပတ်မလည်မှာဆိုးလို့ အကုန် ကူးပေးလိုက် ပါတယ်။

ကျွန်တော့်နှလုံးသား၌ ထင်ဟပ်ခဲ့သောအရိပ်များအကြောင်းကို ပြောပြပါမည်။ ၀မ်းပန်းတနည်း ပြောပြသည် ဟူ၍တော့ မထင်စေချင်ပါ။ သမိုင်းမှတ်တမ်းတစ်ခုကို ဖတ်ရသကဲ့သို့ သာ သဘောထားစေ့ချင်ပါသည်။

သမိုင်းထဲမှ ကျန်စစ်သားနှင့် မွန်မင်းသမီးခင်ဦးကဲ့သို့ ကွဲကွာသွားကြခြင်း အကြောင်းကို ဘယ်သူတွေကများ ၀မ်းနည်းခြင်း ရှိကြပါမည်နည်း။

ဘုရင် နရသီဟပတေ့ကို သားတော်ပြည်မင်းသားက လုပ်ကြံလိုက်ခြင်းအတွက်ကော ဘယ်သူတွေကများ စုတ် တသတ်သတ်ဖြစ်ပါလိမ့်မည်နည်း။

သို့ရာတွင် သမိုင်းမှတ်တမ်းဟု ဆိုသောကြောင့် ပြဿနာတစ်ခု ရှိလာလေသည်။

ဓမ္မဓိဋ္ဌာန်ကျသော သမိုင်းအမြင်တစ်ခုကို ရရှိရန်...
ဆန္ဒစွဲ ကင်းရမည်။
ဘက်လိုက်မှု ကင်းရမည်။
သမိုင်းကို လိမ်ညာ၍ မရနိုင်။
လိမ်ညာခဲ့သည် ထားဦး၊ တစ်နေ့နေ့မှာ အလိမ်ပေါ်ရမည် အမှန်။
ကျွန်တော်ကဖြင့် လိမ်လည်း မလိမ်ရဲပါ။
အတတ်နိုင်ဆုံး မှန်ကန်အောင် ကြိုးစားဖို့မှာလည်း မနည်းကြီး ဂရုစိုက်ရပါသည်။

အကြောင်းမှာ...
ဤဇာတ်လမ်းတွင် ကျွန်တော်သည် ပဓာနဇာတ်ကောင်ဖြစ်နေသောကြောင့်ပါ။

ဒါလေးကို သာဓုဝေဖန်ထားပုံလေးက...

'ဟေ့ သုမောင်...ငါ့သား၊ မင်းလူကလဲ အလာကြီးပဲကွ၊ "သမိုင်းမှတ်တမ်းကို လိမ်ညာ၍ မရနိုင်။" စာပေမှာ ဒါတွေ အရေးကြီးတယ်ကွ၊ စာရေးဆရာဆိုတာ ဆွေမျိုးမိသားစုထမင်းစားဖို့၊ ကားစီးဖို့၊ တိုက်ဆောက်ဖို့ လောက်ဆိုတဲ့ စီးပွားရေးလုပ်ငန်း မဟုတ်ဘူးနော်၊ ဒါ မင်းတို့သိတယ်၊ တိုင်းပြည်အတွက်၊ ပြည်သူအတွက်၊ ပြည်သူအတွက် နည်းညွှန်လမ်းညွှန်တင်ပြဖို့နဲ့ အမှားလုပ်နေသူတွေကို "ဒါ...အမှန်တရား" လို့ ထောက်ပြရမယ့် တာဝန်ရှိတယ်၊ အချစ်ဝတ္ထုရေးသကောရယ်လို့ တိုင်းပြည်ရေးရာ မပါစကောင်းဆိုတာ မရှိဘူး၊ သူ့နေရာနဲ့သူ အကွက်ဝင်တာနဲ့ ဒက်ခနဲ တင်ပြဖို့လိုတယ်။''

ဒီစာအုပ်လေးကို မဖတ်ရသေးရင် သာဓုနဲ့သဘာဝအုပ်စုရဲ့ စာတွေကိုလည်း ကြိုက်တတ်တဲ့သူဆိုရင် ဖတ်ကြည့် ပါလို့။ အတွေးဆန်းဆန်းနဲ့ သာဓု အင် ဆန်း၊စ်၊ ပါ။

p.s ဒီစာအုပ်လေးကို ကြိုက်လွန်းလို့သာ ဒီမှာရေးရတာပါ။ ချိုကိုပြောတာဟာ စာအုပ်ရဲ့ ဆယ်ပုံပုံတစ်ပုံတောင် မှီမှာမဟုတ်ပါဘူး။ ချိုကို့စာကြောင့် စာအုပ်ကိုဖတ်ဖူးကြတဲ့ လူတွေ ဒေါသထွက်မယ်ဆိုရင်...
သာဓုမိန်းမက 'ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့' ကို 'ပြုံးစစနဲ့' လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ ချိုကို ဖွင့်လိုက်တဲ့ အဓိပ္ပါယ်က 'စပ်ဖြီးဖြီးနဲ့' တဲ့။ ဒါလေးကိုကြည့်ပြီး ဒီကောင်မလေး အူကြောင်ကြောင်နဲ့ ဆိုပြီး ခွင့်လွှတ်ကြ ပါလို့...

ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ ဖြင့်

ချိုကို

အိမ်မှာ ညီမ၀မ်းကွဲတစ်ယောက်က ကျောင်းပွဲအတွက် အငြိမ့်ကပေးဖို့ အကကျင့်နေတယ်။ သူကနေတာကိုကြည့်ရင်း အငြိမ့်အကြောင်း စဉ်းစားမိတယ်။ အခုခေတ်မှာ အငြိမ့်ဆိုတာနဲ့ လူရွှင်တော် ဘယ်သူတွေလဲလို့ အရင်မေးကြတယ်။ မင်းသမီးကို စိတ်မ၀င်စားကြတော့ဘူး။ မင်းသမီးကတဲ့ အခန်းကိုလည်း ကျော်ကြည့်လိုက်ကြတာများတယ်။ ဘာလို့ပါလိမ့်။ အခုမင်းသမီးနဲ့ အရင်မင်းသမီးတွေ ဘာကွာလို့ပါလိမ့်။

မင်းသမီးအကဆိုတာလည်း ကကြည့်မှ တော်တော်ခက်မှန်းသိရတာပါ။ သူတို့ ကနေကြတာတော့ ပေါ့ပေါ့လေးနဲ့ ကြွကြွရွရွ လှနေတာပဲ။ တကယ်ကဖို့သင်ရတော့မှ ချွေးပြိုက်ပြိုက်ကျရတော့တာပဲ။ ဒီလောက် ပင်ပင်ပန်းပန်းသင်ထားရတဲ့ အကကို ကြည့်တဲ့သူတွေက ကျော်ကြည့်တယ်ဆိုတော့ စိတ်မကောင်းစရာပါ။ အငြိမ့်မှာ လူရွှင်တော်တွေသာ အရေးပါတဲ့အရာတစ်ခု ဖြစ်လာနေပါတယ်။

အရင်ကရော ဒီလိုပဲလား။ အငြိမ့်မင်းသမီးကြီးတွေ ဘယ်လောက်ကျော်ကြားခဲ့လဲ၊ သူတို့သီချင်းတွေ အကတွေ အခုထိရှိနေသေးတာကို ကြည့်ရင်သိသာပါတယ်။
လေဘာတီမမြရင်၊ မြခြေကျင်းမငွေမြိုင်၊ ယူနီဗာစတီ မြသန်းကြည်၊ ဆီးမီးခွက်မငွေလှိုင် အများကြီးပါ။
သူတို့ကို မမှီလိုက်ပေမယ့် ယိုးဒယားပြန်အမာစိန်၊ ဆိုဗီယက်ပြန်နွဲ့နွဲ့စန်းတို့ရဲ့ အငြိမ့်တွေကို ငယ်ငယ်က ကြည့်ရဖူးပါတယ်။
နောက်တော့ အေးအေးမြင့်၊ သီတာဝင်း။

အားလုံးထဲမှာ မှတ်မှတ်ရရရှိခဲ့တာက နွဲ့နွဲ့စန်းအငြိမ့် မြန်မာ့ရုပ်မြင်သံကြားက လွှင့်တာပါ။ အဲဒီအငြိမ့်လေးမှာ သူကတာကို အစအဆုံးကြည့်မိပါတယ်။ ကိုယ့်ကိုကိုယ်တောင် အံ့သြသွားပါတယ်။ ဘာကများ ဒီလောက်စွဲဆောင်နိုင်ခဲ့လဲလို့ ပြန်တွေးမိတော့...
နွဲ့နွဲ့စန်းက အကလေးကို အပိုင်းလေးတွေခွဲပြီးတော့ ကပြပါတယ်။
ပထမဆုံးမှာ မျက်နှာကို အသားပေးတဲ့ အက...
နောက်တော့ ပုခုံး...
နောက် လက်... ၊ ခါး... ၊ ခြေထောက်...
အဲလိုခွဲခွဲပြီးတော့ ကသွားပါတယ်။ အဲဒီတော့ ကြည့်တဲ့လူကလည်း ဘာများကွာသလဲ။ ဘာများထူးခြားသလဲနဲ့ စိတ်ဝင်စားမိပါတယ်။ အဲဒါကိုက မင်းသမီးတွေရဲ့ ပညာနဲ့တူတယ်။ အခုမင်းသမီးတွေမှာတော့ မတွေ့ရတော့ပါဘူး။ ရှားရှားပါးပါး တစ်ခါတော့ တွေ့လိုက်ရပါတယ်။

ရှုမ၀အငြိမ့်ဆိုပြီး နာမည်စကြီးတဲ့ နံပါတ် ၁ မှာထင်ပါတယ်။ မင်းသမီးက ယူနီဗာစတီရွှေနှင်းဆီရဲ့ မှုန်ရွှေရည် မိုင်ဒါလင်ဆွိတီ ဆိုတဲ့ သီချင်းကို အသက်အရွယ် (၃)မျိုးမှာ ကပုံသုံးမျိုးဆိုပြီး ကပြသွားပါတယ်။
ပထမဆုံး မင်းသမီးဖြစ်ကာစ ငယ်ရွယ်ဖြတ်လတ်တဲ့ အရွယ်ရဲ့ သွက်သွက်လက်လက် အက...
ဒုတိယ နာမည်ကြီးပြီး တည်ငြိမ်လာတဲ့ အရွယ်ရဲ့ ငြိမ့်ငြိမ့်လေးနဲ့ လှလှလေးအက...
နောက်ဆုံး အသက်ကြီးလာပြီး သိပ်မကနိုင်တော့တဲ့ အရွယ်ရဲ့ ခေါင်းလေးခါခါနဲ့ သီချင်းကိုပါ အသံကိုတုန်ပြီး ဆိုပြသွားတဲ့အက...
အခုထက်ထိ အဲဒီအကကို မမေ့ပါဘူး။

အဲလိုမင်းသမီးမျိုးတွေ ရှိရင်တော့ အငြိမ့်တွေမှာ အကတွေကို ကျော်မကြည့်လောက်ဘူးလို့ ထင်ပါတယ်။ ဘာပဲပြောပြော အငြိမ့်ဆိုတဲ့ သဘင်ပညာကိုတော့ မပပျောက်စေချင်တာ အမှန်ပါ။ မင်းသမီးကောင်းကောင်းနဲ့ သီချင်းကောင်းကောင်းလေးတွေ ကနိုင် ဆိုနိုင်ကြရင် ဘယ်လောက်များ ကောင်းလိမ့်မလဲနော်။

P.S. ချိုကိုဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အတွေးနဲ့ ခံစားချက်တွေပါ။ ပညာရှင် ရှုထောင့်ကကြည့်လို့ ရယ်ချင်စရာ ဖြစ်နေရင် ခွင့်လွှတ်ပါလို့။ အငြိမ့်မင်းသမီးတွေ ကတာကို မကြည့်ချင်ကြတာဘာလို့ပါလိမ့်လို့ စဉ်းစားမိပြီး ရေးလိုက်တာပါ။ လိုတာရှိရင် ပြောနိုင် ဆူနိုင်ပါတယ်။

လွန်ခဲ့တဲ့ တစ်လ ကျော်ကျော်လောက်က သူငယ်ချင်းတစ်ယောက်က Harry Potter နောက်ဆုံးစာအုပ် e-book ထွက်နေတယ်တဲ့။ ဘယ်ကဘယ်လို ထွက်လာတယ်မသိဘူး။ အရမ်းဂရုစိုက်တယ်လို့ ကြားဖူးပါတယ်လို့။ သူကလည်း မသိဘူးတဲ့။ စိတ်ထဲမှာ ၀မ်းနည်းသွားတယ်။

ဒီစာအုပ် Series ရဲ့ ပထမဆုံးစာအုပ် Philosopher's Stone ကို ၁၀တန်းတက်နေတုန်း Time's မဂ္ဂဇင်းမှာ တော်တော်လေး လူကြိုက်များနေတဲ့ စာအုပ်တအုပ်လို့ ဖတ်လိုက်ရတယ်။ ရေးထားတာကတော့ ကလေးအကြိုက် စာအုပ်တအုပ်တင်မကပဲ လူငယ်တွေ၊ လူလတ်ပိုင်းတွေပါ စိတ်ဝင်စားအောင် မြှုပ်ကွက်လေးတွေနဲ့ ရေးထားလို့ စုံထောက်ဆန်ဆန် သဘာဝလွန် တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်ပါတဲ့။ ငယ်ငယ်ကတည်းက သဘာဝလွန်ကိစ္စတွေကို စိတ်ဝင်စားတတ်တော့ ဇာတ်လိုက်ကောင်လေးက စုန်းအတတ် တတ်တယ်ဆိုတာနဲ့တင် တော်တော်ဖတ်ချင် နေမိတယ်။

စာမေးပွဲဖြေခါနီး ကျူရှင်တွေလည်းပိတ်၊ ကျောင်းလည်းပိတ်ထားတဲ့ တနေ့မှာ ပျင်းပျင်းနဲ့ ဦးလေးရဲ့ စာအုပ်ပုံကိုမွှေမိရင်း Harry Potter ဆိုတာလေးကိုတွေ့လိုက်တယ်။ ဘယ်လိုပျော်သွားမှန်းကို မသိတာပါ။ ကိုယ့်ကိုကိုယ် ၁၀တန်းဆိုတာမေ့၊ မကြာတော့တဲ့ အချိန်မှာ ရောက်လာမယ့် စာမေးပွဲဆိုတာကြီးကိုမေ့၊ ထမင်းလည်းမေ့၊ ဟင်းလည်းမေ့ ပါပဲ။

ပထမတအုပ်နဲ့တင် ဒီစာအုပ်ဘာလို့ နာမည်ကြီးသလဲ သဘောပေါက်သွားခဲ့တယ်။ J.K.Rowling ဟာ တော်တော်ကို စေ့စေ့စပ်စပ်ရေးနိုင်တာပဲ။ ဇာတ်လမ်းမှာ ဘယ်နေရာမှ ဟာကွက်ဆိုတာမရှိပါဘူး။ ရှေ့ပိုင်းမှာ အမှတ်မထင်ရေးထားတယ် ထင်ရတာလေးတွေက နောက်ပိုင်း ပြဿနာတွေကို ဖြေရှင်းတဲ့အချိန်မှာ ပြန်အသုံးပြုဖို့ အစီအစဉ်တကျ ရေးခဲ့တာလေ။ အဲဒါလေးတွေကို အရမ်းသဘောကျမိတယ်။ စုန်းအတတ်မှာလည်း လူကောင်းနဲ့ လူဆိုးရှိပြီး လူတွေမသိတဲ့ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေလည်းရှိတယ် ဆိုတာကို သေသေချာချာ ပီပီပြင်ပြင် ရေးထားနိုင်တာကိုး။ ဖတ်ရင်းနဲ့တောင် စိတ်ကူးယဉ်မိ ပါသေးတယ်။ ချိုကို့ကိုလည်း အဲလို စုန်းပညာ သင်တဲ့ကျောင်းက လာခေါ်ရင် ဘယ်လိုများနေမလဲလို့လေ။ အော် ရူးခဲ့တဲ့ အချိန်တွေများ ပျော်စရာ တော်တော်ကောင်း။

ကျောင်းတက်ဖို့ သူများနိုင်ငံကိုထွက်လာရတော့ ဟယ်ရီ့ လိုပဲ အခုတော့ တစ်ယောက်တည်းပါလားဆိုပြီး ပိုကြိုက်မိပြန်ပါရော။ ဒီလိုနဲ့ စာအုပ်လေးထွက်တိုင်း နေ့မကူးခင် ၀ယ်ဖတ်လာတာ အခုနောက်ဆုံးတစ်အုပ်တဲ့။ သူငယ်ချင်းကပေးလာတယ်။ ဖတ်လည်းဖတ်ချင်တယ်။ ဖတ်လည်းမဖတ်ရက်ဘူး။ J.K.Rowling က ဇူလိုင် ၂၁ရက်မှ ဖြန့်မှာတဲ့။ သူက ကိုယ့်ဆီ ကြိုရောက်နှင့်နေပေါ့။ ဖတ်လိုက်လို့ပြီးသွားရင်လည်း နောက်တစ်အုပ်ဆိုတာက မရှိတော့ဘူး။ ဖတ်မယ်ဆိုပြီး ကွန်ပျူတာရှေ့ထိုင် မဖတ်သေးပါဘူးလေဆိုပြီး ထသွားနဲ့ ၄၊ ၅ ညလောက် လုပ်လိုက်ပါသေးတယ်။ နောက်တော့လည်းမနေနိုင်တာနဲ့ ဖတ်မဟဲ့။ စာအုပ်ထွက်တော့မှ ၀ယ်သိမ်းမယ်ဆိုပြီး ဖတ်လိုက်တာစာမျက်နှာက ၆၅၀ ကျော်ကျော်ရှိတယ်။ ဆက်တိုက်မဖတ်နိုင်တော့ တစ်ပတ်လောက် ဖတ်လိုက်ရတယ်။ ဒါပေမယ့် ဇာတ်သိမ်းကြီးကို လုံးဝမကျေနပ်နိုင်ဘူး ဖြစ်နေတယ်။ ဖတ်ဖူးနေကြ ဇာတ်ကွက်မျိုးမဟုတ်သလိုလို ခံစားရတယ်။ ထင်မိတာက ကိုယ်တိုင်ပဲ ဇာတ်လမ်းပြီးသွားတာကို လက်မခံနိုင်လို့ စိတ်ထဲမှာ ငြင်းနေမိတာလားပေါ့။

အခုတော့ မဟုတ်ပါဘူးတဲ့ရှင်။ အဲဒီ ကြိုထွက်နေတယ်ဆိုတာက အစစ်မဟုတ်ပါဘူးတဲ့။ သိသိခြင်းမှာ ရသမျိုးစုံ ခံစားလိုက်ရတယ်။ အချိန်ကုန်ခံ၊ မျက်စိအညောင်းခံ ဖတ်ခဲ့တာတွေကို နှမြောသလိုလို၊ အစစ်ကို ဖတ်ရဦးမယ် ဆိုလို့ ပြီးပြီထင်ပြီး စိတ်ညစ်ခဲ့ရာကနေ ပျော်ပျော်သလိုလို၊ မကြိုက်တဲ့ဇာတ်သိမ်းက အစစ်မဟုတ်ဘူး ဆိုတော့ ဘယ်လိုဇာတ်သိမ်းလေးများ လာမလဲဟဲ့လို့ စဉ်းစားပြီး ရင်ခုန်သလိုလို၊ တော်တော်ကို ဂနာမငြိမ် ဖြစ်သွားပါတယ်။ ဒါကြောင့် ဒီပို့စ်လေးကို ကောက်ရေးမိတာပါ။

ဘယ်လိုပဲပြောပြော ဒီစာကိုရေးတဲ့ ပရိသတ်တစ်ယောက် ဆိုတဲ့သူကိုလည်း တော်တယ်လို့ထင်ပါတယ်။ စာမျက်နှာ ၆၅၀ကျော်မှာ နောက်ဆုံးနားလောက်ပဲ မူရင်းရေးဟန်နဲ့နည်းနည်းကွဲလွဲသွားပြီး ကျန်တာတွေပီပီပြင်ပြင် ရေးနိုင်တာ မသေးတဲ့အရည်အချင်းပါ။ တဖက်ကကြည့်ရင်တော့ ၀တ္ထုရဲ့ နာမည်ကြီးမှုကို အလွဲသုံးစားလုပ်လိုက်သလို မြင်မိပြန်ပါတယ်။ ဘယ်လိုပဲပြောပြော ဖတ်နေတုန်းကတော့ တကယ်ခံစားခဲ့ရပါတယ်။ ကျန်တဲ့သူတွေလည်း တကယ့်စာအုပ်မထွက်ခင် ဖတ်ကြည့်ချင်တယ်ဆိုရင် Harry Potter and The Deathly Hollows/ The Seventh Horcrux (Fan's Work) .

ဒီလိုဆိုရင်တော့ ထွက်တဲ့နေ့မှာ စာအုပ်ဆိုင်သွား တန်းစီရဦးတော့မှာပါလား။ ပျော်စရာကြီး။

Newer Posts Older Posts Home