ငါ... နိုင်ငံရေးမလုပ်ပါဘူး။
ငါ... နိုင်ငံရေးဆိုတာလဲ မသိပါဘူး။
ငါ့ မိသားစု ကောင်းကောင်းမွန်မွန်နေရရင်၊
ငါတတ်ထားတဲ့ပညာနဲ့ လူတန်းစေ့နေနိုင်ရင်၊
ငါမှန်တယ်ထင်တဲ့အကြောင်းတွေကို ရင်ထဲကအတိုင်းပြောခွင့်ရရင်၊
ငါ့နိုင်ငံကို လူတကာအထင်မသေးတော့ရင်
ကျန်တာ ငါဘာမှ မတောင်းတော့ပါဘူး...

ငါ... နိုင်ငံရေးမလုပ်ပါဘူး...

မြန်မာပြည်ထဲမှာ သံဃာတော်တွေ သပိတ်ကံပြုကြပါပြီတဲ့။ နေ့စဉ်လှည့်လည် မေတ္တာပို့နေကြတယ်တဲ့။ ကြားရတဲ့သတင်းတွေနဲ့ ဓာတ်ပုံတွေက အားရစရာ၊ ကြက်သီးမွှေးညှင်းထစရာပါပဲ။ ငယ်ငယ်ကတည်းက ကြားဖူးတဲ့ သား ၃ သား မှာ ၂သားကတော့ ပူပေါင်းသွားပြီ။ ကျောင်းသားနဲ့ ဘုရားရဲ့သားတော်တွေနဲ့ပေါ့။ ကျန်တဲ့ ပြည်သူတွေရဲ့သားဖြစ်တဲ့ စစ်သားတွေကရော ဘယ်လိုလဲ ဘာလဲလို့မေးချင်ပါတယ်။ ကိုယ်တွေ့ခံစားနေရတာတွေကို စိတ်လှည့်စားသလို မဟုတ်ဘူးကွ မမှန်ဘူးကွလို့ ရွတ်ဆိုပြီး တကိုယ်ကောင်းသမားတွေရဲ့ အမိန့်ကို နာခံနေကြဦးမှာလားလို့ မေးချင်ပါရဲ့။

၈၈နောက်ပိုင်းမှာ အရွယ်ရောက်လာရတဲ့သူဆိုတော့ သပိတ်မှောက်တယ်ဆိုတာကို ကြားဖူးခဲ့တာကြာပါပြီ။ ဒါပေမယ့် အဓိပ္ပါယ်အတိအကျကို မသိခဲ့ဘူးလေ။ အဒေါ်တစ်ယောက်ဝယ်လာတဲ့ စကားတောင်စားအကြောင်း စာအုပ်ကိုဖတ်မိတော့မှ သပိတ်မှောက်တယ်ဆိုတာဒါပါလားလို့ သိရတော့တယ်။ အဲဒီစာအုပ်လေးထဲမှာ စကားတောင်စားဟာ သူစကားတတ်တိုင်း ဘုန်းကြီးတွေကို လှည့်ပတ်ဆင်ခြေပေးပြီး ဆရာတော်ကြီးတွေဟာ သူ့လောက်ကျမ်းဂန်မနှံ့စပ်ပါဘူး၊ စာမတတ်ပါဘူးလို့ ပြောတယ်ဆိုပဲ။ နောက်ဆုံးဘယ်လိုမှ ပြိုင်မငြင်းနိုင်တော့တဲ့နောက် သာသနာပိုင်ဆရာတော်ကြီးက ခေါင်းဆောင်ပြီး သပိတ်မှောက်ကံဆောင်သတဲ့။ အဲဒီအခါမှာ စကားတောင်စားဟာ တော်တော်ကို တုန်လှုပ်သွားတယ်လို့ဆိုတယ်။ သူ့အတွက်ကုသိုလ်အမှု ဘယ်လိုမှပြုမရတော့ဘူး။ သံသရာအဆက်ဆက် ဒုက္ခရောက်တော့မှာပါလားဆိုပြီး ငိုသတဲ့။ ပြီးတော့ ဘုန်းကြီးကျောင်းကိုပြေး ဆရာတော်တွေကို ၀န်ချတောင်းပန်၊ သပိတ်ကိုပြန်လှန်ပေးဖို့ ရှိခိုးဦးတင်လျှောက်ထားသတဲ့။ သံဃာတွေရဲ့ သပိတ်ကံဘယ်လောက် ကြောက်ဖို့ကောင်းတယ်ဆိုတာ သူသိတယ်လေ။

အခုတော့ မကြောက်တတ်တာလား၊ ဦးနှောက်မကောင်းတော့တာလား၊ စိန်ခေါ်တာလား ဘယ်လိုမှကို စဉ်းစားလို့မရတော့လောက်အောင်ပါပဲ။ ဗုဒ္ဓဘာသာနိုင်ငံမှာမွေးပြီး မိရိုးဖလာကိုးကွယ်တဲ့သူတောင် ဒီလောက်တော့ တွေးတတ်မယ်ထင်ပါတယ်။

သူတို့တွေဘာတွေတွေးပြီး ဘယ်လိုတုံ့ပြန်နေတယ်ဆိုတာ စဉ်းစားရကြပ်လှပါရဲ့။

Today...
I let someone find me in my secret place.

Today...
I give someone a map to my resting cave.

Today...
I show someone the grave of my broken heart.

Today...
I am free from loneliness.

Today...
I am healed to be hurt again.

Today...
It's a new day
And I am gonna embrace it... ... ...

တကယ်ပဲ သတင်းမကြားရတာက ပိုပြီးကောင်းလေမလား...

သတင်းတစ်ခုကြားတယ် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု စစ်ဆေးခံနေရစဉ် သေဆုံးသွားတယ်တဲ့။
မဟုတ်ဘူးဆိုတဲ့ သတင်းလည်းထွက်လာတယ်။ ဘယ်ဟာမှ အတည်မပြုနိုင်သေး...

ဘလော့ဂါတစ်ယောက်ဖြစ်တဲ့ မိုးကုတ်မီဒီယာက ကိုသားဖြူကို စစ်ဆေးဖို့ဆိုပြီးခေါ်သွားတယ်တဲ့။
စိုးရိမ်မိပေမယ့် ဖုန်းအဆက်အသွယ်မရသေးလို့ မသေချာသေး...

ဒီနေ့ဟာ World Trade Center ကိုလေယာဉ်ပျံနဲ့ ရက်ရက်စက်စက်ဝင်တိုက်ခဲ့လို့ လူပေါင်းများစွာ သေခဲ့တာရဲ့ နှစ်ပတ်လည်နေ့။
ခုထိတော့ အမှတ်တရအကြမ်းဖက်မှုသတင်း မကြားရသေး...

တကယ်ပဲ သတင်းမကြားရတာက ပိုပြီးကောင်းလေမလား...

(သူငယ်ချင်း သားဖြူအတွက် စိတ်ပူစွာနဲ့ရေးမိပါသည်။)

အခုတလောမကျေနပ်တာတွေ တော်တော်များနေတယ်။ ဘာကိုမကျေနပ်လဲဆိုတော့လည်း သေချာမသိပြန်ဘူး။ ကိုယ့်ကိုကိုယ်ပဲ မကျေနပ်သလိုလို။ ဒုက္ခရောက်နေတဲ့သူအချင်းချင်း ငွေလေးနှစ်ပဲတစ်ပြားယူပြီး ရိုက်နှက်ရက်တဲ့သူတွေကို လိုလို။ ကိုယ်ချင်းမစာ ကိုယ်ကျိုးပဲကြည့်တတ်တဲ့ စလုံးက အစိုးရကိုလိုလို။ အခုအချိန်မှာသာ ချိုကို့ကို သေနတ်တစ်လက်ပေးလိုက်ရင် တွေ့သမျှလိုက်ပစ်သတ်မိမယ်ထင်ပါရဲ့။

စိတ်ထဲမှာတော့ ပြောချင်တာတွေအများကြီးရှိနေသလိုပဲ။ ချရေးလိုက်တော့ မထွက်ပြန်ဘူး။ ဒါကိုလည်း မကျေနပ်ဘူး။ ခက်တော့ခက်နေပါပြီ။

ဖြစ်နိုင်ရင်လေ ဒီနိုင်ငံမှာမနေပဲ မြန်မာပြည်ကို ပြန်လိုက်ချင်တယ်။ ကိုယ့်မြေလောက် အေးချမ်းတာမရှိတော့ပါဘူး။ ညကလည်း အိပ်မက်ထဲမှာ မြန်မာပြည်ပြန်ရောက်နေတယ်တဲ့။ အကုန်ပျော်ဖို့ကောင်းလိုက်တာလေ။ မေမေတို့နဲ့တွေ့ မုန့်တွေလုပ်စားကြ။ မောင်နှမတွေရန်ဖြစ်ကြ၊ စကားတွေများကြနဲ့။

ဒါပေမယ့် ကြာကြာမခံပါဘူး။ အိမ်ထောင်စုစာရင်းက ဓာတ်ပုံမှာ ချိုကို့ပုံမပါလို့တဲ့လေ။ လာဖမ်းသွားတယ်တဲ့။ လူကိုလန့်နိုးပြီး ချွေးတွေပြန်လာရော။ ပြန်တောင်အိပ်မပျော်တော့ဘူး။ အော် မွေးရပ်မြေတောင် ကောင်းကောင်းမလွမ်းရပါလားလို့နော်။

Newer Posts Older Posts Home