အိမ်မှာ ညီမ၀မ်းကွဲတစ်ယောက်က ကျောင်းပွဲအတွက် အငြိမ့်ကပေးဖို့ အကကျင့်နေတယ်။ သူကနေတာကိုကြည့်ရင်း အငြိမ့်အကြောင်း စဉ်းစားမိတယ်။ အခုခေတ်မှာ အငြိမ့်ဆိုတာနဲ့ လူရွှင်တော် ဘယ်သူတွေလဲလို့ အရင်မေးကြတယ်။ မင်းသမီးကို စိတ်မ၀င်စားကြတော့ဘူး။ မင်းသမီးကတဲ့ အခန်းကိုလည်း ကျော်ကြည့်လိုက်ကြတာများတယ်။ ဘာလို့ပါလိမ့်။ အခုမင်းသမီးနဲ့ အရင်မင်းသမီးတွေ ဘာကွာလို့ပါလိမ့်။

မင်းသမီးအကဆိုတာလည်း ကကြည့်မှ တော်တော်ခက်မှန်းသိရတာပါ။ သူတို့ ကနေကြတာတော့ ပေါ့ပေါ့လေးနဲ့ ကြွကြွရွရွ လှနေတာပဲ။ တကယ်ကဖို့သင်ရတော့မှ ချွေးပြိုက်ပြိုက်ကျရတော့တာပဲ။ ဒီလောက် ပင်ပင်ပန်းပန်းသင်ထားရတဲ့ အကကို ကြည့်တဲ့သူတွေက ကျော်ကြည့်တယ်ဆိုတော့ စိတ်မကောင်းစရာပါ။ အငြိမ့်မှာ လူရွှင်တော်တွေသာ အရေးပါတဲ့အရာတစ်ခု ဖြစ်လာနေပါတယ်။

အရင်ကရော ဒီလိုပဲလား။ အငြိမ့်မင်းသမီးကြီးတွေ ဘယ်လောက်ကျော်ကြားခဲ့လဲ၊ သူတို့သီချင်းတွေ အကတွေ အခုထိရှိနေသေးတာကို ကြည့်ရင်သိသာပါတယ်။
လေဘာတီမမြရင်၊ မြခြေကျင်းမငွေမြိုင်၊ ယူနီဗာစတီ မြသန်းကြည်၊ ဆီးမီးခွက်မငွေလှိုင် အများကြီးပါ။
သူတို့ကို မမှီလိုက်ပေမယ့် ယိုးဒယားပြန်အမာစိန်၊ ဆိုဗီယက်ပြန်နွဲ့နွဲ့စန်းတို့ရဲ့ အငြိမ့်တွေကို ငယ်ငယ်က ကြည့်ရဖူးပါတယ်။
နောက်တော့ အေးအေးမြင့်၊ သီတာဝင်း။

အားလုံးထဲမှာ မှတ်မှတ်ရရရှိခဲ့တာက နွဲ့နွဲ့စန်းအငြိမ့် မြန်မာ့ရုပ်မြင်သံကြားက လွှင့်တာပါ။ အဲဒီအငြိမ့်လေးမှာ သူကတာကို အစအဆုံးကြည့်မိပါတယ်။ ကိုယ့်ကိုကိုယ်တောင် အံ့သြသွားပါတယ်။ ဘာကများ ဒီလောက်စွဲဆောင်နိုင်ခဲ့လဲလို့ ပြန်တွေးမိတော့...
နွဲ့နွဲ့စန်းက အကလေးကို အပိုင်းလေးတွေခွဲပြီးတော့ ကပြပါတယ်။
ပထမဆုံးမှာ မျက်နှာကို အသားပေးတဲ့ အက...
နောက်တော့ ပုခုံး...
နောက် လက်... ၊ ခါး... ၊ ခြေထောက်...
အဲလိုခွဲခွဲပြီးတော့ ကသွားပါတယ်။ အဲဒီတော့ ကြည့်တဲ့လူကလည်း ဘာများကွာသလဲ။ ဘာများထူးခြားသလဲနဲ့ စိတ်ဝင်စားမိပါတယ်။ အဲဒါကိုက မင်းသမီးတွေရဲ့ ပညာနဲ့တူတယ်။ အခုမင်းသမီးတွေမှာတော့ မတွေ့ရတော့ပါဘူး။ ရှားရှားပါးပါး တစ်ခါတော့ တွေ့လိုက်ရပါတယ်။

ရှုမ၀အငြိမ့်ဆိုပြီး နာမည်စကြီးတဲ့ နံပါတ် ၁ မှာထင်ပါတယ်။ မင်းသမီးက ယူနီဗာစတီရွှေနှင်းဆီရဲ့ မှုန်ရွှေရည် မိုင်ဒါလင်ဆွိတီ ဆိုတဲ့ သီချင်းကို အသက်အရွယ် (၃)မျိုးမှာ ကပုံသုံးမျိုးဆိုပြီး ကပြသွားပါတယ်။
ပထမဆုံး မင်းသမီးဖြစ်ကာစ ငယ်ရွယ်ဖြတ်လတ်တဲ့ အရွယ်ရဲ့ သွက်သွက်လက်လက် အက...
ဒုတိယ နာမည်ကြီးပြီး တည်ငြိမ်လာတဲ့ အရွယ်ရဲ့ ငြိမ့်ငြိမ့်လေးနဲ့ လှလှလေးအက...
နောက်ဆုံး အသက်ကြီးလာပြီး သိပ်မကနိုင်တော့တဲ့ အရွယ်ရဲ့ ခေါင်းလေးခါခါနဲ့ သီချင်းကိုပါ အသံကိုတုန်ပြီး ဆိုပြသွားတဲ့အက...
အခုထက်ထိ အဲဒီအကကို မမေ့ပါဘူး။

အဲလိုမင်းသမီးမျိုးတွေ ရှိရင်တော့ အငြိမ့်တွေမှာ အကတွေကို ကျော်မကြည့်လောက်ဘူးလို့ ထင်ပါတယ်။ ဘာပဲပြောပြော အငြိမ့်ဆိုတဲ့ သဘင်ပညာကိုတော့ မပပျောက်စေချင်တာ အမှန်ပါ။ မင်းသမီးကောင်းကောင်းနဲ့ သီချင်းကောင်းကောင်းလေးတွေ ကနိုင် ဆိုနိုင်ကြရင် ဘယ်လောက်များ ကောင်းလိမ့်မလဲနော်။

P.S. ချိုကိုဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အတွေးနဲ့ ခံစားချက်တွေပါ။ ပညာရှင် ရှုထောင့်ကကြည့်လို့ ရယ်ချင်စရာ ဖြစ်နေရင် ခွင့်လွှတ်ပါလို့။ အငြိမ့်မင်းသမီးတွေ ကတာကို မကြည့်ချင်ကြတာဘာလို့ပါလိမ့်လို့ စဉ်းစားမိပြီး ရေးလိုက်တာပါ။ လိုတာရှိရင် ပြောနိုင် ဆူနိုင်ပါတယ်။

လွန်ခဲ့တဲ့ တစ်လ ကျော်ကျော်လောက်က သူငယ်ချင်းတစ်ယောက်က Harry Potter နောက်ဆုံးစာအုပ် e-book ထွက်နေတယ်တဲ့။ ဘယ်ကဘယ်လို ထွက်လာတယ်မသိဘူး။ အရမ်းဂရုစိုက်တယ်လို့ ကြားဖူးပါတယ်လို့။ သူကလည်း မသိဘူးတဲ့။ စိတ်ထဲမှာ ၀မ်းနည်းသွားတယ်။

ဒီစာအုပ် Series ရဲ့ ပထမဆုံးစာအုပ် Philosopher's Stone ကို ၁၀တန်းတက်နေတုန်း Time's မဂ္ဂဇင်းမှာ တော်တော်လေး လူကြိုက်များနေတဲ့ စာအုပ်တအုပ်လို့ ဖတ်လိုက်ရတယ်။ ရေးထားတာကတော့ ကလေးအကြိုက် စာအုပ်တအုပ်တင်မကပဲ လူငယ်တွေ၊ လူလတ်ပိုင်းတွေပါ စိတ်ဝင်စားအောင် မြှုပ်ကွက်လေးတွေနဲ့ ရေးထားလို့ စုံထောက်ဆန်ဆန် သဘာဝလွန် တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်ပါတဲ့။ ငယ်ငယ်ကတည်းက သဘာဝလွန်ကိစ္စတွေကို စိတ်ဝင်စားတတ်တော့ ဇာတ်လိုက်ကောင်လေးက စုန်းအတတ် တတ်တယ်ဆိုတာနဲ့တင် တော်တော်ဖတ်ချင် နေမိတယ်။

စာမေးပွဲဖြေခါနီး ကျူရှင်တွေလည်းပိတ်၊ ကျောင်းလည်းပိတ်ထားတဲ့ တနေ့မှာ ပျင်းပျင်းနဲ့ ဦးလေးရဲ့ စာအုပ်ပုံကိုမွှေမိရင်း Harry Potter ဆိုတာလေးကိုတွေ့လိုက်တယ်။ ဘယ်လိုပျော်သွားမှန်းကို မသိတာပါ။ ကိုယ့်ကိုကိုယ် ၁၀တန်းဆိုတာမေ့၊ မကြာတော့တဲ့ အချိန်မှာ ရောက်လာမယ့် စာမေးပွဲဆိုတာကြီးကိုမေ့၊ ထမင်းလည်းမေ့၊ ဟင်းလည်းမေ့ ပါပဲ။

ပထမတအုပ်နဲ့တင် ဒီစာအုပ်ဘာလို့ နာမည်ကြီးသလဲ သဘောပေါက်သွားခဲ့တယ်။ J.K.Rowling ဟာ တော်တော်ကို စေ့စေ့စပ်စပ်ရေးနိုင်တာပဲ။ ဇာတ်လမ်းမှာ ဘယ်နေရာမှ ဟာကွက်ဆိုတာမရှိပါဘူး။ ရှေ့ပိုင်းမှာ အမှတ်မထင်ရေးထားတယ် ထင်ရတာလေးတွေက နောက်ပိုင်း ပြဿနာတွေကို ဖြေရှင်းတဲ့အချိန်မှာ ပြန်အသုံးပြုဖို့ အစီအစဉ်တကျ ရေးခဲ့တာလေ။ အဲဒါလေးတွေကို အရမ်းသဘောကျမိတယ်။ စုန်းအတတ်မှာလည်း လူကောင်းနဲ့ လူဆိုးရှိပြီး လူတွေမသိတဲ့ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေလည်းရှိတယ် ဆိုတာကို သေသေချာချာ ပီပီပြင်ပြင် ရေးထားနိုင်တာကိုး။ ဖတ်ရင်းနဲ့တောင် စိတ်ကူးယဉ်မိ ပါသေးတယ်။ ချိုကို့ကိုလည်း အဲလို စုန်းပညာ သင်တဲ့ကျောင်းက လာခေါ်ရင် ဘယ်လိုများနေမလဲလို့လေ။ အော် ရူးခဲ့တဲ့ အချိန်တွေများ ပျော်စရာ တော်တော်ကောင်း။

ကျောင်းတက်ဖို့ သူများနိုင်ငံကိုထွက်လာရတော့ ဟယ်ရီ့ လိုပဲ အခုတော့ တစ်ယောက်တည်းပါလားဆိုပြီး ပိုကြိုက်မိပြန်ပါရော။ ဒီလိုနဲ့ စာအုပ်လေးထွက်တိုင်း နေ့မကူးခင် ၀ယ်ဖတ်လာတာ အခုနောက်ဆုံးတစ်အုပ်တဲ့။ သူငယ်ချင်းကပေးလာတယ်။ ဖတ်လည်းဖတ်ချင်တယ်။ ဖတ်လည်းမဖတ်ရက်ဘူး။ J.K.Rowling က ဇူလိုင် ၂၁ရက်မှ ဖြန့်မှာတဲ့။ သူက ကိုယ့်ဆီ ကြိုရောက်နှင့်နေပေါ့။ ဖတ်လိုက်လို့ပြီးသွားရင်လည်း နောက်တစ်အုပ်ဆိုတာက မရှိတော့ဘူး။ ဖတ်မယ်ဆိုပြီး ကွန်ပျူတာရှေ့ထိုင် မဖတ်သေးပါဘူးလေဆိုပြီး ထသွားနဲ့ ၄၊ ၅ ညလောက် လုပ်လိုက်ပါသေးတယ်။ နောက်တော့လည်းမနေနိုင်တာနဲ့ ဖတ်မဟဲ့။ စာအုပ်ထွက်တော့မှ ၀ယ်သိမ်းမယ်ဆိုပြီး ဖတ်လိုက်တာစာမျက်နှာက ၆၅၀ ကျော်ကျော်ရှိတယ်။ ဆက်တိုက်မဖတ်နိုင်တော့ တစ်ပတ်လောက် ဖတ်လိုက်ရတယ်။ ဒါပေမယ့် ဇာတ်သိမ်းကြီးကို လုံးဝမကျေနပ်နိုင်ဘူး ဖြစ်နေတယ်။ ဖတ်ဖူးနေကြ ဇာတ်ကွက်မျိုးမဟုတ်သလိုလို ခံစားရတယ်။ ထင်မိတာက ကိုယ်တိုင်ပဲ ဇာတ်လမ်းပြီးသွားတာကို လက်မခံနိုင်လို့ စိတ်ထဲမှာ ငြင်းနေမိတာလားပေါ့။

အခုတော့ မဟုတ်ပါဘူးတဲ့ရှင်။ အဲဒီ ကြိုထွက်နေတယ်ဆိုတာက အစစ်မဟုတ်ပါဘူးတဲ့။ သိသိခြင်းမှာ ရသမျိုးစုံ ခံစားလိုက်ရတယ်။ အချိန်ကုန်ခံ၊ မျက်စိအညောင်းခံ ဖတ်ခဲ့တာတွေကို နှမြောသလိုလို၊ အစစ်ကို ဖတ်ရဦးမယ် ဆိုလို့ ပြီးပြီထင်ပြီး စိတ်ညစ်ခဲ့ရာကနေ ပျော်ပျော်သလိုလို၊ မကြိုက်တဲ့ဇာတ်သိမ်းက အစစ်မဟုတ်ဘူး ဆိုတော့ ဘယ်လိုဇာတ်သိမ်းလေးများ လာမလဲဟဲ့လို့ စဉ်းစားပြီး ရင်ခုန်သလိုလို၊ တော်တော်ကို ဂနာမငြိမ် ဖြစ်သွားပါတယ်။ ဒါကြောင့် ဒီပို့စ်လေးကို ကောက်ရေးမိတာပါ။

ဘယ်လိုပဲပြောပြော ဒီစာကိုရေးတဲ့ ပရိသတ်တစ်ယောက် ဆိုတဲ့သူကိုလည်း တော်တယ်လို့ထင်ပါတယ်။ စာမျက်နှာ ၆၅၀ကျော်မှာ နောက်ဆုံးနားလောက်ပဲ မူရင်းရေးဟန်နဲ့နည်းနည်းကွဲလွဲသွားပြီး ကျန်တာတွေပီပီပြင်ပြင် ရေးနိုင်တာ မသေးတဲ့အရည်အချင်းပါ။ တဖက်ကကြည့်ရင်တော့ ၀တ္ထုရဲ့ နာမည်ကြီးမှုကို အလွဲသုံးစားလုပ်လိုက်သလို မြင်မိပြန်ပါတယ်။ ဘယ်လိုပဲပြောပြော ဖတ်နေတုန်းကတော့ တကယ်ခံစားခဲ့ရပါတယ်။ ကျန်တဲ့သူတွေလည်း တကယ့်စာအုပ်မထွက်ခင် ဖတ်ကြည့်ချင်တယ်ဆိုရင် Harry Potter and The Deathly Hollows/ The Seventh Horcrux (Fan's Work) .

ဒီလိုဆိုရင်တော့ ထွက်တဲ့နေ့မှာ စာအုပ်ဆိုင်သွား တန်းစီရဦးတော့မှာပါလား။ ပျော်စရာကြီး။

ဟိုတလောကတည်းကစခဲ့တဲ့ လုပ်ငန်းတစ်ခု အကောင်အထည်ပေါ်လာပြီ ဆိုတော့ ၀မ်းသာလိုက်တာ။ အမှန်တော့ သူတို့တွေ တိုင်ပင်ထားကြတာကြာပြီးမှ ချိုကို သိခဲ့တာပါ။ ဒီလောက်ထိဖြစ်လာဖို့ ဘယ်လို ကြိုးစားခဲ့ရတယ်ဆိုတာ သူတို့မှပဲ သေချာသိမှာပါ။ မလွယ်တာတော့သေချာပါတယ်။ အထူးသဖြင့် အခုလို ဟိုကဖိ ဒီကနှိပ် လုပ်နေတဲ့ အချိန်ကြီးမှာ NGO တခုလုပ်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တာပါ။

အခုတော့ တော်တော်များများ ပြီးစီးသလောက်ဖြစ်နေတယ့် ချိုကိုတို့ သူငယ်ချင်းတစုရဲ့ ပရဟိတလုပ်ငန်းလေး အသက်ဝင်လာတော့မယ်လေ။ သူ့နာမည်လေးက ကြာဖြူ တဲ့။ ဖြူစင်မြင့်မြတ်ခြင်းရဲ့ သင်္ကေတ။ ဘာအရောင်မှဆိုးထားခြင်းမရှိတဲ့ စေတနာ နဲ့ ဘာကိုမှ ပြန်မမျှော်လင့်ထားတဲ့ မေတ္တာ ပေါင်းစပ်ထားတယ်လို့ ခံစားမိပါတယ်။ သေချာပါတယ် ချိုကိုတို့ တခုတော့ပြန်ရမှာပါ။ အဲဒါကတော့ ပီတိ။

မြန်မာနိုင်ငံမှာ မိဘတွေအဆင်မပြေလို့ စာမသင်နိုင်တဲ့ ကလေးဆိုတာ ပုံမှန်ဖြစ်နေကြ မီးပြတ်တာ၊ ရေကြီးတာလောက်တောင် အရေးမပါတော့သလို ဖြစ်နေခဲ့ပါပြီ။ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးနေကြတဲ့ ကလေးတွေ၊ မီးပွိုင့်မှာ ပန်းကုံးလေးတွေ၊ဂျာနယ်တွေ လာရောင်းတဲ့ကလေးတွေကို မျက်စေ့ယဉ်ပါးလာပြီး နိုင်ငံရဲ့အနာဂတ်တွေ နေလှန်းခံနေရတယ်လို့ မထင်ကြတော့ပါဘူး။

အဲဒီလိုကလေးတွေကို ကူညီနိုင်အောင် ဒီအဖွဲ့လေးကို စိတ်ကူးရခဲ့တဲ့ သူငယ်ချင်း တွေကိုလည်း လေးစားပါတယ်။ စိတ်ကူးတင်ရပ်မနေကြပဲ လက်တွေ့အထိ ယူလာနိုင်လို့ ပိုလေးစားမိပါတယ်။ ဒီအဖွဲ့လေး အဓွန့်ရှည်အောင်၊ ပိုပြီးကျယ်ပြန့် လာအောင် ကြိုးစားဖို့တော့ ကိုယ်တိုင် ပါတာဝန်ရှိလာပြီပေါ့လေ။ ဒီတာဝန်အတွက် ဘယ်လောက်ပျော်နေတယ်ဆိုတာတော့ မပြောပြနိုင်လောက်အောင်ပါပဲ။

ဖြစ်ချင်တာတွေ အများကြီးထဲက တစ်ခုတော့ဖြစ်လာတော့မှာပေါ့လေ။

ကြာဖြူလေးရဲ့ အဖွဲ့ဝင်ဖြစ်ခွင့်ရခြင်း အမှတ်တရ

အခုတလော Myanmarteashop ဆိုတဲ့ ဖိုရမ်လေးကိုသွားဖတ်မိတယ်။ မြန်မာနိုင်ငံအကြောင်း ဆွေးနွေး ထားကြတာ လေးစားစရာ၊ အားကျစရာ အများကြီးပါပဲ။ ပြည်သူတွေဆိုတာ တိုင်း ပြည်အတွက် အကြီးမားဆုံး အင်အားတဲ့။ အပြောင်းအလဲကိုလိုချင်ရင် ပြည်သူကိုယ်တိုင် လုပ် ယူရမယ်တဲ့။ ပြည်သူထဲက ပြည်သူတယောက် ဖြစ်တဲ့ ငါက ဘာလုပ်ရမှန်းမသိ၊ ယောင်တောင် တောင်ဖြစ်နေတာကို စိတ်ကုန်လိုက်တာ။

ကြောက်စိတ်ဆိုတာကြီးရှိနေလို့...
ငါကြောက်တာတွေတော်တော်များပါလား...
ငါ့မိဘတွေ ဒုက္ခရောက်၊ စိတ်ဆင်းရဲ လူဆင်းရဲ ဖြစ်မှာကိုလည်း ကြောက်တယ်...
ငါ့မောင်နှမတွေ ပညာရေးဆုံးခန်းမတိုင်ဘဲ ဖြစ်နေမှာကိုလည်း ကြောက်တယ်...

ငါ့လိုကြောက်နေကြတဲ့သူတွေ ဘယ်လောက်များ ရှိနေပြီလဲ...

Freedom from Fear တဲ့...
မဟုတ်တာကို မဟုတ်ဘူးလို့ ပြောလိုက်ရမှာ အရမ်းကြောက်နေရတဲ့ဘ၀ကို ခင်တွယ်နေမိတာကို ငါမုန်းတယ်...
မှားနေမှန်းသိရက်နဲ့ မပြောရဲလို့ ငြိမ်ခံနေလိုက်ရတဲ့ဘ၀ကို ဖျက်ဆီးခံလိုက်ရမှာ စိုးရိမ်နေတာကို ငါမုန်းတယ်...
လိမ်တတ်တဲ့သူတွေကြီးပွား အမှန်တရားခေါင်းပါးနေတဲ့ တိုင်းပြည်ကိုပြန်ခွင့်မရှိမှာ ကြောက်နေမိတာကို ငါမုန်းတယ်...

တကယ်တော့ ငါဟာ အတွေးထဲမှာတောင် သတ္တိမကောင်းတဲ့ ပြည်သူတယောက်ဖြစ်နေပြီလား...

ငါ့လိုကြောက်နေကြတဲ့သူတွေ ဘယ်လောက်များ ရှိနေပြီလဲ...

ဘလော့ဂ် တဲ့။
သူများတွေရေးတာတွေဖတ်ရတော့ အားကျတယ်။ သူတို့လို မရေးနိုင်မှန်းတော့ သိပါတယ်။ နည်းနည်းတော့ ကြိုးစားကြည့်လိုက်ဦးမယ်။ အားပေးကြမယ်ဆိုရင် အသက်ထွက်အောင်ကဖို့ ၀န်မလေးပါဘူး။ ငယ်ငယ်ကရေးထားတဲ့ ခပ်ကြောင်ကြောင်ကဗျာလေးနဲ့ စဖွင့်လိုက်ပါတယ်။

ငါ... ... ....

အားလုံးမှားတဲ့ သင်္ချာတပုဒ်
အဖြေထုတ်တာ ငါမှန်တယ်။

အားလုံးမအောင်တဲ့ ဒီတိုက်ပွဲ
တယောက်တည်းနွှဲတာ ငါနိုင်တယ်။

လူတိုင်းပျော်တဲ့ အချစ်စစ်ပွဲ
တစ်ဦးတည်းသော ငါ ကျရှုံးတယ်... ... ...

Newer Posts Home