ပထမတင်လိုက်တဲ့ စာကနည်းနည်းတိုနေလို့ ကလေးအတွေး ဟာသလေးတွေ ထပ်တင်လိုက်ပါတယ်။ Reader's Digest ကပါ။

မတက်နဲ့...
ဝိတ်လျှော့ရေး ကြိုးစားနေကြသူများ အစည်းအဝေးအပြီးမှာ ဥက္ကဋ္ဌဟာ အသင်းဝင်တစ်ဦးရဲ့ ကလေးငယ် တစ်ယောက် ပေါင်ချိန်စက် ပေါ်တက်နေတာကို တွေ့လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သူ့ထက်အသက် အနည်းငယ်ပဲကြီးမဲ့ အစ်ကိုလို့ထင်ရတဲ့ ကလေးက လှမ်းအော်ပါတယ်၊ "မတက်နဲ့ကွ။ အဲဒါက လူတွေကို ငိုအောင်လုပ်တယ်"တဲ့။ ။ ။

တူတာတခုကတော့...
အသက် ၁၀နှစ်ရှိတဲ့ လော်ရီကလေးကို မင်းအဖေနဲ့ အမေမှာ သဘောထားချင်းတိုက်ဆိုင်တာ ဘာတွေရှိလဲလို့ မေးပါတယ်။သူက "တူတာကတော့ နှစ်ယောက်လုံး နောက်ထပ်ကလေးမယူပါရစေနဲ့တော့တဲ့"။ ။ ။

ဘာလုပ်ကြသလဲ...
ပထမဆုံးချိန်းတွေတဲ့ အခါ စုံတွဲတွေဘာလုပ်ကြသလဲ။
တော်တော်များများက လိမ်ပြောကြတယ်။ အဲလိုနဲ့ပဲ တစ်ယောက်နဲ့ တစ်ယောက်နောက်တစ်ခါ ထပ်တွေ့ဖို့ စိတ်ဝင်စားသွားကြရောတဲ့။ ဖြေတဲ့သူက ၁၀နှစ်သား မာတင်ပါ။

နောက်ဆုံးတစ်ခုကတော့ အိမ်ကမောင်လေးရဲ့ ဂန္တ၀င်ဟာသပါ။
မေမေနဲ့ဖေဖေဟာ သားသမီးတွေအတွက် အကုန်အကျများကြောင်း ညည်းငြူ နေပါတယ်။အဲဒီအချိန်မှာ ချိုကိုက ၀င်ပြောလိုက်တယ် "ဒါကြောင့်ဘယ်တော့မှ ကလေးမမွေးဘူး" လို့။အဲဒီတော့ မောင်လေးက "ဟာ၊ ဘယ်ဖြစ်မလဲ၊ ကလေးမရှိရင် စိတ်တိုတဲ့အခါ၊ ဒေါသထွက်တဲ့အခါ ဘယ်သူ့ကို ဆူမလဲ" တဲ့။

အဲလိုလွတ်လွတ်လပ်လပ် စိတ်ထဲရှိတာ ပြောလို့ရတဲ့အချိန်လေးကို လွမ်းမိတယ်။ အခုတော့ ဟန်ဆောင်မျက်နှာဖုံးနဲ့ မပြုံးချင်လည်းပြုံး၊ ပြုံးချင်လည်းပြုံး...

ဒီအကြောင်းကို ရေးမလို့စဉ်းစားထားတာ ကြာပါပြီ။ ဒါပေမယ့် ကိုယ်တိုင်လည်းတခါတလေ မှားတတ်၊ လွဲတတ်လို့ ရေးဖို့လက်တွန့်နေခဲ့တာ။ ဘာအကြောင်းလည်း ဆိုတာတော့ ဖတ်ကြည့်ရင် သဘောပေါက်ကြမှာပါ။

တနေ့က အိမ်မှာရှိတဲ့ Primary တက်နေတဲ့ မောင်ဝမ်းကွဲလေးနဲ့ အေးဆေးစကားပြောဖြစ်ပါတယ်။ ခါတိုင်းဆိုသူက ဂိမ်းဆော့နေတာနဲ့ ကိုယ်ကလည်း ကွန်ပျူတာသုံးနေတာဆိုတော့ အမှတ်တမဲ့ပါပဲ။ တနေ့ကတော့ နေ့ခင်းဖက်ပျင်းလည်းပျင်းတာနဲ့ သူဂိမ်းဆော့တာထိုင်ကြည့်ရင်း စကားပြောကြတော့ ဗမာစကားတော်တော်များများကို သူမေ့နေပါပြီ။ သူဒီကိုရောက်တာ တစ်နှစ်သာသာလေး ပဲရှိပါသေးတယ်။ ဒါပေမယ့် စကားတော်တော်များများကို သူမမှတ်မိတော့ပါဘူး။ သူနဲ့စကားပြောရတာ တော်တော်လည်း ရယ်ရပါတယ်။ သူဆော့နေတဲ့ဂိမ်းထဲက အကောင်တွေက ကြောက်ဖို့ကောင်းတယ် ဆိုတာကို “အကောင်တွေက ထိတ်လန့်စရာကြီးနော်" တဲ့။ သူ့ခမျာ စကားနဲ့ စာနဲ့ မခွဲတတ်တော့ဘူး ဖြစ်နေတယ်။ ဒါတောင် အိမ်မှာဆို ဗမာလိုပဲပြောကြတာပါ။ အသုံးနည်းတဲ့ စကားလုံးတွေသူမမှတ်မိတော့ပါဘူး။ ကြာရင်ဗမာစကားကို တော်တော်ခက်ခက်ခဲခဲ ပြောယူရမယ့်ပုံရှိပါတယ်။ ဒါက ကလေးတစ်ယောက်ရဲ့ တကယ်မမှတ်မိတော့လို့ မှားတာပါ။

ဒါပေမယ့် တချို့သောသူတွေကတော့ ဖက်ရှင်လုပ်ပြီးကို မေ့ချင်ယောင် ဆောင်နေကြပါတယ်။ နိုင်ငံခြားမှာနေတာကြာလို့ ဗမာလိုတောင် မေ့နေပြီဆိုတာကို ဂုဏ်ယူပြီးပြောတတ်ကြပါတယ်။ အဲလိုလူတွေများလာရင် ဗမာစကားရဲ့ အခြေအနေရင်လေးစရာပါ။ အမျိုးထဲမှာ တစ်ယောက်ရှိပါတယ်။ နိုင်ငံခြားမှာနေတာ ၄နှစ်လောက်ရှိပါပြီ။ ၁နှစ် တစ်ခါ မြန်မာပြည်ပြန်လည်ပါတယ်။ သူက ပန်းဝယ်ချင်တာကို ပန်းသည်ကိုတောင် မခေါ်တတ်တော့လို့ပါတဲ့။ ပန်းသည်ကို ဘယ်လိုလှမ်းခေါ်လိုက်ရမလဲတဲ့။ အနားရှိတဲ့သူတွေတော့ ဘယ်လိုနေသလဲမသိပါဘူး၊ တဆင့်ပြန်ကြားရတဲ့သူတော့ တော်တော်ကို နားကြားပြင်းကပ်ရပါတယ်။ နောက်ပြီး ၀က်သားကိုလည်း သူ့ခမျာ “၀က်သာ” ပါတဲ့။ စကားမပီလို့ သူကတိုင်းရင်းသူလေးလားလို့တော့ မထင်လိုက်ကြပါနဲ့။ ဗမာပြည်မှာနေတုန်းက ၀က်သားကို ၀က်သားလို့ ပီပီသသပြောခဲ့တဲ့ ဗမာစစ်စစ်ကြီးပါ။ အင်း ဖက်ရှင်ထွင်ကြတာများ လွန်လှပါလားလို့။

အရင်ကတော့ နိုင်ငံခြားကပြန်လာလို့ မြန်မာလိုမပြောတတ်ရင် ဘိလပ်ပြန် မောင်သောင်းဖေ ဆိုပြီးဝိုင်းစကြ၊ နောက်ကြပါတယ်။ အခုတော့ ဒါကိုပဲ လူအထင်ကြီးစရာကြီး တစ်ခုလိုဖြစ်နေကြတာ နားမလည်နိုင်အောင်ပါပဲ။ ချိုကိုလည်း တခါတလေမေ့ပါတယ်။ မြန်မာလိုက အမြဲတမ်းပြောနေရတာမဟုတ်တော့ တချို့စကားလုံးတွေကို တော်တော်စဉ်းစားရပါတယ်။ ဒါပေမယ့် အဲဒါကိုတော့ မကြွားချင်ပါဘူး။ ဗမာဖြစ်ပြီး ဗမာစကားမတတ်တာ ကြွားစရာ မဟုတ်ဘူးလို့ထင်ပါတယ်။ ကျောင်းနေခဲ့တုန်းကလည်း တော်တော်တွေ့ပါတယ်။ စကားပြော မှားကြတာတွေ။ ကိုယ်တိုင်ကလည်း မနေနိုင်တော့ ပြင်ပေးမိတယ်။ သူတို့ကခေါ်ကြတယ်၊ စကားတောင်စားတဲ့။ ကိုယ်ကမှမနေတတ်တော့ ပြောလည်းခံရုံရှိတော့တာပေါ့။

မှတ်ချက်။ ။ တမင်ဘန်းစကားအနေနဲ့ပြောကြတဲ့ ရေချမ်းချမ်းတစ်ခွက်တို့လို စကားမျိုးကိုမဆိုလိုပါ။

ဒီခေါင်းစဉ်လေးကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်းအနိစ္စ ရောက်တာနဲ့ စိတ်များ ကတောက်ကတက်ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။

“ဘုန်းဘုန်း တာ့ တာ” ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲဖြစ်ဖြစ် “တာ့-တာ” လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။

မြို့ပေါ်တွင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့-တာက တောကြိုအုံကြားအထိ ပျံ့နှံ့ ဆင်းသက်လို့ နေပါတယ်။

ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီး နှုတ်ဆက်စရာစကား တစ်ခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်း ဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။

“တာ့-တာ” ဆိုတာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပါယ်ရှိတယ် ဆိုတာကို ဇာစ်ဇာစ်မြစ်မြစ်သိကြတာလဲ မဟုတ်ပါဘူး။ နို့ပေမယ့် လက်ကလေးလှုပ်ပြပြီး တွေ့ကရာလူကို “တာ့-တာ” နေကြပါတယ်။ တချို့ကများ ကဲသထက်ကဲပြီး “ဘိုင့်ဘိုင် - တာ့တာ - ချဲရီးယို” အထိ လုပ်နေကြလေရဲ့။

ကျွန်မတို့ငယ်ငယ်တုန်းကတော့ အိမ်တစ်အိမ်ကပြန်တော့မယ်ဆိုရင် အမေကသင်တာ လူကြီးတွေကို “ဦးတင်ပါသေးရဲ့” လို့ ပြောပြီး နှုတ်ဆက်ခဲ့ရမယ်တဲ့။ နည်းနည်းကြီးလာတော့ “ကျွန်မကို ခွင့်ပြုပါဦး” လို့ နှုတ်ဆက်ခဲ့ရတယ်။ နောက်တော်တော်ကြီးလာပြန်တော့ “ပြန်ပါဦးမယ်နော်” လို့ ပြောရတယ်။ ဒါမြန်မာ့နှုတ်ဆက်နည်း ဖြစ်မှာပါပဲ။ ခုခေတ်လို လက်ကလေးပြပြီး “တာ့-တာ”လို့ ဆိုမိရင် အမေက လက်များပုတ်ချမလား မသိဘူး။ ပြီးတော့ “ဘာလဲ ညည်းတို့စကားက တာတယ်ဆိုတာ ကောင်းမှတ်လို့ လူထဲသုံးနေရတာလား” လို့ ငေါက်မှာ အမှန်ပါပဲ။

မြန်မာစကားက လူပေါ်စ အဆင့်မျိုး မဟုတ်ပါဘူး။ ကြွယ်ဝပါတယ်။ ဝေါဟာရ မဆင်းရဲပါဘူး။ လူကြည့်ပြီး အသက်နဲ့အလိုက် ဂုဏ်သိက္ခာနဲ့အလိုက် သုံးနှုန်းပြောဆိုရတဲ့စကားမျိုးပါ။ ဒီလိုယဉ်ကျေးမှုဟာ လူမျိုးတိုင်း မှာတောင် မရှိပါဘူး။ လူ့ယဉ်ကျေးမှု သမနိရှည်လှတယ်ဆိုတဲ့ တရုတ်တို့လို လူမျိုးအချို့မှာသာ ရှိတာပါ။
အဖေလုပ်တဲ့လူအပေါ်ကို ကိုယ်ဘယ်လောက်ကြီး မကျေလည်ပေမယ့် “မင်းကလဲကွာ” လို့ မြန်မာစကားက ပြောလို့မရပါဘူး။ “ခင်ဗျားကြီးကလဲဗျာ” လို့ ပြောမိရင်တောင် “အဖေကို ခင်ဗျားလုံးကြီး ရိုက်ပြောတာ ရိုင်းလိုက်တာ” လို့ ဆိုပါသေးတယ်။ “ယူကလည်း ဂွကျလိုက်တာ” လို့ ပြောချင်လို့လည်း မဖြစ်ပါဘူး။ “အဖေကလည်း အဖေရာ” ဆိုတာမျိုးကို အလွန်ဆုံးပြောရတာပါ။ မြန်မာမှာ ကိုယ်ကပြောချင်တဲ့လူနဲ့ တန်ရာဝေါဟာရကို ရွေးပြီး သုံးစွဲရပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုပဲ။

ခုတော့ ရည်းစားလည်း “တာ့-တာ”၊ သူငယ်ချင်းလည်း “တာ့-တာ”၊ ဘုန်းကြီး ရဟန်းလည်း “တာ့-တာ” တဲ့။ ဘယ်လိုများ ဖြစ်နေကြတယ် မသိပါဘူး။

ကျွန်မတို့ မိုးကုတ်သွားလည်ကြတော့ မိတ်ဆွေတွေကို ပြန်မယ်လို့ နှုတ်ဆက်တဲ့အခါ အိမ်တိုင်းက ပြန်နှုတ်ဆက်တဲ့စကားက “ဖြည်းဖြည်း ပြန်ပါရှင်” တဲ့။ ဒါဟာ ပြန်ခါနီး လူကို မိုးကုတ်က နှုတ်ဆက်တဲ့စကားပါ။ မိုးကုတ်မှာ လမ်းတွေက မြေပြင်လမ်း မဟုတ်ဘူး။ အတက်အဆင်း၊ အကွေ့အကောက်တွေ၊ ကားနဲ့ခရီးသွားရတာ၊ ကားအမြန်မောင်းရင် အသက်အန္တရာယ်နဲ့ တွေ့ရတာ၊ တွေ့ပေါင်းလည်း မရေတွက်နိုင်ဘူး။ ဒါကြောင့် သူတို့ဆီမှာ ခွဲခါနီး နှုတ်ဆက်တဲ့ လူတိုင်းကို “ဖြည်းဖြည်းပဲပြန်ပါ” လို့ နှုတ်ဆက်မှာ မှာတာထင်ပါရဲ့။ မေတ္တာစေတနာ ကရုဏာအပြည့်နဲ့ နှုတ်ဆက်လိုက်တဲ့ စကားမို့ ကြားရသူရဲ့ နားထဲမှာ ချမ်းမြေ့ကြည်နူးလိုက်တာ။ တာ့-တာ နဲ့ မကွာလား။

မြန်မာမှာ နှုတ်ဆက်စကားတွေ ကြွယ်ကြွယ်၀၀ ရှိပြီးသားပါ။

လူထုဒေါ်အမာ(သောင်းပြောင်းထွေလာမဂ္ဂဇင်း)


-----။-----
ဒါလေးကို ဖတ်မိတော့ ကိုယ်တိုင်ကလည်း တာ့-တာ နေမိတာကို သတိရပါတယ်။ ဘယ်တုန်းက စသုံးခဲ့မှန်းမမှတ်မိပေမယ့် ဘိုင့်ဘိုင် လို့မပြောပဲ တာ့တာ လို့ပြောလာတာ တော်တော်ကြာပါပြီ။ သိမိသလောက်တော့ တာ့တာဆိုတာ British အသုံးပါ။ “Ta Ta” လို့ သူတို့စာလုံးပေါင်းကြပါတယ်။ ဒါပေမယ့် စာလုံးရဲ့အတိအကျ အဓိပ္ပါယ်ဆိုပြီးတော့ ရေးသားထားတာတော့ မတွေ့မိသလိုပါပဲ။ ကလေးတွေ အဖွားကို “Na Na” လို့ခေါ်သလို ကလေးပြောတာကို လိုက်တုပြောကြတဲ့ နှုတ်ဆက်စကားလို့ထင်ပါတယ်။

တာ့တာဆိုတဲ့ စကားလေးကို ကြိုက်ပါတယ်။ ဒါပေမယ့် အဖွားမာ ပြောသလို နေရတကာတိုင်း တာ့တာနေတာတော့ တော်တော်ကြားရဆိုးပါတယ်။ အမှန်ပါပဲ။ ငယ်ငယ်ကပြန်မယ်ဆိုရင် အိမ်ကလူကြီးတွေ ပြောခိုင်းတာက “အန်တီ၊ဦး ပြန်လိုက်ပါဦးမယ်ရှင်”။ အဖွားမာပြောသလို “ဦးတင်ပါသေးရဲ့” ဆိုတာလေးကို အရမ်းသဘောကျမိပါတယ်။ မိုးကုတ်ကပြောတဲ့ ‘ဖြည်းဖြည်းပြန်ပါရှင်” ဆိုတဲ့ စကားလေးကိုလည်း နှစ်သက်မိပါတယ်။ အခုတော့ ဆရာ၊ဆရာမ အိမ်သွားလည်ပြီး ပြန်လဲ တာ့တာ၊ အဖိုးအဖွားအိမ်လည်း တာ့တာ။ ရင်းနှီးတဲ့ ဦးပဇင်းတချို့ကိုတောင် တာ့တာ လုပ်ကြတာ မြင်ဖူးပါတယ်။
လူထုဦးလှရဲ့ တပည့်တော်မကြွပါဦးမယ်ဘုရား ဆိုတဲ့ ပုံပြင်လေးကိုပါ ထပ်ပြီးသတိရမိ ပါတယ်။
-----။-----
ရွာတစ်ရွာမှာ သားအမိ၊သားအဖ သုံးယောက်ရှိသတဲ့။ တစ်မိသားစုလုံးဟာ ဘာသာတရားကိုင်းရှိုင်းပြီး ရွာဦးကျောင်းရဲ့ နေ့စဉ်ဆွမ်းတကာ၊တကာမတွေပေါ့။ သမီးဖြစ်သူဟာ နေ့စဉ်ဆွမ်းချိုင့်ပို့တဲ့ ကုသိုလ်ကို ယူသတဲ့။ ဆရာတော်ကြီး ဆွမ်းဘုဉ်းပေးတာကို ကြည်ကြိုပြီးမှ ဆွမ်းချိုင့်အလွတ်ကိုယူပြီး ပြန်တာပေါ့။ အဲဒီကောင်မလေးဟာ ပြန်ခါနီးတိုင်း ဆရာတော်ကြီးကို “တပည့်တော်မ ကြွပါဦးမယ် ဘုရား”လို့ နေ့တိုင်းလျှောက်တယ်တဲ့။ ဆရာတော်လည်း ဒီကလေးမ မဟုတ်သေးပါဘူး။ သူ့အမေလာမှ ပြောဦးမှပါ။ မသိလို့နေပါလိမ့်မယ် လို့ တွေးသတဲ့။

ဒီလိုနဲ့ တရက်မှတော့ သမီးဖြစ်သူမအားတာနဲ့ အမေကိုယ်တိုင်ဆွမ်းချိုင့် လာပို့သတဲ့။ ဆရာတော်လည်း ဒီတခါတော့ ပြောလိုက်မှပဲ ဆိုပြီး “တကာမကြီး၊ တကာမကြီး သမီးဟာ ဘုန်းကြီးကို ပြန်ခါနီးတိုင်း တပည့်တော်မ ကြွပါဦးမယ် ဘုရား လို့ချည်းလျှောက်နေတယ်ကွယ့်”လို့ ပြောလိုက်သတဲ့။ အမေလုပ်တဲ့သူဟာ အရမ်းကို ဒေါသထွက်သွားသတဲ့။ ရှက်လည်းရှက်သွားတာပေါ့။ ဒါနဲ့ပဲ ဆရာတော်ကို “တင်ပါ့ဘုရား၊ တပည့်တော်မ အပြစ်ပါပဲ၊ နောက်ဆို အဲလို မိန့်တော်မမူအောင် ဆုံးမလိုက်ပါ့မယ် ဘုရား”လို့ ပြန်လျှောက်သတဲ့။ ဆရာတော်လည်း ဘာပြန်ပြောရမှန်းကို မသိတော့ဘူးပေါ့ကွယ်။ နောက်ဆုံးတော့ တကာကြီးကို ပြောမှပဲလို့ စဉ်းစားမိသတဲ့။

ဥပုသ်နေ့မှာတော့ ဆွမ်းတကာဟာ သီလယူဖို့ ကျောင်းကိုလာပါတယ်။ ဒီအချိန်မှာ ဆရာတော်ကြီးက သီလမပေးခင် တကာကြီး၊ တကာကြီးသမီးက ဒီလိုလျှောက်လို့ တကာကြီးဇနီးကို ဘုန်းကြီးမိန့်တာကို ဇနီးက ဒီလိုပြန်ပြောသကွဲ့လို့ အကြောင်းစုံရှင်း သတဲ့။ အဲဒီအခါမှာ ဆွမ်းတကာဟာ ဒေါသထွက်လွန်းလို့ သီလတောင်မယူနိုင်ပဲ ဘုန်းကြီးကို အမြန်လျှောက်ပြီး အိမ်ကို ဒေါနဲ့မောနဲ့ ပြန်သွားသတဲ့။ သူဆရာတော်ကို လျှောက်သွားတာက “ဒီလောက်ဖြစ်လှတဲ့ သားအမိ နောက်ဆို အရှင်ဘုရားကျောင်းဝင်းထဲ ခြေတော်ရာတောင် မချစေရပါဘူး ဘုရား”တဲ့။
လူထုဦးလှ(ကျောင်းကန်အနီးမှ မြန်မာပုံပြင်များ)
-----။-----
TA TA ဆိုတာလေးကို ရှာကြည့်တော့ ဒီနှစ်ခုပဲ တိတိကျကျတွေ့ရပါတယ်။
တာ့-တာ ၁
တာ့-တာ ၂

ဘလော့ကိုလာဖတ်တဲ့ သူတွေကပြောတယ်။ စာရေးကြဲတယ်တဲ့။ မပျင်းနဲ့တဲ့။ ဟုတ်ကဲ့ ပျင်းတာတော့အမှန်ပဲ။ ဒါပေမယ့် စာရေးကြဲတာ ပျင်းတာတစ်ခုထဲကြောင့်တော့ မဟုတ်ပါဘူး။ ဘာရေးရမှန်းကို မသိလို့ပါ။

သူများတွေရေးကြသလို ကဗျာ ရေးရအောင်လည်း မော်ဒန်ကဗျာဆိုတာကို ဖတ်ရင်တောင်နားမလည်တာ။ ကိုယ်တိုင်ရေးဖို့ဆို ဝေလာဝေး။ ဒါဆို ကာရံနဲ့ကဗျာရော... ပိုဆိုးပါသေးတယ်။ ကာရံလှလှမယူတတ်... စာလုံးကျစ်ကျစ်မသုံးတတ်... ဘယ်လိုလုပ် ကဗျာရေးမလဲ။

ဒါဆို ခံစားချက်လေးတွေ၊ ရင်တွင်းဖြစ်လေးတွေ... အင်း ကဗျာထက် ပိုဆိုးမယ်ထင်တယ်။ အိမ်မှာဆို ဖေဖေက ခံစားချက်မရှိလွန်းလို့ သွေးအေးသတ္တ၀ါတဲ့။ တခါတလေများ သွေးကအေးရုံမဟုတ်ပဲ ခဲများနေလား သမီးရယ်တဲ့။ ကဲ... ဘယ်လိုလုပ် ရင်တွင်းဖြစ်ဆိုတာ ထွက်ပါတော့မလဲ။

ပညာရပ်ဆိုင်ရာတွေရော... ရေးချင်ပါတယ်။ ဖတ်တဲ့သူအကျိုးရှိတာပေါ့။ ဟဲဟဲ... တခုပဲ။ ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မသိ၊ နားမလည်။ ဖတ်တဲ့သူကို ဘယ်လိုရှင်းမလဲ။

နောက်တမျိုး... သတင်းတွေကို စုံအောင်လိုက်မဖတ်နိုင်သူအတွက် သတင်းလေးတွေ အမြည်းသဘော ရေးရင်ရော။ ကိုယ်တိုင်တောင် နှစ်ရက်တခါလောက် အလျင်မီအောင် မနည်းရယ်။ အဲဒီတော့ မဖြစ်ပြန်ဘူး။

ဒါနဲ့ပဲ သုံးရက်မှတခါလောက် လာလည်တတ်တဲ့ အတွေးလေးတွေကို အမိအရ ရေးနေရတာကို ခွင့်လွှတ်ကြပါလို့။ ဘာရေးသင့်လဲ အကြံလေးများရှိရင်လည်း ပေးကြပါလို့။ (ငပျင်း လို့ခေါ်သူများကိုတော့ ဟင်းဟင်း)

ကိုကြီးကလိုစေးထူးရဲ့ မရယ်ရသော ပြက်လုံး… ဆိုတဲ့ပို့စ်လေးကို ဖတ်မိတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ဖေဖေပြောခဲ့ဖူးတဲ့ အဖြစ်လေးကို သွားသတိရမိတယ်။

YITက ကျောင်းပြီးကာစ သူငယ်ချင်း အင်ဂျင်နီယာပေါက်စ နှစ်ယောက်ဟာ ကျောင်းပြီးတော့ အလုပ်ရှာမရလို့ မိဘဆီက ငွေလေးနဲ့ ကုန်စုံဆိုင်လေး တစ်ခုဖွင့်ကြပါတယ်။ တနေ့မှာတော့ ဈေးဝယ်မိန်းမတစ်ယောက်ဟာ ကလေးကိုကျောင်းကြိုပြီး အပြန်ဈေးဝင်ဝယ်ပါတယ်။ ဈေးဝယ်ပြီးလို့ ပြန်အထွက်မှာတော့ ကျောင်းတက် ပျင်းပုံရတဲ့ သူ့ကလေးကို "ကျောင်းမှန်မှန်တက်နော်၊ ပညာမတတ်ရင်တွေ့လား ဒီလိုပဲ ဈေးရောင်းစားရမယ်" တဲ့။

ဒီလိုအဖြစ်လေးကိုပဲ စာရေးဆရာမ မစန္ဒာကတော့ မစပ်သောငရုတ် တဲ့။ စက်မှုလက်မှု RIT ကျောင်းဆင်း အင်ဂျင်နီယာတစ်ယောက် ငါးဒိုင်လုပ်နေတဲ့ ဇာတ်လမ်းလေးပါ။ ငရုတ်ဖြစ်ပေမယ့် တာဝန်မကျေတဲ့ ငရုတ်၊ မစပ်တဲ့ ငရုတ်လို သင်ခဲ့တဲ့ပညာနဲ့ တိုင်းပြည်အကျိုးမပြုနိုင်တဲ့ ဘ၀ကို စိတ်ညစ်ပေမယ့် ၀မ်းရေးအတွက် လုပ်ကိုင်နေရတဲ့အကြောင်းလေးပါ။

ဒီအကြောင်းတွေဟာ မြန်မာနိုင်ငံကလူတွေ တခြားနိုင်ငံကိုဘာလို့ ထွက်ပြီးအလုပ်လုပ်ကြသလဲဆိုတဲ့ မေးခွန်းကို ဖြေနေသလိုပါပဲ။ ကိုယ်နိုင်ငံမှာ တ၀မ်းတခါးလှလို့ကတော့ ဘယ်သူမှ တခြားနိုင်ငံမှာ အောက်ကျနောက်ကျခံ မနေပါဘူး။ ယဉ်ကျေးမှုရော၊ တန်ဖိုးထားတဲ့စံတွေပါ ကွာခြားလှတဲ့ နိုင်ငံမှာ ပျော်နေနိုင်ကြမယ်လို့ ထင်နေကြရင် မှားပါလိမ့်မယ်။

ပညာနဲ့ထိုက်တဲ့ အလုပ်သာရပါစေ၊ မချမ်းသာဘူးဆိုရင်တောင် ပြန်လာလုပ်ကြမယ့်သူတွေ အပုံကြီးပါ။ အခုတော့ စက်ရုံကြီးတစ်ခုမှာ စက်ရုံမှူးဆိုတာက ရှေ့တန်းမှာ နိုင်ငံတော်အတွက် ခြေလက်အဂါင်္ကိုစွန့်လှူခဲ့ရတဲ့ ပုဂ္ဂိုလ်၊ တကယ်စက်ရုံကို လည်ပတ်နိုင်အောင်လုပ်ပေးနေတဲ့ သူတွေကတော့ ပင်စင်ယူတဲ့အထိ လက်ထောက်ဘ၀က မတက်နိုင်၊ စက်ရုံမှူးတွေသာ တစ်ယောက်ပြီး တစ်ယောက်ပြောင်းသွားတယ် လက်ထောက်ကတော့ မပြောင်းနိုင်၊ သူမရှိရင် စက်ရုံကမလည်နိုင်တော့တဲ့ အထိ ကျွမ်းကျင်နေခဲ့တယ်။ ဒါပေမယ့် အဲဒီလူခမျာ ဘယ်တော့မှ စက်ရုံမှူးဆိုတာ ဖြစ်လာမှာမဟုတ်သလို သူကိုယ်တိုင်ကိုက မမျှော်လင့်တော့ပါတဲ့။ ကဲ ဒီနိုင်ငံကြီးထဲ ဘယ်ပညာတတ်က လုပ်ချင်ပါတော့မလဲ။

ငရုတ်ဖြစ်မှတော့ စပ်ချင်ကြတာ သဘာဝပါ။ တချိန်ချိန်မှာတော့ ချိုကိုလည်း တိုင်းပြည်အတွက် ငရုတ်စပ်စပ်လေး တစ်တောင့်ဖြစ်ခွင့်ရချင်ပါသေးတယ်။ အခုများတော့…

Newer Posts Older Posts Home