ချွန်မြနေတဲ့ ကလောင်
----။----
ဓားသွား၊ လှံသွားထက် ကလောင်သွားက ပိုထက်သတဲ့။
ထက်လိုက်တဲ့ ကလောင်တွေ
ဟိုမှာလူတွေ အူတွေပွင့်ကျနေတာ
အထွေးလိုက် အထွေးလိုက်...

ဒီနေ့တော့ ပုံပြင်လေးတပုဒ်ပြောချင်ပါတယ်။ ပုံပြောရင် မောင်ညီမလေးတို့ရေ...လို့ စပြောရတယ်တဲ့။ အဲလိုလေးပဲစလိုက်ရအောင်နော်။ :P

မောင်ညီမလေးတို့ရေ...

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ ကောင်းကင်နက္ခတ်ပညာကို တဖက်ကမ်းခတ်အောင်တတ်တဲ့ ပညာရှိကြီးတစ်ယောက်ရှိသတဲ့။ သူဟာ ကောင်းကင်ကကြယ်တွေ၊ ဂြိုလ်တွေကိုကြည့်ပြီး ဘယ်နေ့မှာတော့ မိုးရွာမယ်၊ ဘယ်နေ့မှာတော့နေသာမယ် ဆိုပြီးဟောကိန်းတွေ ထုတ်နိုင်သတဲ့။ သူဟောတာတွေကလည်း မှန်တော့လူတွေက သူ့ကိုအရမ်းကိုလေးစားကြသတဲ့။ တော်လိုက်တဲ့ပညာရှင်ကြီးပေါ့လေ။ သူကိုယ်တိုင်ကလည်း လူတွေချီးကျူးတာကို သာယာနေတာပေါ့။ တော်သထက်တော်အောင်လည်း အမြဲလေ့လာနေသတဲ့။ နက္ခတ်ဆုံတဲ့တစ်ညမှာ ပညာရှင်ကြီးလည်း ကောင်းကင်ကိုကြည့်ရင်း လမ်းလျှောက်ထွက်လာသတဲ့။

သူဟာကောင်းကင်က ကြယ်တွေကိုကြည့်ရင်းလျှောက်လာလိုက်တာ တစ်နေရာအရောက်မှာ တော်တော်နက်တဲ့ တွင်းကြီးတစ်ခုထဲကို ပြုတ်ကျသွားသတဲ့။ တွင်းကလည်းနက် ပြုတ်ကျထားတဲ့ ဒဏ်ရာကလည်းနာ ဆိုတော့ ပြန်မတက်နိုင်ပဲ ကယ်တော်မူကြပါ ဆိုပြီးပဲအော်နေရတာပေါ့။

ညလယ်လောက်ရောက်တဲ့အခါ အမဲပစ်ထွက်လာတဲ့ မုဆိုးတစ်ယောက်က အော်သံကြားလို့တွင်းဝကနေ ငုံ့ကြည့်ပြီးမေးလိုက်တယ်။
"တွင်းထဲကအော်နေတာ ဘယ်သူလဲဗျို့"

နက္ခတ်ပညာရှင်ကြီးဟာ ၀မ်းသာအားရပဲ
"ကျုပ်ဟာဒီတိုင်းပြည်မှာ အလွန်နာမည်ကြီးတဲ့ နက္ခတ်ပညာရှင်ပဲဗျ၊ တွင်းထဲပြုတ်ကျလို့ ကူညီပါဗျာ"
ဆိုပြီး သူဘယ်လောက်တော်ကြောင်း၊ ပြည်သူပြည်သားတွေ သူ့ကိုဘယ်လောက်လေးစားကြကြောင်း သူ့ကိုကူညီတဲ့အတွက် အကျိုးမနည်းစေရကြောင်းတွေ ရေပက်မ၀င်အောင်ပြောသတဲ့။

အဲဒီတော့ မုဆိုးကြီးက "ဒီလောက်ကြီးတဲ့တွင်းဗျာ၊ ခင်ဗျားမမြင်ဘူးလား" လို့ပြန်မေးလိုက်တယ်။

နက္ခတ်ပညာရှင်ကြီးက "ကျုပ်မှာဗျာ လူတွေအတွက် ကောင်းကင်ကိုပဲ ဂရုစိုက်ပြီးကြည့်လာတာ မြေကြီးတောင်ငုံ့မကြည့်အားပါဘူး"
လို့ပြန်ဖြေတယ်တဲ့။

အဲဒီစကားကိုကြားတဲ့ မုဆိုးကြီးလည်း "ခင်ဗျားက လမ်းသွားတာမြေပြင်မကြည့်ပဲ ကောင်းကင်မော့ကြည့် နေမှတော့ တွင်းထဲကျတာတောင်နည်းသေးတာပေါ့" လို့ပြောပြီး တောထဲကိုဝင်သွားပါလေရောတဲ့။
ပုံပြင်လေးကတော့ဒါပါပဲကွယ်...

ဒါလေးကိုသတိရမိတော့ ကိုယ်တိုင်ရော အပေါ်မော့ကြည့်ပြီးများ လမ်းလျှောက်နေမိသလားလို့။ အဲလိုလျှောက်မိလို့ တွင်းထဲကျနေရင်လည်း တွေ့တဲ့သူ ဆွဲတင်ပေးသွားကြပါနော်လို့။


ပိာုးရှေးရှေးတုန်းကပေါ့ကွယ်။
မြန်မာစာဖတ်စာအုပ် မှာဗိုလ်ချုပ် မြင်းစီးနေတဲ့ပုံကြီးနဲ့ သီချင်းက --
" ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဘို့ ဂျပန်ပြည်မှာကွယ်
တကယ်ပဲအသက်နဲ့လဲလို့ ......................... " ဆိုတဲ့သီချင်းရယ် (ငယ်ငယ်တုန်း ကတည်းက အဲဒီသီချင်းရဲ့  " သံပြိုင် " အပိုဒ်ကိုကြားရင် မျက်ရည်ဝဲတယ်၊ )
နောက်ပြီး အာဇာနည်နေ့ မတိုင်မီ ဗိုလ်ချုပ် ရဲ့  quotations တွေ သတင်းစာမှာဖတ်ရတယ်။
အာဇာနည်နေ့ မနက်က စပြီး ခုနက သီချင်းမျိုးတွေကြားရတယ်။ ဗိုလ်ချုပ်မိန့်ခွန်းလည်း ကြားဘူးလိုက်သေးတယ်။အာဇာနည်တွေကျဆုံးချိန်မှာ ရေဒီယို ကနေ ဥသြ ဆွဲတယ်။ လမ်းမှာကားတွေ ရပ်ကြတယ်။ အန်တီတို့အိမ်ထဲကနေ မတ်တပ်ထရပ်ကြတယ်။ဥသြသံ ဆုံးတော့ မေလှမြိုင် ရဲ့  အာဇာနည် သီချင်းသံ ထွက်လာတော့ အန်တီ ကလေးအရွယ်မှာကို မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတာ။
နောက်တနေ့ သတင်းစာတွေမှာ အာဇာနည်နေ့ မနက်က အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက်ရည်စူးပြီး လက်ရှိနိုင်ငံ့ခေါင်းဆောင်တွေ ( မဆလ ခေတ်က ) က ဆွမ်းသွပ်အမျှဝေ တဲ့မျက်နှာဖုံးသတင်း ဓါတ်ပုံတွေပါတယ်။
ခုတော့ ခုတော့ ဒါတွေအားလုံး Once upon a time, once upon a time.
ဒါကတော့ ဖိုရမ်တခုမှာ ခင်ရတဲ့အန်တီတယောက်က ပြောပြတဲ့အာဇာနည်နေ့အကြောင်း...

ချိုကိုအတွက် ပထမဆုံးအာဇာနည်နေ့ဆိုတာကို သတိထားမိခဲ့တာကတော့...
အဲဒီတုန်းက အသက်က ၆နှစ်လောက်ပါ။ အာဇာနည်နေ့ မတိုင်ခင်တရက်မှာ မေမေနဲ့ အဖွားက အာဇာနည်နေ့အကြောင်းပြောပါတယ်။ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖွားကတော့ ပြောရင်းနဲ့မျက်ရည်တွေဝဲလို့လေ။ အဲဒီနေ့ညကလေ ချိုကိုအိပ်လို့တောင်မပျော်ဘူး။ မနက်ဗိုလ်ချုပ်တို့ ကျဆုံးတဲ့အချိန်မှာ ဥသြဆွဲတာဆိုတော့ မနိုးမှာကလဲဆိုးသေးတယ်။ အာဇာနည်နေ့မနက်မှာ ဘယ်သူမှနှိုးစရာမလိုပဲ ညီအမနှစ်ယောက် အစောကြီး နိုးကြပါတယ်။ ဥသြဆွဲရင် လူတွေအကုန်လုံးက လုပ်နေတဲ့အလုပ်တွေ အကုန်ရပ်ပြီး ငြိမ်ကြတယ်ဆိုတော့ ဘယ်လိုများလဲပေါ့လေ။ တကယ်မှာတော့ တမနက်လုံး ဘာဥသြမှမဆွဲပါဘူး။ ချိုကိုရယ်၊ ညီမလေးရယ်(သူကတော့ ၄နှစ်ပါ။ ချိုကိုစောင့်နေလို့ ဘာမှန်းမသိ လိုက်စောင့်တာပေါ့လေ) အသံတောင်မထွက်ရဲပါဘူး။ ဥသြသံမကြားလိုက်ရမှာဆိုးလို့လေ။ ဘာသံမှလဲမကြား၊ ဘယ်သူမှလဲ ထူးထူးခြားခြားမရှိ။ ဒါနဲ့ ရေဒီယိုက သီချင်းများလွှင့်မလားလို့ ပြေးဖွင့်ကြပါတယ်။ မလာဘူးလို့ထင်ပါတယ် (သေသေချာချာတော့ မမှတ်မိတော့ပါဘူး)။ နောက်နှစ်တွေမှာတော့ အာဇာနည်နေ့ဆိုတာကို ကိုယ်တိုင်မှတ်မှတ်ရရ ရှိလာတတ်ပါတယ်။ ရေဒီယိုကသီချင်းမလွှင့်တော့ အဖွားဆိုပြတဲ့သီချင်းလေးကိုပဲ နားထောင်ပြီး အာဇာနည်နေ့ကို ဖြတ်သန်းလာခဲ့ရတာ ၁၀တန်းအောင်တဲ့အထိပါပဲ။

မနက်ဖြန်မှာတော့ ဘာစာမှမတင်ပါဘူး။ ပုံမှန်လည်း နေ့စဉ်စာအသစ် တင်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် အာဇာနည်ခေါင်းဆောင်တွေကို အရိုအသေပေးတဲ့အနေနဲ့၊ ၀မ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ စာမတင်ပါဘူး။ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို ဦးညွှတ်အရိုအသေပြုပါတယ်။
အာဇာနည်နေ့ကို ကြီးကျယ်ခမ်းနားစွာ လုပ်နိုင်တဲ့တနေ့ ရှိကိုရှိလာမှာပါ။

ခံနိုင်ရည်တွေခိုင်မာဖို့ ငါ့ရဲ့ဘ၀ကိုတည်ဆောက်ပေးတဲ့ လောကဓံကို ကျေးဇူးအများကြီး တင်ပါတယ်...
စိတ်ညစ်စရာတွေတွေ့တိုင်း ဂျီတော့ခ်က status မှာတင်ထားမိတဲ့ စကားလေးပါ။ အဲဒီစကားလေးကို HipHopသီချင်း တပုဒ်ထဲက ယူသုံးထားတာပါ။

HipHop လို့ပြောလိုက်တာနဲ့ လူတိုင်းလိုလိုက ကဗျာရွတ်သလိုလျှောက်အော်နေကြတဲ့ ကလေးတွေလို့ ပြေးပြေးမြင်ကြပုံရပါတယ်။ ကိုမျက်လုံး တခါက အဆိုတော်ဒီလေးကို အင်တာဗျူးတုန်းက ကိုဒီလေးက HipHopသီချင်းတွေမှာ Featuring ဆိုတာကို ပရိတ်သတ်ကတားနေကြတယ်လို့ သူကပြောသွားပါတယ်။ အဲဒီတချက်ကိုတော်တော် အစာမကြေဖြစ်မိပါတယ်။ Rapperတွေက အသံကောင်းကြတာ နည်းပါတယ်။ ဒါကြောင့် Melodyပါတဲ့ Chorus ပိုဒ်လေးတွေမှာ အသံကောင်းကောင်းအဆိုတော်ကို Featuring လုပ်ခိုင်းတာလို့ယူဆမိပါတယ်။ ဒီလို သူဆိုပေးတာကို ဘာကြောင့်တားကြတာပါလိမ့်။ HipHopဆိုတာကို ရောဂါတမျိုးလို ကူးစက်မှာဆိုးလို့ ရှောင်နေကြတယ်လို့ စိတ်ထဲမှာခံစားမိတယ်။

ဒီဂီတအမျိုးအစားမှာလဲ အဓိပ္ပါယ်ရှိတဲ့သီချင်းလေးတွေ ရှိနေပါတယ်။ လူတယောက်ရဲ့အကြောင်းကို ပေါင်းကြည့်မှသိ ဆိုသလို အခုတော့ မျက်နှာချင်းတောင်မဆိုင်ကြတော့ သူ့ကောင်းကွက်လေးတွေ ဘယ်မြင်ပါတော့မလဲ။ ဒါကြောင့်အတင်းခေါ်ပြီး မိတ်ဆက်ပေးပါရစေလို့...

ပန်မဆုံနိုင်တော့ပြီဆိုတဲ့ အသိဆိုးတွေ ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေသည်းနေတုန်း
လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့မမေ့ခဲ့ခုချိန်မျိုး ငိုချလိုက် တိမ်တွေလိုကြွေပြီ မျက်ရည်မိုး...
သူ့ကို တခါတုန်းက ဆိုတဲ့ ဒီသီချင်းလေးနဲ့ လူတော်တော်များများ စသတိထားမိကြပါတယ်။ "ရသမမြောက်တဲ့စာ ငါရှောင်တယ်။ ငါ့နာမည်ကိုက ရသ" သူ့ကိုသူ သီချင်းတပုဒ်ထဲမှာ အဲလိုပြောထားတယ်။

ရသ ကိုစပြီးသတိထားမိတုန်းက 'မ'သီချင်းတွေတော်တော်ဆိုပါလားလို့။ သူ့ရဲ့ မြန်မာပြည်တွင်လုပ်သည် ဆိုတဲ့အခွေကို နားထောင်ဖူးတာပါ။ နားထောင်မိတော့ ကာရန်ယူပုံလေးလှတယ်လို့ သဘောကျမိတယ်။ နောက်တော့ တခါတုန်းက သီချင်းနားထောင်ရတယ်။ အဲဒီအချိန်မှာ ရသ ကိုတော်တော်သဘောကျမိပါပြီ။ သူ့ရဲ့သီချင်းအဟောင်းတွေ ပြန်ရှာတယ်။ နီးစပ်တဲ့သူတွေကို မေးပြီးရနိုင်သလောက်စုပါတယ်။ စစချင်းတင်ထားတဲ့ စာကြောင်းလေးက ပထမဆုံးထွက်တဲ့ ကိစ္စမရှိဘူး ဆိုတဲ့အခွေထဲက သီချင်းတပုဒ်ကပါ။ အခက်အခဲတွေတွေ့ရင် အားတင်းဖို့အတွက် အားဆေးလေးလိုပါပဲ။

အတ္တတွေကဒုနဲ့ဒေး စစ်မှန်ခြင်းကိုအတုနဲ့ရေး၊
မစ္ဆရိယစိတ်တွေဘေးထွက်ပေး အဇ္ဈိတထဲမှာအလုပ်တွေအေး
အရှုပ်တွေအဝေးလွှင့်လိုက်လေ ပုထုဇဉ်တွေကျင့်ကြလေ... တဲ့။ တရားလည်းသူဟောတတ်ပါသေးတယ်။

မနေ့ကမှားတဲ့ အမှားတွေအတွက် ဒီနေ့တော့လက်လျှော့ပြီးတော့ တောင်းပန်မယ်...
အမှိုက်ပွသွားလား လောကကြီးရယ် ဆောရီးကွယ်... ဆိုပြီးလည်း တောင်းပန်တတ်ပါတယ်။

သူ့ရဲ့ခံယူချက်ကတော့
သီချင်းသည်မဟုတ်ဘူး အနုပညာရှင်၊ အနုပညာ အေ ကြီးနဲ့တော့ သေရမှာကြောက်သည်၊ မတန်တဲ့နေရာတခုကို မလိုချင်ပါဘူး၊ ဒီထက်တော့ သေရတာကောင်းသည်...

အတွေးအခေါ်နဲ့သီချင်းစာသားလေးတွေလည်း ရေးသေးတယ်။ ငယ်ငယ်အတွက် ရေးပေးတဲ့ ခွင့်လွှတ်လိုက်ပါ ဆိုတဲ့သီချင်းမှာဆို
လူတွေကစာမေးပွဲဝိုင်းစစ်မယ်၊ ခြေထောက်မှာ ဖိနပ်မရှိလည်း ခရီးကိုမရပ်မိပဲ၊
တိုက်ပွဲလိုဆက်ပြီးနွှဲ ဒါဆိုရင် အောင်မြင်တာခြင်းတူတူ မင်းနဲ့သူဘယ်သူကပိုပြီး မြတ်မလဲ၊
သူများကိုလိုက်ပြိုင် မနိုင်တော့မှငိုချင်းချ၊ ကိုယ့်ကိုကိုယ်ပြိုင်လို့ နိုင်ဖို့ကိုစဉ်းစား၊
ဘ၀င်မမြင့်ပဲ ဘ၀ကိုမြှင့် ဆိုလိုရင်းက ကိုယ်ကျင့်တရား မဟုတ်တဲ့မာနကို ဖြိုခွင်းကာ လူကိုလူလိုကိုယ်ချင်းစာ...

(ယုံကြည်တယ်) ကြိုးစားပါ တစ်နေ့ဖြစ်ကိုဖြစ်ရမယ်

ရိုးသားပါ (ပေါ်ပင်တွေလိုက်ပြီးလုပ်မနေပါနဲ့ကွာ လှေကားတွေမဟုတ်ဘူး)
သူများကျောကုန်းပေါ်နင်း မင်းမတက်နဲ့
ပိုက်ဆံကိုလိုတာထက်ပို မင်းမမက်နဲ့
(နူးညံ့တဲ့စာသားတွေက တကယ့်ဘ၀နဲ့ကွာခြားနေတာ
ဒီမှာအာဃာတတွေ ခဏထားပါကွာ
မာနတရားတွေလွန်ကာ ဗျာများနေလား သေချာစဉ်းစား)

သူ့သီချင်းလေးတွေလိုက်စုတော့ အခွေထဲမပါတဲ့ သီချင်းလေးတွေကိုရတယ်။ သီချင်းနာမည်တောင်မသိလို့ track1, 2 ဆိုပြီးမှတ်ထားရတဲ့ သီချင်းလေးတွေပေါ့။

ဒီသီချင်းက ခပ်လည်လည်ကျယ်လို့ ခြယ်လှယ်သူတွေအတွက်
ဆိုပြီးတော့
ဒါငါ့မျိုးရိုး (မင်းစားတဲ့ထမင်းတွေကိုဖန်ဆင်းတယ်)
ဒါငါ့မျိုးရိုး (ဗိုက်ဝတော့မင်းမေ့နေလား ကျေးဇူးရှင်ကို ဘာအချိုးချိုး)
ကွင်းထဲကစပါးပင်တွေနဲ့သာ တမိုးတမိုးကို ဓနရှင်တွေနဲ့ အမြဲခြားနေ လယ်သမားတွေဘ၀...
နားထောင်မိတော့ အံ့သြသွားပါတယ်။ လယ်သမားတွေအတွက် သီချင်းတပုဒ်ရေးဖို့ သူ့စိတ်ထဲမှာရှိတယ် ဆိုတာကိုပေါ့။ စိတ်ဓာတ်လေးကိုလည်း ချစ်မိသွားတယ်။

ဒီသီချင်းကိုတော့ ဘယ်သူ့ကိုရည်ရွယ်ပြီးရေးလဲ မသိပေမယ့် ကိုယ်ပိုင်ခံစားချက်ကတော့ မြန်မာပြည်ထဲက ခေါင်းမသုံးကြသောသူများကို ပြေးမြင်မိပါတယ်။
အခုဆိုကြောက်လို့ပုန်း နတ်ကတော်နဲ့ ဗေဒင်ဆရာဆီ အကြံဥာဏ်သွားပြီး တောင်းလို့မဆုံး၊
အမှန်တရားကို မင်းတို့ကကြောက်လို့မုန်း ဖြစ်သင့်တာကတော့ ခေါင်းကိုသုံး ခေါင်းကိုသုံး
(လူငယ်တွေကိုယုံကြည်လို့ တချိန်ကဒဏ္ဍာရီလိုပုံပြင်မျိုး
ဒါတွေဒီလိုအချိန်မှာအကုန်ပြန်လို့ သေသေချာချာစဉ်းစားစဉ်းစား
စဉ်းစားရမှာကြောက်လို့ ဝေဖန်ပြီးသုံးသပ်ရမှာကြောက်လို့
အမှန်တရားကိုအခု ရင်မဆိုင်ရဲလို့ အသားလွတ်ကြီးကြောက်လို့မဆုံး
ခေါင်းကိုသုံး ခေါင်းကိုသုံး)
ငါ့စကား ခဏနားစွင့်ကာနားဆင် တကယ့်အဖြေမှန်မကြားချင်ပဲ အတ္တနဲ့ ယုံကြည်ရာဆီဆက်တိုး
လှေနံဓားထစ် ဒီလိုမျိုး အခြေအနေဖန်လာရင် မင်း ကိုယ့်ဖာသာမှားမိရင်သာ ခြေကန်ကာငြင်း
ဆက်လုပ်မှာလားကွာ မဟုတ်မှန်းသိရက်နဲ့ (ရပ်)
ဒုက္ခများနဲ့ရှုပ် လမ်းခရီးလဲဆက်လှမ်းပြီး မင်းသက်တမ်းအတွက်လည်း ကျော်လာပြီ
မင်းရဲ့မျိုးဆက်ကို အတွေးအခေါ် အဆိပ်ဖြန်းပြီးမသတ်နဲ့
အခုပဲခေါင်းကိုသုံးရင်း ကမ်းမရှိလမ်းမရှိ အဓိပ္ပါယ်မဲ့တာတွေ ရပ်တန့်ပြီးဖြတ်ခဲ့
ဘာတုန်းဟ ဆုတောင်းနေတာ ငါလုံးဝအောင်မြင်ပြီး သူများတွေသာ အဟုတ်မကျန်ကျရှုံးပါစေတဲ့
ဒါလုပ်ကြတဲ့အလှူနောက်က ကောင်းမှုအတွက် စိတ်မှာကြိတ်ပြီးတော့ ဆုတောင်းသံ
အရာရာကိုမျှော်လင့်ချက်တွေနဲ့ပဲ သူတောင်းခံ....

ဒီလိုသီချင်းလေးတွေကို လူငယ်တွေနားထောင်မိလို့ ဒုက္ခရောက်စရာမရှိပါဘူးလေ။ HipHop နားထောင်ရင်ပဲ ပျက်စီးတော့ မလိုလိုထင်နေကြတဲ့ တချို့တချို့သောလူကြီးတွေကို ပြောချင်ပါတယ်။ HipHopဆိုတာနဲ့ နှာခေါင်းရှုံ့ ချင်ကြတာလေးတွေ နည်းပါးသွားရင်ကျေနပ်ပါပြီ။

ရသ ကို Planet ကအင်တာဗျူးလုပ်တုန်းက ဖြေထားတာလေးတချို့ ရေးပြချင်ပါတယ်။ ရသ နဲ့ပတ်သတ်လို့ သီချင်းတွေကလွဲရင် သူ့အကြောင်းကိုသိတာ ဒီလောက်ပဲရှိလို့ပါ။

ရသတို့ ဂျေမီတို့က မိန်းခလေးတွေကြိုက်တဲ့ Rapper ပုံစံတွေမဟုတ်ဘူးပေါ့။
ဟုတ်တယ်၊ ဟုတ်တယ်။ ဒါပေမယ့် ယောက်ျားလေးတွေကြိုက်ရင်လည်း မကောင်းဘူးပေါ့။ မိန်းခလေးကြိုက်မှ ကောင်းမှာပေါ့။ မိန်းခလေးကြိုက်အောင်နေရင်လည်း သူတို့ကကြိုက်မှာ မဟုတ်ဘူးလေ။ အဲဒါကြောင့်မထူးတော့ပါဘူး။

ကိုယ့်ကို ကြိုက်တဲ့သူတယောက်ရှိရင်တော်ပြီပေါ့။
အင်း အဲဒီလိုပေါ့။ ကျွန်တော့်ကို ကြိုက်စရာမလိုပါဘူး။ ကျွန်တော့်အနုပညာကို ကြိုက်ရင်၊ လက်ခံရင် ရပါပြီ။

ရသက ငယ်ငယ်လေးကတည်းကအနုပညာ ပိုးရှိတယ်နော်။ ဆို က ရေး တီးမှာ ဆုရဘူးတယ်။ ကျောင်းမှာလဲ ဘက်စုံထူးချွန်တယ်နော်။ အဆိုတော်သာမဖြစ်ရင် ဘာလုပ်မလဲ။
အဆိုတော်မဖြစ်ရင် ဘာဖြစ်မလဲဆိုတော့ ကျွန်တော့က အရမ်းစဉ်းစားပြီး ပြောချင်တဲ့ဟာတွေ အရမ်းများတော့ စာရေးဆရာဖြစ်မှာသေချာတယ်။

ဒီလောကထဲမှာ နာမည်တစ်လုံးရဖို့ ကြိုးစားခဲ့ရတယ်။ အခုရော ပြန်စဉ်းစားရင် ဘယ်လိုအတွေးပေါက်မိလဲ။
အဲဒါတွေကို စဉ်းစားမိရင် အော် ငါဘာကောင်မှ မဟုတ်ဘူးလို့ ပြန်သတိရမိပါတယ်။ Mega စားသောက်ဆိုင်မှာ ပိုက်ဆံပေးပြီးတက်ဆိုတာမျိုးတွေ ငယ်ငယ်တုန်းက အရမ်းရီရတယ်။ အဲလိုမျိုးအရူးထခဲ့တယ်။

တော်တန်ရုံဇွဲနဲ့သာဆိုရင် ဒီလို ရသဖြစ်လာမှာမဟုတ်ဘူးနော်။
အဲဒီလို ပြောလို့မရဘူး။ တစ်ချို့ဟာလောကမှာ ဘယ်လောက်ပဲကြိုးစားကြိုးစား ဘာမှ မဖြစ်တာတွေရှိတယ်လေ။ တိုက်ဆိုင်သွားမှပေါ့နော်။ ဒီဘက်က ပရိတ်သတ်နဲ့ လုပ်နေတဲ့ artistနဲ့ သွား တိုက်သွားရင်တော့ တစ်ခုခုဖြစ်မယ်တင်ပါတယ်။

သူဘာကောင်မှမဟုတ်ဘူးတဲ့... သေချာပါတယ်။ သူဟာ အနုပညာရှင်တစ်ယောက်လေ။ သီချင်းတွေကိုချစ်တဲ့ ချိုကို့အတွက်တော့ သူ့ရဲ့ ကာရန်လှလှ၊ လေးလေးနက်နက် စာသားလေးတွေထဲက တွေးစရာလေးတွေ ထပ်ရှာတွေ့နေဦးမှာပါ။

ပဒုမ္မာဆိုတဲ့ သွားနေကြဖိုရမ်လေးမှာ ဒွေးသေပြီတဲ့။ တော့ပစ်လေးတွေ့တယ်။ ဟင်...ဟုတ်ရဲ့လား။ သေချာရဲ့လား။ သူငယ်ချင်းတွေအကုန် လိုက်မေးတယ်။ သေချာသလောက်ပဲတဲ့။ အဲဒီအချိန်မှာပဲ သူငယ်ချင်းတယောက်က ပေါ်ပြူလာမြန်မာဂျာနယ် မှာပါတဲ့သတင်းကိုပြတယ်။ ဒါဆိုသေချာသွားပြီပေါ့။

ဒွေးကိုမကြိုက်ခဲ့ပါဘူး။ အခုထိလည်း မကြိုက်ပါဘူး။ ဒါပေမယ့် သူဟာ သရုပ်ဆောင်ကောင်းတယ်ဆိုတာတော့ ငြင်းမရတာအမှန်ပဲ။ ဆယ်တန်းကျူရှင်မှာ chemistry သင်တဲ့ဆရာက ဒွေးပရိတ်သတ်ပေါ့။ သူကပြောဖူးတယ်။ ဒွေးသရုပ်ဆောင်တာကို သူကြောက်တယ်တဲ့။ သူကြည့်ဖူးတဲ့ရုပ်ရှင်(နာမည်ပြောပေမယ့် မမှတ်မိတော့ပါ)ထဲမှာ ဒွေးက အဖေလုပ်တဲ့သူကိုပြန်အော်တာကို ကြည့်ပြီးကြက်သီးထတယ်တဲ့။ သူ့သားကလာအော်နေသလို ခံစားရတယ်တဲ့။ ဆရာ အခုဆို ဘယ်လိုများနေမလဲနော်။

ဒွေးကိုအပြင်မှာ မှတ်မှတ်ရရတခါပဲ မြင်ဖူးပါတယ်။ သိပ်တော့မကြာသေးပါဘူး။ ပြည်သူ့ဥယျာဉ်မှာ ရေလွှာလျှောဆိုတာ စဖွင့်ပြီးပြီးခြင်းလောက်ကပေါ့။ သုံး၊ လေးတန်း ထင်ပါတယ်။ အဲဒီအချိန်မှာ မော့စ်ကားတွေ တော်တော်ခေတ်စားတာပါ။ မော့စ်ကရေလျှောပေါ်မှာ ကြောက်ပြီးအော်နေတဲ့အခန်း ရိုက်နေတာထင်ပါရဲ့။ လူတွေက၀ိုင်းအုံနေတာပဲ။ ဒွေးက ရေလျှောနောက်ဖက် ချောင်လေးထဲမှာ သားရေကျောပိုးအိတ် အနက်ကလေးလွယ်လို့ပါ။ ဘယ်သူမှသူ့ကို မမှတ်မိသလို ဂရုလည်းမစိုက်ကြပါဘူး။ သူကအဲဒီအချိန်မှာ ကျော်ဟိန်းနဲ့တွဲပြီး ဗီဒီယိုစရိုက်ကာစပေါ့။ ဖေဖေက စပြီးသတိထားမိတာပါ။ နာမည်ကဆန်းတော့ မှတ်မိတယ်လေ။ သွားပြီးမိတ်ဆက်တာတွေ စကားပြောတာတွေမလုပ်ခဲ့ပါဘူး။ လုပ်ရမှန်းလည်းမသိပါဘူး။ ဒွေးဆိုတာ သိတယ်ဆိုရုံလောက် ရစ်သီရစ်သီသွားကြည့် ရီပြပြီး ရေပြန်ကူးနေလိုက်တာ။ အဲဒီတခါပဲ အပြင်မှာမြင်ဖူးပါတယ်။

နောက်ပိုင်းနာမည်ကြီးလာ၊ အကယ်ဒမီတွေဘာတွေရတဲ့အထိ ဖေဖေကသတိရရင် ပြန်ပြောတုန်းပါပဲ။ ငါတို့တွေ့တုန်းက ဘယ်သူမှတောင်မသိဘူးနော်တဲ့။ အခုတော့ နာမည်ကြီးပြီး အောင်မြင်နေတဲ့အချိန်မှာ ကြွေရတယ်။ တကယ်လို့သိလိုက်ရတော့ ခဏကြောင်ပြီးမှင်သက်သွားတယ်။ အခုထိတောင် မယုံနိုင်သေးသလိုပဲ။ သေခြင်းတရားက တော်တော်ကို အစိုးမရတာပါလားလို့။ ကွေးသောလက်မဆန့်မှီတဲ့။

အခုချိန်သေခဲ့ရင် ဘာတွေဖြစ်မလဲစဉ်းစားကြည့်တယ်။ ကျောင်းတက်တုန်းက ချေးထားတဲ့အကြွေးတွေက လွဲရင် နောက်ဆံတင်းစရာတော့ မရှိသေးသလိုပဲ။ ဖြစ်နိုင်ရင်တော့ မြန်မာပြည်မှာသေချင်ပါတယ်။ ဆရာတင်မိုးလို ပြန်ချင်ရက်နဲ့ မရောက်လိုက်တဲ့ဘ၀မျိုး... ပြန်သတိရမိတော့ စိတ်မကောင်းရပြန်ဘူး။ တနေ့နေ့မှာ လူကိုယ်တိုင်သွားတွေ့မယ်လို့ စိတ်ကူးထားတာ အဲဒီတနေ့နေ့ကို သေခြင်းတရားကမစောင့်ခဲ့ဘူး။

မသေခင်လေး မေမေနဲ့ဖေဖေကိုတော့ တွေ့ချင်သေးတယ်။
မရောက်ဖူးတဲ့ ငပလီဆိုတာလည်း သွားကြည့်ချင်သေးရဲ့။
မြစ်ဆုံဆိုတာကလည်း လှတယ်ဆိုပဲ။
နှင်းတွေကိုလည်း ကိုင်ဖူးချင်သေးတယ်။
ရွှေတိဂုံဘုရားလည်း ဖူးလိုက်ချင်သေး။

စစဉ်းစားမိတုန်းက နောက်ဆံမတင်းတာ အခုတော့ တဖြည်းဖြည်းနဲ့ များလာပါပေါ့လား။ လူဆိုတာကလည်း ခက်သားလား။ လိုချင်တပ်မက်စိတ်က မလျော့ပဲ ပိုပို တိုးပွားလာတတ်တာကိုး။ အခုပဲကြည့် မိနစ်ပိုင်းလေးအတွင်း သေဖို့အဆင်အသင့်တော့ပြန်ဘူး။

Newer Posts Older Posts Home