ဟိုတလောကတည်းကစခဲ့တဲ့ လုပ်ငန်းတစ်ခု အကောင်အထည်ပေါ်လာပြီ ဆိုတော့ ၀မ်းသာလိုက်တာ။ အမှန်တော့ သူတို့တွေ တိုင်ပင်ထားကြတာကြာပြီးမှ ချိုကို သိခဲ့တာပါ။ ဒီလောက်ထိဖြစ်လာဖို့ ဘယ်လို ကြိုးစားခဲ့ရတယ်ဆိုတာ သူတို့မှပဲ သေချာသိမှာပါ။ မလွယ်တာတော့သေချာပါတယ်။ အထူးသဖြင့် အခုလို ဟိုကဖိ ဒီကနှိပ် လုပ်နေတဲ့ အချိန်ကြီးမှာ NGO တခုလုပ်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တာပါ။

အခုတော့ တော်တော်များများ ပြီးစီးသလောက်ဖြစ်နေတယ့် ချိုကိုတို့ သူငယ်ချင်းတစုရဲ့ ပရဟိတလုပ်ငန်းလေး အသက်ဝင်လာတော့မယ်လေ။ သူ့နာမည်လေးက ကြာဖြူ တဲ့။ ဖြူစင်မြင့်မြတ်ခြင်းရဲ့ သင်္ကေတ။ ဘာအရောင်မှဆိုးထားခြင်းမရှိတဲ့ စေတနာ နဲ့ ဘာကိုမှ ပြန်မမျှော်လင့်ထားတဲ့ မေတ္တာ ပေါင်းစပ်ထားတယ်လို့ ခံစားမိပါတယ်။ သေချာပါတယ် ချိုကိုတို့ တခုတော့ပြန်ရမှာပါ။ အဲဒါကတော့ ပီတိ။

မြန်မာနိုင်ငံမှာ မိဘတွေအဆင်မပြေလို့ စာမသင်နိုင်တဲ့ ကလေးဆိုတာ ပုံမှန်ဖြစ်နေကြ မီးပြတ်တာ၊ ရေကြီးတာလောက်တောင် အရေးမပါတော့သလို ဖြစ်နေခဲ့ပါပြီ။ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးနေကြတဲ့ ကလေးတွေ၊ မီးပွိုင့်မှာ ပန်းကုံးလေးတွေ၊ဂျာနယ်တွေ လာရောင်းတဲ့ကလေးတွေကို မျက်စေ့ယဉ်ပါးလာပြီး နိုင်ငံရဲ့အနာဂတ်တွေ နေလှန်းခံနေရတယ်လို့ မထင်ကြတော့ပါဘူး။

အဲဒီလိုကလေးတွေကို ကူညီနိုင်အောင် ဒီအဖွဲ့လေးကို စိတ်ကူးရခဲ့တဲ့ သူငယ်ချင်း တွေကိုလည်း လေးစားပါတယ်။ စိတ်ကူးတင်ရပ်မနေကြပဲ လက်တွေ့အထိ ယူလာနိုင်လို့ ပိုလေးစားမိပါတယ်။ ဒီအဖွဲ့လေး အဓွန့်ရှည်အောင်၊ ပိုပြီးကျယ်ပြန့် လာအောင် ကြိုးစားဖို့တော့ ကိုယ်တိုင် ပါတာဝန်ရှိလာပြီပေါ့လေ။ ဒီတာဝန်အတွက် ဘယ်လောက်ပျော်နေတယ်ဆိုတာတော့ မပြောပြနိုင်လောက်အောင်ပါပဲ။

ဖြစ်ချင်တာတွေ အများကြီးထဲက တစ်ခုတော့ဖြစ်လာတော့မှာပေါ့လေ။

ကြာဖြူလေးရဲ့ အဖွဲ့ဝင်ဖြစ်ခွင့်ရခြင်း အမှတ်တရ

အခုတလော Myanmarteashop ဆိုတဲ့ ဖိုရမ်လေးကိုသွားဖတ်မိတယ်။ မြန်မာနိုင်ငံအကြောင်း ဆွေးနွေး ထားကြတာ လေးစားစရာ၊ အားကျစရာ အများကြီးပါပဲ။ ပြည်သူတွေဆိုတာ တိုင်း ပြည်အတွက် အကြီးမားဆုံး အင်အားတဲ့။ အပြောင်းအလဲကိုလိုချင်ရင် ပြည်သူကိုယ်တိုင် လုပ် ယူရမယ်တဲ့။ ပြည်သူထဲက ပြည်သူတယောက် ဖြစ်တဲ့ ငါက ဘာလုပ်ရမှန်းမသိ၊ ယောင်တောင် တောင်ဖြစ်နေတာကို စိတ်ကုန်လိုက်တာ။

ကြောက်စိတ်ဆိုတာကြီးရှိနေလို့...
ငါကြောက်တာတွေတော်တော်များပါလား...
ငါ့မိဘတွေ ဒုက္ခရောက်၊ စိတ်ဆင်းရဲ လူဆင်းရဲ ဖြစ်မှာကိုလည်း ကြောက်တယ်...
ငါ့မောင်နှမတွေ ပညာရေးဆုံးခန်းမတိုင်ဘဲ ဖြစ်နေမှာကိုလည်း ကြောက်တယ်...

ငါ့လိုကြောက်နေကြတဲ့သူတွေ ဘယ်လောက်များ ရှိနေပြီလဲ...

Freedom from Fear တဲ့...
မဟုတ်တာကို မဟုတ်ဘူးလို့ ပြောလိုက်ရမှာ အရမ်းကြောက်နေရတဲ့ဘ၀ကို ခင်တွယ်နေမိတာကို ငါမုန်းတယ်...
မှားနေမှန်းသိရက်နဲ့ မပြောရဲလို့ ငြိမ်ခံနေလိုက်ရတဲ့ဘ၀ကို ဖျက်ဆီးခံလိုက်ရမှာ စိုးရိမ်နေတာကို ငါမုန်းတယ်...
လိမ်တတ်တဲ့သူတွေကြီးပွား အမှန်တရားခေါင်းပါးနေတဲ့ တိုင်းပြည်ကိုပြန်ခွင့်မရှိမှာ ကြောက်နေမိတာကို ငါမုန်းတယ်...

တကယ်တော့ ငါဟာ အတွေးထဲမှာတောင် သတ္တိမကောင်းတဲ့ ပြည်သူတယောက်ဖြစ်နေပြီလား...

ငါ့လိုကြောက်နေကြတဲ့သူတွေ ဘယ်လောက်များ ရှိနေပြီလဲ...

ဘလော့ဂ် တဲ့။
သူများတွေရေးတာတွေဖတ်ရတော့ အားကျတယ်။ သူတို့လို မရေးနိုင်မှန်းတော့ သိပါတယ်။ နည်းနည်းတော့ ကြိုးစားကြည့်လိုက်ဦးမယ်။ အားပေးကြမယ်ဆိုရင် အသက်ထွက်အောင်ကဖို့ ၀န်မလေးပါဘူး။ ငယ်ငယ်ကရေးထားတဲ့ ခပ်ကြောင်ကြောင်ကဗျာလေးနဲ့ စဖွင့်လိုက်ပါတယ်။

ငါ... ... ....

အားလုံးမှားတဲ့ သင်္ချာတပုဒ်
အဖြေထုတ်တာ ငါမှန်တယ်။

အားလုံးမအောင်တဲ့ ဒီတိုက်ပွဲ
တယောက်တည်းနွှဲတာ ငါနိုင်တယ်။

လူတိုင်းပျော်တဲ့ အချစ်စစ်ပွဲ
တစ်ဦးတည်းသော ငါ ကျရှုံးတယ်... ... ...

Newer Posts Home