အခုတလော night-shiftကအပြန် စကားတွေတောင်ရောက်မြောက်ရောက် ပြောပြောမိနေလို့ ဘလော့မှာစာမတင်ဘဲနေတာကြာပါပြီ။ ဒီနေ့မနက်တော့ ဒီဗွီဘီမှာ သတင်းဖတ်မယ်ဆိုပြီး ဖွင့်လိုက်တယ်။ ကိုမင်းကိုနိုင်နဲ့ ၈၈ကျောင်းသားခေါင်းဆောင် တော်တော်များများကို ညတွင်းချင်းဝင်ဖမ်းသွားတယ်တဲ့။ မျက်စိထဲကိုစူးခနဲဝင်လာတယ်။ ဘယ်လိုဖြစ်ပြန်ပြီလဲသိချင်စိတ်နဲ့ ဖတ်လိုက်တော့ ကိုအံ့ဘွယ်ကျော်ရဲ့အမေကို ဒီဗွီဘီကဖုန်းနဲ့လှမ်းမေးထားတာလေး တွေ့ရတယ်။ သတင်းနားမထောင်ရ၊ မဖတ်ရတဲ့သူတွေအတွက် နည်းနည်းတင်ပေးချင်ပါတယ်။

ဒီဗွီဘီ ။ ။ ဘယ်သူတွေက လာခေါ်သလဲ ခင်ဗျာ။
ဘယ်သူတွေလဲဆိုတော့ ဒုရဲမှူး အောင်မြင့်လို့ စာရေးထားတာ တွေ့တယ်။ ပါးစပ်နဲ့ပဲ လူကြီးတွေက ခေါ်ခိုင်းလို့ဆိုပြီး လာခေါ်တာတဲ့။ စာရွက်စာတမ်းလဲ မပါဘူး။
...
ဒီဗွီဘီ ။ ။ သူတို့ဘာကြောင့်မို့လို့ လာခေါ်တယ်လို့ ပြောလဲခင်ဗျာ။
အဲဒါတော့ မပြောဘူး ဘာကြောင့်ရယ်လို့။ မင်းတို့ခေါ်တာ ဘာကြောင့်ခေါ်တာလဲတဲ့။ ဘာအကြောင်းပြမလဲ။ (ရှာဖွေနေတဲ့ ရဲများကို လှမ်းစကားပြော)... (ရှာဖွေနေတဲ့ သူများက စကားတိုးတိုးနဲ့ ပြန်ပြောသံများ ကြားနေရ၊ ဘာမှန်းတော့ မသဲကွဲပေ)... ဘာအကြောင်းမှ ပြောလို့ မဖြစ်ဘူးလို့ ပြောတာပဲ။ အဲဒီ ဒုရဲမှူးအောင်မြင့်ဆိုတာ ရှိတယ်။
ဒီဗွီဘီ ။ ။ အမေကို အခုပြောနေတဲ့သူက ဘယ်ကလဲ၊ ရဲလား၊ ထောက်လှမ်းရေးလား။
ရဲလို့ ပြောတာပဲသူက၊ ဒုရဲမှူးအောင်မြင့်တဲ့။
ဒီဗွီဘီ ။ ။ သူနဲ့ ကျနော် စကားပြောလို့ ရမလားလို့။
ဟာ- ရပါတယ်၊ ပြောမလား။
ဒီဗွီဘီ ။ ။ ဟုတ်ကဲ့၊ ပြောချင်ပါတယ်။
ဒုရဲမှူးအောင်မြင့်ဆိုတာ ဘယ်မလဲ၊ လာပါအုန်း။ နော်ဝေနဲ့ ပြောမယ် မီဒီယာက။ ဘယ်နှဲ့မပြောလို့ ရမလဲ။ ... (ရှာဖွေနေတဲ့ ရဲများကို လှမ်းစကားပြော)
...
ဒီဗွီဘီ ။ ။ မေးရမှာပေါ့။ လူတယောက်လုံး လာဖမ်းသွားတာ၊ ဘာကြောင့်ဖမ်းတယ်ဆိုတာ ကျနော်တို့ သတင်းဌာနတွေက သိချင်တာပေါ့။
မလာဘူး မလာဘူး ထွက်ပြေးပြီ။ ဟို အိမ်ရှေ့မှာ။
ဒီဗွီဘီ ။ ။ တချက် လှမ်းခေါ်ပေးပါ၊ လာပါလို့ ကျနော်တို့က မေးချင်လို့ပါလို့၊ လူတယောက်လုံးတော့ ဖမ်းရဲပြီးတော့၊ ဘာဖြစ်လို့ ခဏလေးမေးတာ ဖုန်းနဲ့တော့ အဝေးကြီး လှမ်းကြောက်နေလဲလို့။
ဟုတ်ကဲ့... ခဏလောက် လာပါအုန်းတဲ့။ လူတယောက်လုံးတော့ ဖမ်းပြီးတော့၊ မေးချင်တာလေးကြတော့ မဖြေနိုင်အောင် ဘာကြောက်တာလဲတဲ့။ ... လာလေ၊ တယောက်လာလေ၊ ... မပြောရဲဘူးလား၊ မရိုးသားလို့ပေါ့ဒါ၊ မမှန်ကန်လို့ပေါ့ (ရှာဖွေနေတဲ့ရဲများကို လှမ်းစကားပြော)
...
ဒီဗွီဘီ ။ ။ အခုဟာက အိမ်မှာ အမေတယောက်ပဲ ကျန်တာပေါ့နော်။
ဟုတ်ကဲ့ ကျမ တယောက်ထဲပါ။
ဒီဗွီဘီ ။ ။ အမေအိမ်ကို ၀င်ပြီး ရှာတဲ့ဖွေတဲ့အချိန်မှာ သူတို့က ရှာဖွေပုံစံတွေပါလား၊ ဖမ်းဝရမ်းတွေပါလား။
ဟာ မပါဘူး၊ မပါဘူး၊ ဘာမှ မပါဘူး။
...
ဒီဗွီဘီ ။ ။ အခုအနားမှာလေ သူတို့ရှိနေလား။ သူတို့ကို ပြန်ပြီးတော့ လှမ်းတောင်ကြည့်လို့ ရမလား၊ ကျနော်တို့ မေးနေပါတယ်။ အဲဒါမျိုးတွေ ခင်ဗျားတို့ ပါလား။
မရဘူး ခဏ။... အဲဒီ ရှာဖွေပုံစံတွေ ဘာတွေ ပါသလားတဲ့။ အဲဒါမေးချင်လို့ပါတဲ့ ခဏ လာပြီးတော့ ဖြေပါတဲ့... သူနဲ့ ပြောလိုက်တော့ ရှင်းတာပေါ့။ ရှင်တို့က (ရှာဖွေနေတဲ့ ရဲများကို လှမ်းစကားပြော)...
...
ဖုန်းကျသွားပုံရပါတယ်။ လိုင်းဖြတ်လိုက်သလား၊ ကျသွားတာလားတော့ သူတို့မှပဲသိနိုင်မှာပဲလေ။

အဲဒီဖုန်းနဲ့ပြောနေတာလေးကို နားထောင်နေရင်း ဖုန်းလက်ခံဖြေနေတဲ့ ကိုအံ့ဘွယ်ကျော်ရဲ့ မိခင်ဆိုတဲ့ အန်တီ့ကို လေးစားလာပါတယ်။ လေသံနားထောင်ရတာ ရိုးသားအေးဆေးပုံပေါက်ပေမယ့် သားတယောက်လုံးအဖမ်းခံရတာကို တစ်ချက်မရှိုက်၊ အားမလျော့ပဲ ရှာဖွေနေတဲ့သူတွေကိုတောင် ပြန်ပြီးမေးခွန်းတွေထုတ်နေပါသေးတယ်။ ပြီးတော့ တစ်အိမ်လုံးလည်း သူတစ်ယောက်ထဲတဲ့။ သားကောင်းတို့ မိခင်ဆိုတာ ဒီလိုမျိုးပဲ ဖြစ်နေမယ်ထင်ပါရဲ့။ သားတစ်ယောက်လုံးကို စွန့်ပြီး ပါရမီဖြည့်ပေးနေတဲ့မိခင်စိတ်ဓာတ် ဒီလောက်တော့ မာမယ် ခိုင်မယ် ပြင်းပေလိမ့်မယ်ပေါ့။ စိတ်ထဲမှာလည်း ဆုတောင်းနေမိပါတယ် တစ်ယောက်တည်းရှိနေတဲ့ အန်တီ ဘေးမသီရန်မခပါစေနဲ့လို့။

နောက်တစ်ခုသတိထားမိတာက ခေတ်ရဲ့အပြောင်းအလဲကြောင့် ဆက်သွယ်ရေးဆိုတာ အဆမတန်မြန်ဆန်လာပါပြီ။ တနေရာက ဖြစ်တဲ့ကိစ္စနောက်တနေရာ ချက်ခြင်းသိနိုင်ပါတယ်။ ဖုန်းလေးတစ်ချက်ကောက်ဆက်လိုက်ရင် ဘာတွေဖြစ်နေသလဲ၊ ဘယ်သူတွေဘာလုပ်သလဲ သိနိုင်နေတာပါ။ ၈၈တုန်းကလို လုပ်ချင်ရာလုပ်၊ ထင်ရာစိုင်းခွင့် သူတို့မှာမရှိတော့ပါဘူး။

ဒီနေ့မှာ လမ်းလျှောက်ကြမယ့်သူများအတွက် ဘလော့ဂါတွေလုပ်ထားတဲ့ လိုဂိုလေးနဲ့ ဂုဏ်ပြုပါတယ်။ မြေအုတ်တို့ပြိုသော် ကျောက်အုတ်တို့ဖြင့်အစားထိုး လတ္တံ့ ဆိုတဲ့အတိုင်း ခေါင်းဆောင်တွေကို ဖမ်းထားပေမယ့် ကျန်တဲ့သူတွေက လက်ဆင့်ကမ်းတာဝန်ယူကြမယ်ဆိုတာ သူတို့သဘောပေါက်နိုင်ပါစေ။



*************


*************


*************

ငယ်ငယ်ကလူကြီးတွေက အဖေနဲ့အမေဘယ်သူ့ပိုချစ်လဲ ဆိုရင် စဉ်းစားမနေပါဘူး။ ဖေဖေပေါ့လို့ဖြေမိတယ်။ မေမေကိုယ်တိုင်ကလည်း အပြုံးမပျက် အဖေ့သမီးလေ အဲဒါသာကြည့်တော့ဆိုပြီး ရယ်နေတတ်တယ်။ အစားအသောက်ကြိုက်တာ၊ တွေးခေါ်တာ၊ အကုန်နီးပါး ဖေဖေနဲ့တူတယ်။ ဖေဖေ့ကိုအားကျလို့ လိုက်တူအောင်နေရင်းပဲ တူသွားသလား၊ နဂိုကတည်းကတူနေသလားတော့ ခုထိအဖြေမရသေးဘူး။

တဖြည်းဖြည်း အသက်လေးနည်းနည်းကြီးလာတော့ အမေကိုပိုခင်တွယ်လာတတ်ပြီ။ သမီးမိန်းခလေးတွေ အမေနဲ့ပိုနီးစပ်တာ ဘာကြောင့်ဆိုတာ သဘောပေါက်လာတတ်ပြီ။ အခုလို အိမ်နဲ့ဝေးနေတဲ့အချိန်မှာ မနက်နိုးရင် မေမေ့ရင်ခွင်ထဲ ပြန်မှေးနေရတဲ့အရသာကို မက်မောတတ်ခဲ့ပြီ။ မြန်မာပြည်ခဏပြန်တုန်းက အသက် ၂၀အရွယ်သမီးကို အိပ်ရာနိုးနိုးခြင်း ပေါင်ပေါ်ထိုင်ခိုင်းပြီး ကျေနပ်နေတဲ့မေမေ့ကို လွမ်းတတ်နေပြီ။ ဒီနေ့ဆိုရင် မေမေ့အသက် ၅၃နှစ်ပြည့်ပြီလေ။

စက်မှုကျောင်းဆင်းတစ်ယောက်ပီပီ ဘယ်တော့မှမရဘူးဆိုတာ သူ့အတွက်မရှိစေရဘူး။ ဖြစ်အောင် လုပ်တတ်တဲ့မေမေ။ လူတကာလုပ်နိုင်ရင် ကိုယ်လည်းလုပ်နိုင်ရမယ်။ လုပ်နိုင်ယုံမက သာစေရမယ် ဆိုတဲ့မေမေ။ ဦးသန့်အရေးအခင်းမှာ အိမ်ပြန်မအိပ်ပဲ ထမင်းထုတ်စားခဲ့တဲ့မေမေ။ အထက်ဖားအောက်ဖိ မလုပ်တတ်လို့ အခုထိရသင့်တဲ့ရာထူးကို မရောက်နိုင်သေးတဲ့မေမေ။

ဖေဖေကတော့ ခင်ဗျားတို့အမေက 'အ'လွန်းတယ်တဲ့။ လူတွေနဲ့ပေါင်းတာသင်းတာမှာ ချက်ချက်ချာချာ မရှိဘူးတဲ့လေ။ အမှန်ပါပဲ။ မေမေကလောကွတ်စကား လုံးဝမပြောတတ်တာပါ။ စိတ်ထဲရှိတာကို အမှန်ပြောတယ်။ တုတ်ထိုးအိုးပေါက် ပြောတတ်ပါတယ်။ အဲလိုပြောတတ်သလို မေမေ့စိတ်ကလည်း ဖြောင့်ရှင်းပါတယ်။ ပွင့်လင်းပါတယ်။ ယောက်ျားသားတွေထက်တောင် ဟောဟောဒိုင်းဒိုင်း ပြောတတ်ပါသေးတယ်။

စက်ပစ္စည်းတွေနဲ့ အမြဲလုံးပန်းနေရတဲ့ မိန်းမတစ်ယောက်ပေမယ့် ဖေဖေ့အတွက်တော့ မေမေဟာ မိန်းမဆန်တဲ့ ဇနီးကောင်းတစ်ယောက်ပါ။ ဖေဖေအမြဲပြောတဲ့စကားက မေမေ့ကိုဟင်းချက်ကောင်းလို့ ကြိုက်တာတဲ့။ မေမေဟာဟင်းချက် အလွန်ကောင်းပါတယ်။ ထမင်းဟင်းတင်မကပဲ မုန့်မျိုးစုံလုပ်တတ်သလို၊ အစာတခုကို စားကြည့်ယုံနဲ့ ဘယ်လိုလုပ်တယ်ဆိုတာ မေမေကသိပါတယ်။ လူတိုင်းကိုယ့်အမေလက်ရာကို အကောင်းဆုံးထင်ကြတာချင်းတူတူ မေမေ့လက်ရာကပိုကောင်းတယ်ထင်တာပဲ။ ဟဲဟဲ

မေမေဟာပုံစံကြည့်လိုက်ရင် ရိုးရိုးအေးအေးကြီးလို့ထင်ရပေမယ့် အတွေးအခေါ်မှာ ခေတ်မှီပါတယ်။ သားသမီးတွေအတွက် ခေတ်ကိုမျက်ခြေပြတ်မခံပဲ အမြဲလေ့လာနေတတ်တဲ့သူပါ။ မေမေမှာ တခြားအိမ်နီးနားချင်းအန်တီတွေကို လိုက်မမှီတာတစ်ခုတော့ ရှိပါတယ်။ မင်းသားမင်းသမီးတွေသတင်း၊ ရပ်ကွက်ထဲကအတင်း မေမေတစ်လုံးမှမသိပါဘူး။ သူတို့တွေနဲ့တွေ့လို့များ စကားပြောရင် ဟုတ်လား ဆိုတာတစ်လုံးပဲမေမေပြောနိုင်ပါတယ်။ အဲဒီအခါမှာတော့ မေမေမယှဉ်နိုင်တော့ပြန်ပါဘူး။

မေမေ့မှာရှိတဲ့ အရည်အချင်းတွေကို လေးစားသလို အားလည်းကျမိပါတယ်။ ကိုယ်တိုင်ဝင်ငွေရှာရင်း အိမ်ထောင်ကိုနိုင်နင်းတဲ့ မိန်းမတစ်ယောက်လည်း ဖြစ်ချင်မိပါတယ်။ အလုပ်နဲ့မိသားစုကြားတင် နစ်မနေပဲ ခေတ်ကိုလည်း လေ့လာနိုင်တာကိုတော့ အံ့သြမိပါတယ်။ အလုပ်ကိစ္စတစ်ခုနဲ့တင် တစ်လောကလုံးနဲ့ အဆက်အသွယ် ပြတ်မလောက်ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်ပြန်မြင်မိပြီး ငါမေမေ့ကိုမှီအောင် ဘယ်နှစ်နှစ် လောက်များ ကြိုးစားရပါ့မလဲလို့လဲ စဉ်းစားမိပါတယ်။

ဘယ်လောက်ပဲကြိုးစားပေမယ့် မေမေကတော့အမြဲသာနေမှာပါ၊ ဘာလို့လဲဆိုတော့ သူက ကိုယ့်ကိုမွေးခဲ့တဲ့ အမေကိုး။

မေမေရေ နောင်နှစ်မွေးနေ့မှာတော့ တူတူရှိနိုင်မယ်လို့မျှော်လင့်မိပါတယ်။ မေမေအမြဲစိတ်ချမ်းသာပါစေ။ ဒီနှစ်မွေးနေ့မှာလည်း ပျော်ရွှင်နိုင်ပါစေ။

(အမှန်ကတော့ မွေးနေ့မတိုင်ခင်ချိုကို့ဆီကိုလာဖို့ပါ။ မောင်လေးကိစ္စရယ်၊ နောက်တစ်လကျော်မှာရောက်မယ့် ချိုကို့မွေးနေ့ရယ်ကို ငဲ့ပြီး အခုမလာဖြစ်ပဲ နောက်ကျမှလာဖို့ ပြောင်းလိုက်တာပါ။ မွေးနေ့ကိုတောင် သမီးမွေးနေ့ကို အရင်စဉ်းစားပေးတဲ့အတွက် ကြည်နူးရပါတယ်မေမေ။)

အချိန်ကတော့ ဒုတိယကမ္ဘာစစ်မီးမြန်မာပြည်ကို ကူးစက်ချိန်ပေါ့။ သူ့နာမည်က ချိုတကူး။ အသက်ကတော့ ၁၃နှစ်။ ကုလားလူမျိုးတွေမြန်မာပြည်က ပြေးကြတော့ သူတို့မိသားစုလဲ သင်္ဘောနဲ့ပြေးဖို့လုပ်ကြတယ်။ ချိုတကူးနဲ့ သားအဖသုံးယောက် ဈေးဝယ်နေတုန်းမှာ အမေနဲ့ညီမကိုတင်ထားတဲ့ မြန်မာပြည်ကထွက်မယ့် နောက်ဆုံးသင်္ဘောဟာ ကမ်းကခွာသွားတယ်။ သားအဖ၃ယောက် အူလည်လည်နဲ့ ကျန်ခဲ့ပြီး ရရစားစားလုပ်ကိုင်စားသောက်ကြတယ်။ ၀မ်းရောဂါတွေဖြစ်တော့ ချိုတကူး အဖေနဲ့အစ်ကို ရှေ့ဆင့်နောက်ဆင့် ဆုံးကြတယ်။ ၁၃နှစ်ကျော်ကျော် ၁၄နှစ်သား တစ်ကောင်ကြွက်ချိုတကူးပေါ့။

သူ့က ဘယ်တော့မှကြာရှည်စိတ်မညစ်တတ်၊ အိမ်တွေရဲ့ခိုင်းတာတွေကိုလည်း မငြီးမငြူလုပ်ပေးတတ်တော့ ထမင်းတနပ်နဲ့ အ၀တ်တထည် သူ့အတွက်မရှားဘူးပေါ့။ သူကိုယ်တိုင်က ပျော်သလိုနေတတ်တော့ ပတ်ဝန်းကျင်ကလည်း ထူးပြီးသနားမနေတော့ဘူး။ ငယ်ငယ်ရွယ်ရွယ်မိဘမဲ့ တစ်ကောင်ကြွက်လေး ဆိုတာလောက်ပဲ စကားအဖြစ်ပြောကြတော့တယ်။

ဒီလိုနဲ့ ဦးသုခရိုက်တဲ့ ‘ဂုဏ်ရည်မတူ’ ဇာတ်ကားကို ချိုတကူးသွားကြည့်မိတယ်။ ရုပ်ရှင်ထဲက မေသစ်ကို သနားလို့တဲ့ သူ့ခမျာ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့။ ပြန်ထွက်လာတော့လည်း မေသစ်သနားစရာကောင်းကြောင်း ပြောမဆုံးနိုင်။

ဒါကတော့ ချိုတကူးနဲ့ဂုဏ်ရည်မတူ ဆိုတဲ့ ဆရာအောင်သင်းရဲ့ ဆောင်းပါးကို ဖေဖေပြန်ပြောသလောက် မှတ်မိတာလေးပါ။ ဆရာကတော့ တကယ့်အဖြစ်နဲ့ ရုပ်ရှင်မှာ ရုပ်ရှင်ကိုလူတွေပို ခံစားတတ်ကြတာ အနုပညာရဲ့အစွမ်းလို့ ပြောချင်တာထင်ပါတယ်။

ကိုယ်တိုင်သနားစရာဖြစ်နေတဲ့ဘ၀ကိုမမြင်ပဲ သူများကိုစုပ်တသတ်သတ်လုပ်နေရင်တော့ ဖေဖေက ချိုတကူးနဲ့ဂုဏ်ရည်မတူဟေ့ လို့ပြောတတ်ပါတယ်။ မေမေ့ကိုစချင်၊ နောက်ချင်ရင်လည်း ပြောတတ်ပါတယ်။ အထူးသဖြင့် ဇာတ်လမ်းတွေထဲက အမေတွေသားကိုအရမ်းချစ်ပြလို့ မေမေကဝေဖန်ရင် “ခင်ဗျားတို့အမေ ချိုတကူးလေ ကြည့်ကြည့်” ဆိုပြီးစတတ်ပါတယ်။

ဒီစကားလေးကိုအခုတလော ပြန်သတိရနေမိတယ်။ ကိုယ်တိုင် ချိုတကူးခဏခဏဖြစ်ပြီး သူများအပူကို လိုက်ပူပေးမိတဲ့သူတွေကို တွေ့တွေ့နေရလို့ထင်ပါရဲ့။

တရားဆွေးနွေးတဲ့သူတွေကို မြင်ရင်ပိုပြီးသတိရမိတယ်။ တကယ်ဆွေးနွေးတဲ့သူကနည်းပြီး နိုင်အောင်ငြင်းချင်တဲ့သူ၊ ငါပြောတာမှမှန်တာဆိုတဲ့ သူတွေကိုကြည့်ပြီး သူတို့ဘ၀က ချိုတကူးထက်ဆိုးပါလားလို့။ သူတပါးကိုအယူမမှားအောင် ကိုယ်တိုင်ဒေါသတွေအဖြစ်ခံပြီး ငြင်းခုန်ပေးနေကြရှာတယ်လေ။

အမှန်တော့ဘယ်သူ့ကိုမှ ပြောချင်တဲ့ဆန္ဒမရှိပါဘူး။ ရုတ်တရက်စိတ်ထဲပေါ်လာတဲ့အတွေးလေး ရေးချမိတာပါ။ သူတို့ကိုပြောမိလို့ ကိုယ်တိုင်ရော ချိုတကူးဖြစ်နေပြီလား။ သေချာဆန်းစစ်ကြည့်ဦးမှထင်ပါရဲ့။

ဒီနေ့မှာ...
တခါမှမမြင်ဘူးလိုက်တဲ့ အစ်ကိုတယောက်
အန်တီ့အိမ်ကနေပျောက်သွားတယ်။

ဒီနေ့မှာ...
ဆရာဝန်ဖြစ်ချင်တယ်ပြောတဲ့
ဒေါ်လေးရဲ့တစ်ဦးတည်းသောသမီး
လူပုံမပီသွေးအလိမ်းလိမ်းနဲ့ ရင်ခွဲရုံထဲဝင်သွားတယ်။

ဒီနေ့မှာ...
ဒုလ္လဘ၀တ်နေတဲ့ ဘဘုန်းကြီး
သင်္ကန်းမချွတ်နိုင် အလံကိုင်ခဲ့လို့
အင်းစိန်ကိုအလည်သွားရင်း လမ်းမှားကာတမလွန်မြို့
အပြီးပို့ခံလိုက်ရတယ်။

ဒီနေ့မှာ...
တိုင်းပြည်ရဲ့မျက်စိတွေ exportလုပ်ခံလိုက်ရတယ်။
တိုင်းပြည်ရဲ့နားတွေ နယ်နှင်ဒဏ်ပေးခံရတယ်။
တိုင်းပြည်ရဲ့လက်တွေ စွပ်ပြုတ်လုပ်သောက်ခံရတယ်။
တိုင်းပြည်ရဲ့ဘဏ္ဍာ သူခိုးဓားပြတွေ မောင်ပိုင်စီးတယ်။

ဒီနေ့မှာ...
အမေတွေငိုကြရတယ်
ပြန်မလာတော့မယ့် လူမမယ်ကလေးတွေအတွက်။

ဒီနေ့မှာ...
တိုင်းပြည်ကိုဘယ်သူတွေချစ်သလဲ
သွေးစစ်ပွဲကျင်းပခဲ့တယ်။

ဒီနေ့ဟာ...
နောင်တခါလည်လို့လာပြန်ပေါ့
ငါတို့ရော သွေးစစ်ပွဲဝင်ရဲပါ့မလား။
နီရဲ့လားငါတို့သွေး အစစ်အဆေးခံနိုင်ကြသလား...

Newer Posts Older Posts Home