ဘာလော့ကလေးကို ပစ်ထားခဲ့တာတော်တော်ကြာပါပြီ။
ဘာမှမရေးနိုင်တော့ ၀င်ကြည့်ဖို့လည်းစိတ်ကမရဲလှဘူး။
ဒီနေ့တော့မနေနိုင်တာနဲ့ ၀င်ပြီးတစ်ခုခုရေးမယ်လို့စိတ်ကူးမိတယ်။
ခက်တာက ရေးမယ်ဆိုတာနဲ့ စိတ်ထဲမှာရှိနေတယ်လို့ထင်ခဲ့တဲ့ စာတွေက ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်ကြတယ်။
ဒါနဲ့ပဲ ဘလော့တန်းပလိတ်လေးပြောင်းမယ်လို့ စိတ်ကူးလိုက်တယ်။ တန်းပလိတ်လေးတွေလျှောက်ကြည့်ပေမယ့် စိတ်ထဲမှာစိတ်တိုင်းကမကျလှဘူး။
ပြီးရင် မြန်မာစာမြင်ရဖို့ ပြန်ပြောင်းဟယ် ပြုဟယ်လုပ်ရမှာကိုလည်းပျင်းမိသေး။ ဒါနဲ့ပဲ ဘာမှမရေးပဲ တခြားဘလော့တွေလျှောက်သွားမိတယ်။
ရေးအားမကျသေးပဲ ဆက်လက်ချီတက်နေဆဲသူတွေကိုတွေ့တော့ ကိုယ့်ကိုကိုယ်မလုံမလဲ မကြေမနပ်။ဒါပေမယ့် တစ်ခုခုသာရေးချင်တာ တွေးဖို့ကိုလည်းပျင်း၊ တွေးမိတာတွေကို စာဖြစ်အောင်ချရေးဖို့လည်းပျင်း၊ ဒီပျင်းတဲ့သံသရာမှာကို တ၀ဲလည်လည်နဲ့ ကြာတော့ပျင်းတောင်လာတယ်။
ခုတလောလည်း ဦးနှောက်က အလုပ်ကောင်းကောင်းမလုပ်တော့ဘူးထင်ပါရဲ့။
အဲဒါကိုရေးထားတဲ့ ကဗျာလေးတပုဒ်တင်ရင်ကောင်းမယ်ထင်တယ်နော်။
အင်းလေ ကျန်တာလည်းစဉ်းစားလို့မှ မရတာ။ အဲဒီကဗျာလေးပဲဖတ်ကြည့်ကြပါဦးနော်။

Mulfunctioning...

I let my eyes close
and it never open up to anything since then!

I let my mouth keep quiet
and it never voice out a thing since then!

I let my brain rest
and it never work again since then!

He made my heart cry
and it never stop since then!

ဒီစနေ၊ တနင်္ဂနွေ တော်တော်ပင်ပန်းပါတယ်။ စနေမနက် အလုပ်ကအပြန်မှာ သတင်းလေးတွေနည်းနည်းဖတ်ပြီး ညနေ ဘုန်းကြီးကျောင်းက ဆုတောင်းပွဲသွားဖို့အတွက် အားရှိအောင်ခနအိပ်တဲ့အချိန်ဟာ အနားယူလိုက်ရတာ နောက်ဆုံးလို့တောင်ပြောရမလိုပါပဲ။ ညနေ ၆နာရီစမယ့် ဆုတောင်းပွဲကို နေရာမရမှာစိုးတဲ့ သူငယ်ချင်းက ၄နာရီခွဲအရောက်သွားမယ်ဆိုလို့ ချိန်းတဲ့အတိုင်းထွက်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းရောက်တော့ လူတော်တော်များနေပါပြီ။ ဘုရားကန်တော့ပြီး ဆုတောင်းပွဲကို စောင့်နေတဲ့အချိန်မှာ သတင်းတွေကြားခဲ့ရပါတယ်။ ဗမာတချို့ကို စင်္ကာပူအစိုးရလို့ ပြောတဲ့လူတချို့က ခေါ်ယူစစ်ဆေးတယ် ဆိုတဲ့ သတင်းတွေပါ။

သူငယ်ချင်းတစ်ယောက်ရဲ့ ကိုယ်တွေ့ပြောပြချက်အရဆိုရင်
သူ့ကိုဖုန်းဆက်ပြီးတော့ စင်္ကာပူရဲပါဆိုပြီး ခေါ်တယ်။ ခေါ်တဲ့နေရာက Tanglin Police Station တဲ့။ အဲဒီအဆောက်အဦးကြီးဟာ ရဲစခန်းမဟုတ်တော့တာ လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းကပါ။ ဘယ်သူမှလဲ မရှိလို့ ဘယ်လောက်ဟောင်းနေပြီဆိုတာ မှန်းကြည့်ရင်သိနိုင်ပါတယ်။ သူရောက်တော့ ၀င်ဖို့တံခါးတောင် ရှာမတွေ့ပါဘူးတဲ့။ ခြံကိုအလုံကာထားပြီး လူအ၀င်အထွက်ရှိတဲ့ အရိပ်အယောင်တောင်မမြင်ရတဲ့ အခြေအနေပါ။ သူ့ကိုခေါ်တဲ့ လူကိုဖုန်းပြန်ဆက်တော့ ဖုန်းက currently not in service တဲ့။ ခနနေတော့ အဲဒီလူလို့ယူဆရတဲ့ လူတစ်ယောက်ထွက်လာပါတယ်။ နာမည်မေးပြီး အထဲကိုခေါ်သွားတဲ့ အချိန်မှာ သူငယ်ချင်းက ငါတော့သေပြီလို့ကို တွေးမိတယ်တဲ့။ အဆောက်အအုံအဟောင်းကြီးထဲ ဖုန်းနံပါတ်အမှားပေးထားတဲ့ ရဲပါဆိုတဲ့သူကို ဘယ်သူယုံပါ့မလဲနော်။ အပြင်တင်ဟောင်းတာလားဆိုတော့ အထဲကလည်း လူမနေတာကြတဲ့ တိုက်ပျက်ကြီးတခုလိုပဲတဲ့။ ပြတင်းပေါက်မရှိပဲ မီးချောင်းကအလင်းသာ မရှိရင် ပိန်းပိတ်အောင် မှောင်နေမယ့်ပုံ။ အခန်းထဲမှာလည်း သံဗီဒိုတော်တော်ဟောင်းနေတာတစ်လုံး၊ ကွန်ပျူတာတစ်လုံး၊ စားပွဲတစ်လုံး၊ ထိုင်ခုံ၃လုံးနဲ့ သူရယ် ရဲလို့ယူဆရတဲ့ လူသုံးယောက်ပဲရှိတယ်။ အထဲမှာလဲ သူ့ကို တရားခံစစ်သလို စစ်သတဲ့။ ဒီမေးခွန်းတွေကိုပဲ ထပ်တလဲလဲမေး၊ လှည့်ပတ်မေးနဲ့ နှစ်နာရီလောက်ကြာခဲ့တယ်။ ဘုန်းကြီးကျောင်းမှာ ပြောကြတော့ သူတစ်ယောက်ထဲမဟုတ်ပဲ အခေါ်ခံရတဲ့သူတွေ တော်တော်များပါတယ်။ ဘယ်အဖွဲ့အစည်းက ဆိုတာလဲ ဘယ်သူမှမတိအကျမသိ။ ဘာလို့လုပ်တာလဲ ဆိုတာလဲ မသေချာနဲ့ သူလည်း အူကြောင်ကြောင်နဲ့ ပြန်ခဲ့ရပါတယ်။

နောက်ပြီး သတင်းစာထဲမှာလည်း လမ်းလျှောက်ခွင့် ပါမစ်တင်တာ reject လုပ်ခံရပါတယ်တဲ့။ ဘာလို့လဲ ဆိုတာတော့ သူတို့မှပဲ သိတော့မှာပါပဲ။

ဒီနေ့မှာတော့ ဘုန်းကြီးကျောင်းကအပြန် သံရုံးရှေ့မှာ လူတွေဖယောင်းတိုင်ထွန်းမယ်။ ဆုတောင်းကြမယ်ဆိုလို့ သွားခဲ့ပါတယ်။ သွားဖို့မသွားဖို့ စဉ်းစားရင်းနဲ့ သွားတော့တောင် တော်တော်နောက်ကျနေပါပြီ။ Orchard MRTကနေ လမ်းလျှောက်လာတော့ တော်တော်များများပြန်လာကြပါပြီ။ ရဲကားကလာကြည့်သွားတယ်။ ဘာမှမပြောဘူးဆိုလို့ ၀မ်းသာအားရလျှောက်အလာမှာ ပြန်လာတဲ့ အစ်ကိုတစ်သိုက်က လမ်းထဲကို အ၀င်မှာကတည်းက ဓာတ်ပုံတွေ ဗီဒီယိုတွေနဲ့ မှတ်တမ်းယူနေတယ်တဲ့။ အရပ်ဝတ်နဲ့ ရဲတွေလည်း ရှိတယ်တဲ့။ သူတို့က IC တွေဘာတွေတောင်းရင် မပေးနဲ့တဲ့။ ပေးစရာမလိုဘူး ဆိုပြီး သတိပေးပါတယ်။ စိတ်ထဲမှာတော့ နည်းနည်းကြောက်လည်းကြောက်၊ ဒေါသလည်း ထွက်နဲ့ ဆက်လျှောက်လာတော့ လည်ပင်းမှာ ကဒ်ပြားတစ်ခုနဲ့ လူက လာပြီးတားပါတယ်။ ပြီးတော့ "ငါတို့က သတိပေးတာပါတဲ့။ အခုလို လူစုတယ်ဆိုတာ ဥပဒေနဲ့ဆန့်ကျင်ပါတယ်တဲ့။ မသွားနဲ့လို့တော့ မပြောပါဘူး"တဲ့။ အဲလိုပြောနေတဲ့အချိန်မှာ မိန်းမတစ်ယောက်က ဗီဒီယိုကင်မရာလေးနဲ့ရောက်လာပြီး ရိုက်ပါတယ်။ ပါးစပ်ကလည်း "အခုဆိုရင် ရဲတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မယ့်သူတွေကို တားနေပါတယ်။ မသွားရဲအောင် အမျိုးမျိုးခြိမ်းခြောက်နေပါတယ်။" အဲလိုပြောတော့ စကားပြောနေတဲ့ရဲ ဘာဆက်ပြောရမှန်းမသိခင် သူငယ်ချင်းကိုလက်ကုတ်ပြီး ဆက်ထွက်လာခဲ့တယ်။ သုံးလှမ်းလောက်လျှောက်ပြီးတော့ နောက်တစ်ယောက်က လာပြောပြန်ပါတယ်။ ဟိုမိန်းမကလည်း အမှီလိုက်ပြီးတော့ "အခုဆိုရင် ဒုတိယအကြိမ်တားတာပါ။ လာတဲ့သူတွေက ဘာမှမပါပါဘူး။ ငြိမ်းချမ်းစွာလာတာပါ။" ဆက်ပြောပါတယ်။ ထပ်တားတဲ့လူက "ငါတို့က အကြံပြုသတိပေးတာပါ။ မတားပါဘူး။ ဒါပေမယ့် ဒါဟာ ဥပဒေနဲ့ဆန့်ကျင်ပါတယ်တဲ့။" ဒါနဲ့ခေါင်းငြိမ့်ပြပြီး လူအုပ်ဆီကို ဆက်ထွက်လာခဲ့ပါတယ်။

လူတွေကို သတိလိုက်ပေးနေတဲ့ အရပ်ဝတ်ရဲတွေထဲမှာ မြန်မာလူမျိုး တစ်ယောက်ပါပါတယ်။ သတင်းထောက်တွေရောက်လာတော့ သူ့ကို ဓာတ်ပုံဝိုင်းရိုက်ကြပါတယ်။ နိုင်ငံသားခံယူထားတဲ့ မြန်မာပဲလား၊ ဘာလားတော့ မသိပါဘူး။ နက်ဖြန်သတင်းစာမှာ ပါမယ်ထင်ပါရဲ့။

စောရောက်နေတဲ့ သူငယ်ချင်းက အခုလုပ်တာက စင်္ကာပူကလက်ရှိအာဏာရပါတီရဲ့ အတိုက်အခံပါတီက လုပ်တာ။ သူတို့က Right to Protest ဆိုပြီးတော့ ဒါကိုလုပ်တာတဲ့။ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို ဒီမှာရှိတဲ့ မြန်မာလူထုအနေနဲ့ ဘယ်လိုသဘောရှိလဲ ဖော်ထုတ်ခွင့်ရှိရမယ်။ ဒီနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်တယ်ဆိုပြီး ဖယောင်းတိုင်တွေဝေပါတယ်။

အစကတော့ အားတက်သရော သွားခဲ့တာပါ။ ဒါပေမယ့် ဟိုရောက်တော့ ပါတီနှစ်ခု အားနည်းသူက အားများတဲ့သူကို မနိုင်လို့ ကြားက မြန်မာပြည်ကိစ္စ အကြောင်းပြပြီး နာမည်ဖျက်တာဖြစ်နေတော့ နေချင်စိတ်လည်းမရှိတော့ပါဘူး။ ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းပြီးတာနဲ့ ပြန်ခဲ့ပါတယ်။ တစ်နေကုန် နေအတော်ပူတော့ အရမ်းကိုပင်ပန်းပါတယ်။ နောက်ပြီး ကိုယ့်နိုင်ငံအတွက်လည်း ကိုယ်တိုင်လုပ်ရမှာပဲ၊ ဘယ်သူမှအားကိုးလို့ မရပါလားဆိုတာ ပိုသေချာသွားပါတယ်။ စင်္ကာပူအစိုးရအနေနဲ့ မြန်မာပြည်အရေးဟာ တစ်ခြားနိုင်ငံတွေကို မရိုက်ခတ်သေးဘူးလို့ ထင်နေခဲ့သမျှ ခုကိစ္စက သူတို့ကိုတော်တော် အကြပ်ရိုက်သွားစေမှာပါပဲ။ မြန်မာလူမျိုးတွေကို ပိုတင်းကြပ်တာတွေ မလုပ်လာပါစေနဲ့လို့ ဆုတောင်းနေရမှာပါပဲ။

အတ္တာဟိ အတ္တနော နာထော။ (မိမိကိုယ်သာ ကိုးကွယ်ရာ)
အခုပွဲဟာ ကိုယ့်ပြည်အတွက် ကိုယ်တိုင်တိုက်ရမယ့် ပွဲပါ

ငါ... နိုင်ငံရေးမလုပ်ပါဘူး။
ငါ... နိုင်ငံရေးဆိုတာလဲ မသိပါဘူး။
ငါ့ မိသားစု ကောင်းကောင်းမွန်မွန်နေရရင်၊
ငါတတ်ထားတဲ့ပညာနဲ့ လူတန်းစေ့နေနိုင်ရင်၊
ငါမှန်တယ်ထင်တဲ့အကြောင်းတွေကို ရင်ထဲကအတိုင်းပြောခွင့်ရရင်၊
ငါ့နိုင်ငံကို လူတကာအထင်မသေးတော့ရင်
ကျန်တာ ငါဘာမှ မတောင်းတော့ပါဘူး...

ငါ... နိုင်ငံရေးမလုပ်ပါဘူး...

မြန်မာပြည်ထဲမှာ သံဃာတော်တွေ သပိတ်ကံပြုကြပါပြီတဲ့။ နေ့စဉ်လှည့်လည် မေတ္တာပို့နေကြတယ်တဲ့။ ကြားရတဲ့သတင်းတွေနဲ့ ဓာတ်ပုံတွေက အားရစရာ၊ ကြက်သီးမွှေးညှင်းထစရာပါပဲ။ ငယ်ငယ်ကတည်းက ကြားဖူးတဲ့ သား ၃ သား မှာ ၂သားကတော့ ပူပေါင်းသွားပြီ။ ကျောင်းသားနဲ့ ဘုရားရဲ့သားတော်တွေနဲ့ပေါ့။ ကျန်တဲ့ ပြည်သူတွေရဲ့သားဖြစ်တဲ့ စစ်သားတွေကရော ဘယ်လိုလဲ ဘာလဲလို့မေးချင်ပါတယ်။ ကိုယ်တွေ့ခံစားနေရတာတွေကို စိတ်လှည့်စားသလို မဟုတ်ဘူးကွ မမှန်ဘူးကွလို့ ရွတ်ဆိုပြီး တကိုယ်ကောင်းသမားတွေရဲ့ အမိန့်ကို နာခံနေကြဦးမှာလားလို့ မေးချင်ပါရဲ့။

၈၈နောက်ပိုင်းမှာ အရွယ်ရောက်လာရတဲ့သူဆိုတော့ သပိတ်မှောက်တယ်ဆိုတာကို ကြားဖူးခဲ့တာကြာပါပြီ။ ဒါပေမယ့် အဓိပ္ပါယ်အတိအကျကို မသိခဲ့ဘူးလေ။ အဒေါ်တစ်ယောက်ဝယ်လာတဲ့ စကားတောင်စားအကြောင်း စာအုပ်ကိုဖတ်မိတော့မှ သပိတ်မှောက်တယ်ဆိုတာဒါပါလားလို့ သိရတော့တယ်။ အဲဒီစာအုပ်လေးထဲမှာ စကားတောင်စားဟာ သူစကားတတ်တိုင်း ဘုန်းကြီးတွေကို လှည့်ပတ်ဆင်ခြေပေးပြီး ဆရာတော်ကြီးတွေဟာ သူ့လောက်ကျမ်းဂန်မနှံ့စပ်ပါဘူး၊ စာမတတ်ပါဘူးလို့ ပြောတယ်ဆိုပဲ။ နောက်ဆုံးဘယ်လိုမှ ပြိုင်မငြင်းနိုင်တော့တဲ့နောက် သာသနာပိုင်ဆရာတော်ကြီးက ခေါင်းဆောင်ပြီး သပိတ်မှောက်ကံဆောင်သတဲ့။ အဲဒီအခါမှာ စကားတောင်စားဟာ တော်တော်ကို တုန်လှုပ်သွားတယ်လို့ဆိုတယ်။ သူ့အတွက်ကုသိုလ်အမှု ဘယ်လိုမှပြုမရတော့ဘူး။ သံသရာအဆက်ဆက် ဒုက္ခရောက်တော့မှာပါလားဆိုပြီး ငိုသတဲ့။ ပြီးတော့ ဘုန်းကြီးကျောင်းကိုပြေး ဆရာတော်တွေကို ၀န်ချတောင်းပန်၊ သပိတ်ကိုပြန်လှန်ပေးဖို့ ရှိခိုးဦးတင်လျှောက်ထားသတဲ့။ သံဃာတွေရဲ့ သပိတ်ကံဘယ်လောက် ကြောက်ဖို့ကောင်းတယ်ဆိုတာ သူသိတယ်လေ။

အခုတော့ မကြောက်တတ်တာလား၊ ဦးနှောက်မကောင်းတော့တာလား၊ စိန်ခေါ်တာလား ဘယ်လိုမှကို စဉ်းစားလို့မရတော့လောက်အောင်ပါပဲ။ ဗုဒ္ဓဘာသာနိုင်ငံမှာမွေးပြီး မိရိုးဖလာကိုးကွယ်တဲ့သူတောင် ဒီလောက်တော့ တွေးတတ်မယ်ထင်ပါတယ်။

သူတို့တွေဘာတွေတွေးပြီး ဘယ်လိုတုံ့ပြန်နေတယ်ဆိုတာ စဉ်းစားရကြပ်လှပါရဲ့။

Today...
I let someone find me in my secret place.

Today...
I give someone a map to my resting cave.

Today...
I show someone the grave of my broken heart.

Today...
I am free from loneliness.

Today...
I am healed to be hurt again.

Today...
It's a new day
And I am gonna embrace it... ... ...

တကယ်ပဲ သတင်းမကြားရတာက ပိုပြီးကောင်းလေမလား...

သတင်းတစ်ခုကြားတယ် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု စစ်ဆေးခံနေရစဉ် သေဆုံးသွားတယ်တဲ့။
မဟုတ်ဘူးဆိုတဲ့ သတင်းလည်းထွက်လာတယ်။ ဘယ်ဟာမှ အတည်မပြုနိုင်သေး...

ဘလော့ဂါတစ်ယောက်ဖြစ်တဲ့ မိုးကုတ်မီဒီယာက ကိုသားဖြူကို စစ်ဆေးဖို့ဆိုပြီးခေါ်သွားတယ်တဲ့။
စိုးရိမ်မိပေမယ့် ဖုန်းအဆက်အသွယ်မရသေးလို့ မသေချာသေး...

ဒီနေ့ဟာ World Trade Center ကိုလေယာဉ်ပျံနဲ့ ရက်ရက်စက်စက်ဝင်တိုက်ခဲ့လို့ လူပေါင်းများစွာ သေခဲ့တာရဲ့ နှစ်ပတ်လည်နေ့။
ခုထိတော့ အမှတ်တရအကြမ်းဖက်မှုသတင်း မကြားရသေး...

တကယ်ပဲ သတင်းမကြားရတာက ပိုပြီးကောင်းလေမလား...

(သူငယ်ချင်း သားဖြူအတွက် စိတ်ပူစွာနဲ့ရေးမိပါသည်။)

အခုတလောမကျေနပ်တာတွေ တော်တော်များနေတယ်။ ဘာကိုမကျေနပ်လဲဆိုတော့လည်း သေချာမသိပြန်ဘူး။ ကိုယ့်ကိုကိုယ်ပဲ မကျေနပ်သလိုလို။ ဒုက္ခရောက်နေတဲ့သူအချင်းချင်း ငွေလေးနှစ်ပဲတစ်ပြားယူပြီး ရိုက်နှက်ရက်တဲ့သူတွေကို လိုလို။ ကိုယ်ချင်းမစာ ကိုယ်ကျိုးပဲကြည့်တတ်တဲ့ စလုံးက အစိုးရကိုလိုလို။ အခုအချိန်မှာသာ ချိုကို့ကို သေနတ်တစ်လက်ပေးလိုက်ရင် တွေ့သမျှလိုက်ပစ်သတ်မိမယ်ထင်ပါရဲ့။

စိတ်ထဲမှာတော့ ပြောချင်တာတွေအများကြီးရှိနေသလိုပဲ။ ချရေးလိုက်တော့ မထွက်ပြန်ဘူး။ ဒါကိုလည်း မကျေနပ်ဘူး။ ခက်တော့ခက်နေပါပြီ။

ဖြစ်နိုင်ရင်လေ ဒီနိုင်ငံမှာမနေပဲ မြန်မာပြည်ကို ပြန်လိုက်ချင်တယ်။ ကိုယ့်မြေလောက် အေးချမ်းတာမရှိတော့ပါဘူး။ ညကလည်း အိပ်မက်ထဲမှာ မြန်မာပြည်ပြန်ရောက်နေတယ်တဲ့။ အကုန်ပျော်ဖို့ကောင်းလိုက်တာလေ။ မေမေတို့နဲ့တွေ့ မုန့်တွေလုပ်စားကြ။ မောင်နှမတွေရန်ဖြစ်ကြ၊ စကားတွေများကြနဲ့။

ဒါပေမယ့် ကြာကြာမခံပါဘူး။ အိမ်ထောင်စုစာရင်းက ဓာတ်ပုံမှာ ချိုကို့ပုံမပါလို့တဲ့လေ။ လာဖမ်းသွားတယ်တဲ့။ လူကိုလန့်နိုးပြီး ချွေးတွေပြန်လာရော။ ပြန်တောင်အိပ်မပျော်တော့ဘူး။ အော် မွေးရပ်မြေတောင် ကောင်းကောင်းမလွမ်းရပါလားလို့နော်။

အခုတလော night-shiftကအပြန် စကားတွေတောင်ရောက်မြောက်ရောက် ပြောပြောမိနေလို့ ဘလော့မှာစာမတင်ဘဲနေတာကြာပါပြီ။ ဒီနေ့မနက်တော့ ဒီဗွီဘီမှာ သတင်းဖတ်မယ်ဆိုပြီး ဖွင့်လိုက်တယ်။ ကိုမင်းကိုနိုင်နဲ့ ၈၈ကျောင်းသားခေါင်းဆောင် တော်တော်များများကို ညတွင်းချင်းဝင်ဖမ်းသွားတယ်တဲ့။ မျက်စိထဲကိုစူးခနဲဝင်လာတယ်။ ဘယ်လိုဖြစ်ပြန်ပြီလဲသိချင်စိတ်နဲ့ ဖတ်လိုက်တော့ ကိုအံ့ဘွယ်ကျော်ရဲ့အမေကို ဒီဗွီဘီကဖုန်းနဲ့လှမ်းမေးထားတာလေး တွေ့ရတယ်။ သတင်းနားမထောင်ရ၊ မဖတ်ရတဲ့သူတွေအတွက် နည်းနည်းတင်ပေးချင်ပါတယ်။

ဒီဗွီဘီ ။ ။ ဘယ်သူတွေက လာခေါ်သလဲ ခင်ဗျာ။
ဘယ်သူတွေလဲဆိုတော့ ဒုရဲမှူး အောင်မြင့်လို့ စာရေးထားတာ တွေ့တယ်။ ပါးစပ်နဲ့ပဲ လူကြီးတွေက ခေါ်ခိုင်းလို့ဆိုပြီး လာခေါ်တာတဲ့။ စာရွက်စာတမ်းလဲ မပါဘူး။
...
ဒီဗွီဘီ ။ ။ သူတို့ဘာကြောင့်မို့လို့ လာခေါ်တယ်လို့ ပြောလဲခင်ဗျာ။
အဲဒါတော့ မပြောဘူး ဘာကြောင့်ရယ်လို့။ မင်းတို့ခေါ်တာ ဘာကြောင့်ခေါ်တာလဲတဲ့။ ဘာအကြောင်းပြမလဲ။ (ရှာဖွေနေတဲ့ ရဲများကို လှမ်းစကားပြော)... (ရှာဖွေနေတဲ့ သူများက စကားတိုးတိုးနဲ့ ပြန်ပြောသံများ ကြားနေရ၊ ဘာမှန်းတော့ မသဲကွဲပေ)... ဘာအကြောင်းမှ ပြောလို့ မဖြစ်ဘူးလို့ ပြောတာပဲ။ အဲဒီ ဒုရဲမှူးအောင်မြင့်ဆိုတာ ရှိတယ်။
ဒီဗွီဘီ ။ ။ အမေကို အခုပြောနေတဲ့သူက ဘယ်ကလဲ၊ ရဲလား၊ ထောက်လှမ်းရေးလား။
ရဲလို့ ပြောတာပဲသူက၊ ဒုရဲမှူးအောင်မြင့်တဲ့။
ဒီဗွီဘီ ။ ။ သူနဲ့ ကျနော် စကားပြောလို့ ရမလားလို့။
ဟာ- ရပါတယ်၊ ပြောမလား။
ဒီဗွီဘီ ။ ။ ဟုတ်ကဲ့၊ ပြောချင်ပါတယ်။
ဒုရဲမှူးအောင်မြင့်ဆိုတာ ဘယ်မလဲ၊ လာပါအုန်း။ နော်ဝေနဲ့ ပြောမယ် မီဒီယာက။ ဘယ်နှဲ့မပြောလို့ ရမလဲ။ ... (ရှာဖွေနေတဲ့ ရဲများကို လှမ်းစကားပြော)
...
ဒီဗွီဘီ ။ ။ မေးရမှာပေါ့။ လူတယောက်လုံး လာဖမ်းသွားတာ၊ ဘာကြောင့်ဖမ်းတယ်ဆိုတာ ကျနော်တို့ သတင်းဌာနတွေက သိချင်တာပေါ့။
မလာဘူး မလာဘူး ထွက်ပြေးပြီ။ ဟို အိမ်ရှေ့မှာ။
ဒီဗွီဘီ ။ ။ တချက် လှမ်းခေါ်ပေးပါ၊ လာပါလို့ ကျနော်တို့က မေးချင်လို့ပါလို့၊ လူတယောက်လုံးတော့ ဖမ်းရဲပြီးတော့၊ ဘာဖြစ်လို့ ခဏလေးမေးတာ ဖုန်းနဲ့တော့ အဝေးကြီး လှမ်းကြောက်နေလဲလို့။
ဟုတ်ကဲ့... ခဏလောက် လာပါအုန်းတဲ့။ လူတယောက်လုံးတော့ ဖမ်းပြီးတော့၊ မေးချင်တာလေးကြတော့ မဖြေနိုင်အောင် ဘာကြောက်တာလဲတဲ့။ ... လာလေ၊ တယောက်လာလေ၊ ... မပြောရဲဘူးလား၊ မရိုးသားလို့ပေါ့ဒါ၊ မမှန်ကန်လို့ပေါ့ (ရှာဖွေနေတဲ့ရဲများကို လှမ်းစကားပြော)
...
ဒီဗွီဘီ ။ ။ အခုဟာက အိမ်မှာ အမေတယောက်ပဲ ကျန်တာပေါ့နော်။
ဟုတ်ကဲ့ ကျမ တယောက်ထဲပါ။
ဒီဗွီဘီ ။ ။ အမေအိမ်ကို ၀င်ပြီး ရှာတဲ့ဖွေတဲ့အချိန်မှာ သူတို့က ရှာဖွေပုံစံတွေပါလား၊ ဖမ်းဝရမ်းတွေပါလား။
ဟာ မပါဘူး၊ မပါဘူး၊ ဘာမှ မပါဘူး။
...
ဒီဗွီဘီ ။ ။ အခုအနားမှာလေ သူတို့ရှိနေလား။ သူတို့ကို ပြန်ပြီးတော့ လှမ်းတောင်ကြည့်လို့ ရမလား၊ ကျနော်တို့ မေးနေပါတယ်။ အဲဒါမျိုးတွေ ခင်ဗျားတို့ ပါလား။
မရဘူး ခဏ။... အဲဒီ ရှာဖွေပုံစံတွေ ဘာတွေ ပါသလားတဲ့။ အဲဒါမေးချင်လို့ပါတဲ့ ခဏ လာပြီးတော့ ဖြေပါတဲ့... သူနဲ့ ပြောလိုက်တော့ ရှင်းတာပေါ့။ ရှင်တို့က (ရှာဖွေနေတဲ့ ရဲများကို လှမ်းစကားပြော)...
...
ဖုန်းကျသွားပုံရပါတယ်။ လိုင်းဖြတ်လိုက်သလား၊ ကျသွားတာလားတော့ သူတို့မှပဲသိနိုင်မှာပဲလေ။

အဲဒီဖုန်းနဲ့ပြောနေတာလေးကို နားထောင်နေရင်း ဖုန်းလက်ခံဖြေနေတဲ့ ကိုအံ့ဘွယ်ကျော်ရဲ့ မိခင်ဆိုတဲ့ အန်တီ့ကို လေးစားလာပါတယ်။ လေသံနားထောင်ရတာ ရိုးသားအေးဆေးပုံပေါက်ပေမယ့် သားတယောက်လုံးအဖမ်းခံရတာကို တစ်ချက်မရှိုက်၊ အားမလျော့ပဲ ရှာဖွေနေတဲ့သူတွေကိုတောင် ပြန်ပြီးမေးခွန်းတွေထုတ်နေပါသေးတယ်။ ပြီးတော့ တစ်အိမ်လုံးလည်း သူတစ်ယောက်ထဲတဲ့။ သားကောင်းတို့ မိခင်ဆိုတာ ဒီလိုမျိုးပဲ ဖြစ်နေမယ်ထင်ပါရဲ့။ သားတစ်ယောက်လုံးကို စွန့်ပြီး ပါရမီဖြည့်ပေးနေတဲ့မိခင်စိတ်ဓာတ် ဒီလောက်တော့ မာမယ် ခိုင်မယ် ပြင်းပေလိမ့်မယ်ပေါ့။ စိတ်ထဲမှာလည်း ဆုတောင်းနေမိပါတယ် တစ်ယောက်တည်းရှိနေတဲ့ အန်တီ ဘေးမသီရန်မခပါစေနဲ့လို့။

နောက်တစ်ခုသတိထားမိတာက ခေတ်ရဲ့အပြောင်းအလဲကြောင့် ဆက်သွယ်ရေးဆိုတာ အဆမတန်မြန်ဆန်လာပါပြီ။ တနေရာက ဖြစ်တဲ့ကိစ္စနောက်တနေရာ ချက်ခြင်းသိနိုင်ပါတယ်။ ဖုန်းလေးတစ်ချက်ကောက်ဆက်လိုက်ရင် ဘာတွေဖြစ်နေသလဲ၊ ဘယ်သူတွေဘာလုပ်သလဲ သိနိုင်နေတာပါ။ ၈၈တုန်းကလို လုပ်ချင်ရာလုပ်၊ ထင်ရာစိုင်းခွင့် သူတို့မှာမရှိတော့ပါဘူး။

ဒီနေ့မှာ လမ်းလျှောက်ကြမယ့်သူများအတွက် ဘလော့ဂါတွေလုပ်ထားတဲ့ လိုဂိုလေးနဲ့ ဂုဏ်ပြုပါတယ်။ မြေအုတ်တို့ပြိုသော် ကျောက်အုတ်တို့ဖြင့်အစားထိုး လတ္တံ့ ဆိုတဲ့အတိုင်း ခေါင်းဆောင်တွေကို ဖမ်းထားပေမယ့် ကျန်တဲ့သူတွေက လက်ဆင့်ကမ်းတာဝန်ယူကြမယ်ဆိုတာ သူတို့သဘောပေါက်နိုင်ပါစေ။



*************


*************


*************

ငယ်ငယ်ကလူကြီးတွေက အဖေနဲ့အမေဘယ်သူ့ပိုချစ်လဲ ဆိုရင် စဉ်းစားမနေပါဘူး။ ဖေဖေပေါ့လို့ဖြေမိတယ်။ မေမေကိုယ်တိုင်ကလည်း အပြုံးမပျက် အဖေ့သမီးလေ အဲဒါသာကြည့်တော့ဆိုပြီး ရယ်နေတတ်တယ်။ အစားအသောက်ကြိုက်တာ၊ တွေးခေါ်တာ၊ အကုန်နီးပါး ဖေဖေနဲ့တူတယ်။ ဖေဖေ့ကိုအားကျလို့ လိုက်တူအောင်နေရင်းပဲ တူသွားသလား၊ နဂိုကတည်းကတူနေသလားတော့ ခုထိအဖြေမရသေးဘူး။

တဖြည်းဖြည်း အသက်လေးနည်းနည်းကြီးလာတော့ အမေကိုပိုခင်တွယ်လာတတ်ပြီ။ သမီးမိန်းခလေးတွေ အမေနဲ့ပိုနီးစပ်တာ ဘာကြောင့်ဆိုတာ သဘောပေါက်လာတတ်ပြီ။ အခုလို အိမ်နဲ့ဝေးနေတဲ့အချိန်မှာ မနက်နိုးရင် မေမေ့ရင်ခွင်ထဲ ပြန်မှေးနေရတဲ့အရသာကို မက်မောတတ်ခဲ့ပြီ။ မြန်မာပြည်ခဏပြန်တုန်းက အသက် ၂၀အရွယ်သမီးကို အိပ်ရာနိုးနိုးခြင်း ပေါင်ပေါ်ထိုင်ခိုင်းပြီး ကျေနပ်နေတဲ့မေမေ့ကို လွမ်းတတ်နေပြီ။ ဒီနေ့ဆိုရင် မေမေ့အသက် ၅၃နှစ်ပြည့်ပြီလေ။

စက်မှုကျောင်းဆင်းတစ်ယောက်ပီပီ ဘယ်တော့မှမရဘူးဆိုတာ သူ့အတွက်မရှိစေရဘူး။ ဖြစ်အောင် လုပ်တတ်တဲ့မေမေ။ လူတကာလုပ်နိုင်ရင် ကိုယ်လည်းလုပ်နိုင်ရမယ်။ လုပ်နိုင်ယုံမက သာစေရမယ် ဆိုတဲ့မေမေ။ ဦးသန့်အရေးအခင်းမှာ အိမ်ပြန်မအိပ်ပဲ ထမင်းထုတ်စားခဲ့တဲ့မေမေ။ အထက်ဖားအောက်ဖိ မလုပ်တတ်လို့ အခုထိရသင့်တဲ့ရာထူးကို မရောက်နိုင်သေးတဲ့မေမေ။

ဖေဖေကတော့ ခင်ဗျားတို့အမေက 'အ'လွန်းတယ်တဲ့။ လူတွေနဲ့ပေါင်းတာသင်းတာမှာ ချက်ချက်ချာချာ မရှိဘူးတဲ့လေ။ အမှန်ပါပဲ။ မေမေကလောကွတ်စကား လုံးဝမပြောတတ်တာပါ။ စိတ်ထဲရှိတာကို အမှန်ပြောတယ်။ တုတ်ထိုးအိုးပေါက် ပြောတတ်ပါတယ်။ အဲလိုပြောတတ်သလို မေမေ့စိတ်ကလည်း ဖြောင့်ရှင်းပါတယ်။ ပွင့်လင်းပါတယ်။ ယောက်ျားသားတွေထက်တောင် ဟောဟောဒိုင်းဒိုင်း ပြောတတ်ပါသေးတယ်။

စက်ပစ္စည်းတွေနဲ့ အမြဲလုံးပန်းနေရတဲ့ မိန်းမတစ်ယောက်ပေမယ့် ဖေဖေ့အတွက်တော့ မေမေဟာ မိန်းမဆန်တဲ့ ဇနီးကောင်းတစ်ယောက်ပါ။ ဖေဖေအမြဲပြောတဲ့စကားက မေမေ့ကိုဟင်းချက်ကောင်းလို့ ကြိုက်တာတဲ့။ မေမေဟာဟင်းချက် အလွန်ကောင်းပါတယ်။ ထမင်းဟင်းတင်မကပဲ မုန့်မျိုးစုံလုပ်တတ်သလို၊ အစာတခုကို စားကြည့်ယုံနဲ့ ဘယ်လိုလုပ်တယ်ဆိုတာ မေမေကသိပါတယ်။ လူတိုင်းကိုယ့်အမေလက်ရာကို အကောင်းဆုံးထင်ကြတာချင်းတူတူ မေမေ့လက်ရာကပိုကောင်းတယ်ထင်တာပဲ။ ဟဲဟဲ

မေမေဟာပုံစံကြည့်လိုက်ရင် ရိုးရိုးအေးအေးကြီးလို့ထင်ရပေမယ့် အတွေးအခေါ်မှာ ခေတ်မှီပါတယ်။ သားသမီးတွေအတွက် ခေတ်ကိုမျက်ခြေပြတ်မခံပဲ အမြဲလေ့လာနေတတ်တဲ့သူပါ။ မေမေမှာ တခြားအိမ်နီးနားချင်းအန်တီတွေကို လိုက်မမှီတာတစ်ခုတော့ ရှိပါတယ်။ မင်းသားမင်းသမီးတွေသတင်း၊ ရပ်ကွက်ထဲကအတင်း မေမေတစ်လုံးမှမသိပါဘူး။ သူတို့တွေနဲ့တွေ့လို့များ စကားပြောရင် ဟုတ်လား ဆိုတာတစ်လုံးပဲမေမေပြောနိုင်ပါတယ်။ အဲဒီအခါမှာတော့ မေမေမယှဉ်နိုင်တော့ပြန်ပါဘူး။

မေမေ့မှာရှိတဲ့ အရည်အချင်းတွေကို လေးစားသလို အားလည်းကျမိပါတယ်။ ကိုယ်တိုင်ဝင်ငွေရှာရင်း အိမ်ထောင်ကိုနိုင်နင်းတဲ့ မိန်းမတစ်ယောက်လည်း ဖြစ်ချင်မိပါတယ်။ အလုပ်နဲ့မိသားစုကြားတင် နစ်မနေပဲ ခေတ်ကိုလည်း လေ့လာနိုင်တာကိုတော့ အံ့သြမိပါတယ်။ အလုပ်ကိစ္စတစ်ခုနဲ့တင် တစ်လောကလုံးနဲ့ အဆက်အသွယ် ပြတ်မလောက်ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်ပြန်မြင်မိပြီး ငါမေမေ့ကိုမှီအောင် ဘယ်နှစ်နှစ် လောက်များ ကြိုးစားရပါ့မလဲလို့လဲ စဉ်းစားမိပါတယ်။

ဘယ်လောက်ပဲကြိုးစားပေမယ့် မေမေကတော့အမြဲသာနေမှာပါ၊ ဘာလို့လဲဆိုတော့ သူက ကိုယ့်ကိုမွေးခဲ့တဲ့ အမေကိုး။

မေမေရေ နောင်နှစ်မွေးနေ့မှာတော့ တူတူရှိနိုင်မယ်လို့မျှော်လင့်မိပါတယ်။ မေမေအမြဲစိတ်ချမ်းသာပါစေ။ ဒီနှစ်မွေးနေ့မှာလည်း ပျော်ရွှင်နိုင်ပါစေ။

(အမှန်ကတော့ မွေးနေ့မတိုင်ခင်ချိုကို့ဆီကိုလာဖို့ပါ။ မောင်လေးကိစ္စရယ်၊ နောက်တစ်လကျော်မှာရောက်မယ့် ချိုကို့မွေးနေ့ရယ်ကို ငဲ့ပြီး အခုမလာဖြစ်ပဲ နောက်ကျမှလာဖို့ ပြောင်းလိုက်တာပါ။ မွေးနေ့ကိုတောင် သမီးမွေးနေ့ကို အရင်စဉ်းစားပေးတဲ့အတွက် ကြည်နူးရပါတယ်မေမေ။)

အချိန်ကတော့ ဒုတိယကမ္ဘာစစ်မီးမြန်မာပြည်ကို ကူးစက်ချိန်ပေါ့။ သူ့နာမည်က ချိုတကူး။ အသက်ကတော့ ၁၃နှစ်။ ကုလားလူမျိုးတွေမြန်မာပြည်က ပြေးကြတော့ သူတို့မိသားစုလဲ သင်္ဘောနဲ့ပြေးဖို့လုပ်ကြတယ်။ ချိုတကူးနဲ့ သားအဖသုံးယောက် ဈေးဝယ်နေတုန်းမှာ အမေနဲ့ညီမကိုတင်ထားတဲ့ မြန်မာပြည်ကထွက်မယ့် နောက်ဆုံးသင်္ဘောဟာ ကမ်းကခွာသွားတယ်။ သားအဖ၃ယောက် အူလည်လည်နဲ့ ကျန်ခဲ့ပြီး ရရစားစားလုပ်ကိုင်စားသောက်ကြတယ်။ ၀မ်းရောဂါတွေဖြစ်တော့ ချိုတကူး အဖေနဲ့အစ်ကို ရှေ့ဆင့်နောက်ဆင့် ဆုံးကြတယ်။ ၁၃နှစ်ကျော်ကျော် ၁၄နှစ်သား တစ်ကောင်ကြွက်ချိုတကူးပေါ့။

သူ့က ဘယ်တော့မှကြာရှည်စိတ်မညစ်တတ်၊ အိမ်တွေရဲ့ခိုင်းတာတွေကိုလည်း မငြီးမငြူလုပ်ပေးတတ်တော့ ထမင်းတနပ်နဲ့ အ၀တ်တထည် သူ့အတွက်မရှားဘူးပေါ့။ သူကိုယ်တိုင်က ပျော်သလိုနေတတ်တော့ ပတ်ဝန်းကျင်ကလည်း ထူးပြီးသနားမနေတော့ဘူး။ ငယ်ငယ်ရွယ်ရွယ်မိဘမဲ့ တစ်ကောင်ကြွက်လေး ဆိုတာလောက်ပဲ စကားအဖြစ်ပြောကြတော့တယ်။

ဒီလိုနဲ့ ဦးသုခရိုက်တဲ့ ‘ဂုဏ်ရည်မတူ’ ဇာတ်ကားကို ချိုတကူးသွားကြည့်မိတယ်။ ရုပ်ရှင်ထဲက မေသစ်ကို သနားလို့တဲ့ သူ့ခမျာ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့။ ပြန်ထွက်လာတော့လည်း မေသစ်သနားစရာကောင်းကြောင်း ပြောမဆုံးနိုင်။

ဒါကတော့ ချိုတကူးနဲ့ဂုဏ်ရည်မတူ ဆိုတဲ့ ဆရာအောင်သင်းရဲ့ ဆောင်းပါးကို ဖေဖေပြန်ပြောသလောက် မှတ်မိတာလေးပါ။ ဆရာကတော့ တကယ့်အဖြစ်နဲ့ ရုပ်ရှင်မှာ ရုပ်ရှင်ကိုလူတွေပို ခံစားတတ်ကြတာ အနုပညာရဲ့အစွမ်းလို့ ပြောချင်တာထင်ပါတယ်။

ကိုယ်တိုင်သနားစရာဖြစ်နေတဲ့ဘ၀ကိုမမြင်ပဲ သူများကိုစုပ်တသတ်သတ်လုပ်နေရင်တော့ ဖေဖေက ချိုတကူးနဲ့ဂုဏ်ရည်မတူဟေ့ လို့ပြောတတ်ပါတယ်။ မေမေ့ကိုစချင်၊ နောက်ချင်ရင်လည်း ပြောတတ်ပါတယ်။ အထူးသဖြင့် ဇာတ်လမ်းတွေထဲက အမေတွေသားကိုအရမ်းချစ်ပြလို့ မေမေကဝေဖန်ရင် “ခင်ဗျားတို့အမေ ချိုတကူးလေ ကြည့်ကြည့်” ဆိုပြီးစတတ်ပါတယ်။

ဒီစကားလေးကိုအခုတလော ပြန်သတိရနေမိတယ်။ ကိုယ်တိုင် ချိုတကူးခဏခဏဖြစ်ပြီး သူများအပူကို လိုက်ပူပေးမိတဲ့သူတွေကို တွေ့တွေ့နေရလို့ထင်ပါရဲ့။

တရားဆွေးနွေးတဲ့သူတွေကို မြင်ရင်ပိုပြီးသတိရမိတယ်။ တကယ်ဆွေးနွေးတဲ့သူကနည်းပြီး နိုင်အောင်ငြင်းချင်တဲ့သူ၊ ငါပြောတာမှမှန်တာဆိုတဲ့ သူတွေကိုကြည့်ပြီး သူတို့ဘ၀က ချိုတကူးထက်ဆိုးပါလားလို့။ သူတပါးကိုအယူမမှားအောင် ကိုယ်တိုင်ဒေါသတွေအဖြစ်ခံပြီး ငြင်းခုန်ပေးနေကြရှာတယ်လေ။

အမှန်တော့ဘယ်သူ့ကိုမှ ပြောချင်တဲ့ဆန္ဒမရှိပါဘူး။ ရုတ်တရက်စိတ်ထဲပေါ်လာတဲ့အတွေးလေး ရေးချမိတာပါ။ သူတို့ကိုပြောမိလို့ ကိုယ်တိုင်ရော ချိုတကူးဖြစ်နေပြီလား။ သေချာဆန်းစစ်ကြည့်ဦးမှထင်ပါရဲ့။

ဒီနေ့မှာ...
တခါမှမမြင်ဘူးလိုက်တဲ့ အစ်ကိုတယောက်
အန်တီ့အိမ်ကနေပျောက်သွားတယ်။

ဒီနေ့မှာ...
ဆရာဝန်ဖြစ်ချင်တယ်ပြောတဲ့
ဒေါ်လေးရဲ့တစ်ဦးတည်းသောသမီး
လူပုံမပီသွေးအလိမ်းလိမ်းနဲ့ ရင်ခွဲရုံထဲဝင်သွားတယ်။

ဒီနေ့မှာ...
ဒုလ္လဘ၀တ်နေတဲ့ ဘဘုန်းကြီး
သင်္ကန်းမချွတ်နိုင် အလံကိုင်ခဲ့လို့
အင်းစိန်ကိုအလည်သွားရင်း လမ်းမှားကာတမလွန်မြို့
အပြီးပို့ခံလိုက်ရတယ်။

ဒီနေ့မှာ...
တိုင်းပြည်ရဲ့မျက်စိတွေ exportလုပ်ခံလိုက်ရတယ်။
တိုင်းပြည်ရဲ့နားတွေ နယ်နှင်ဒဏ်ပေးခံရတယ်။
တိုင်းပြည်ရဲ့လက်တွေ စွပ်ပြုတ်လုပ်သောက်ခံရတယ်။
တိုင်းပြည်ရဲ့ဘဏ္ဍာ သူခိုးဓားပြတွေ မောင်ပိုင်စီးတယ်။

ဒီနေ့မှာ...
အမေတွေငိုကြရတယ်
ပြန်မလာတော့မယ့် လူမမယ်ကလေးတွေအတွက်။

ဒီနေ့မှာ...
တိုင်းပြည်ကိုဘယ်သူတွေချစ်သလဲ
သွေးစစ်ပွဲကျင်းပခဲ့တယ်။

ဒီနေ့ဟာ...
နောင်တခါလည်လို့လာပြန်ပေါ့
ငါတို့ရော သွေးစစ်ပွဲဝင်ရဲပါ့မလား။
နီရဲ့လားငါတို့သွေး အစစ်အဆေးခံနိုင်ကြသလား...

ချွန်မြနေတဲ့ ကလောင်
----။----
ဓားသွား၊ လှံသွားထက် ကလောင်သွားက ပိုထက်သတဲ့။
ထက်လိုက်တဲ့ ကလောင်တွေ
ဟိုမှာလူတွေ အူတွေပွင့်ကျနေတာ
အထွေးလိုက် အထွေးလိုက်...

ဒီနေ့တော့ ပုံပြင်လေးတပုဒ်ပြောချင်ပါတယ်။ ပုံပြောရင် မောင်ညီမလေးတို့ရေ...လို့ စပြောရတယ်တဲ့။ အဲလိုလေးပဲစလိုက်ရအောင်နော်။ :P

မောင်ညီမလေးတို့ရေ...

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ ကောင်းကင်နက္ခတ်ပညာကို တဖက်ကမ်းခတ်အောင်တတ်တဲ့ ပညာရှိကြီးတစ်ယောက်ရှိသတဲ့။ သူဟာ ကောင်းကင်ကကြယ်တွေ၊ ဂြိုလ်တွေကိုကြည့်ပြီး ဘယ်နေ့မှာတော့ မိုးရွာမယ်၊ ဘယ်နေ့မှာတော့နေသာမယ် ဆိုပြီးဟောကိန်းတွေ ထုတ်နိုင်သတဲ့။ သူဟောတာတွေကလည်း မှန်တော့လူတွေက သူ့ကိုအရမ်းကိုလေးစားကြသတဲ့။ တော်လိုက်တဲ့ပညာရှင်ကြီးပေါ့လေ။ သူကိုယ်တိုင်ကလည်း လူတွေချီးကျူးတာကို သာယာနေတာပေါ့။ တော်သထက်တော်အောင်လည်း အမြဲလေ့လာနေသတဲ့။ နက္ခတ်ဆုံတဲ့တစ်ညမှာ ပညာရှင်ကြီးလည်း ကောင်းကင်ကိုကြည့်ရင်း လမ်းလျှောက်ထွက်လာသတဲ့။

သူဟာကောင်းကင်က ကြယ်တွေကိုကြည့်ရင်းလျှောက်လာလိုက်တာ တစ်နေရာအရောက်မှာ တော်တော်နက်တဲ့ တွင်းကြီးတစ်ခုထဲကို ပြုတ်ကျသွားသတဲ့။ တွင်းကလည်းနက် ပြုတ်ကျထားတဲ့ ဒဏ်ရာကလည်းနာ ဆိုတော့ ပြန်မတက်နိုင်ပဲ ကယ်တော်မူကြပါ ဆိုပြီးပဲအော်နေရတာပေါ့။

ညလယ်လောက်ရောက်တဲ့အခါ အမဲပစ်ထွက်လာတဲ့ မုဆိုးတစ်ယောက်က အော်သံကြားလို့တွင်းဝကနေ ငုံ့ကြည့်ပြီးမေးလိုက်တယ်။
"တွင်းထဲကအော်နေတာ ဘယ်သူလဲဗျို့"

နက္ခတ်ပညာရှင်ကြီးဟာ ၀မ်းသာအားရပဲ
"ကျုပ်ဟာဒီတိုင်းပြည်မှာ အလွန်နာမည်ကြီးတဲ့ နက္ခတ်ပညာရှင်ပဲဗျ၊ တွင်းထဲပြုတ်ကျလို့ ကူညီပါဗျာ"
ဆိုပြီး သူဘယ်လောက်တော်ကြောင်း၊ ပြည်သူပြည်သားတွေ သူ့ကိုဘယ်လောက်လေးစားကြကြောင်း သူ့ကိုကူညီတဲ့အတွက် အကျိုးမနည်းစေရကြောင်းတွေ ရေပက်မ၀င်အောင်ပြောသတဲ့။

အဲဒီတော့ မုဆိုးကြီးက "ဒီလောက်ကြီးတဲ့တွင်းဗျာ၊ ခင်ဗျားမမြင်ဘူးလား" လို့ပြန်မေးလိုက်တယ်။

နက္ခတ်ပညာရှင်ကြီးက "ကျုပ်မှာဗျာ လူတွေအတွက် ကောင်းကင်ကိုပဲ ဂရုစိုက်ပြီးကြည့်လာတာ မြေကြီးတောင်ငုံ့မကြည့်အားပါဘူး"
လို့ပြန်ဖြေတယ်တဲ့။

အဲဒီစကားကိုကြားတဲ့ မုဆိုးကြီးလည်း "ခင်ဗျားက လမ်းသွားတာမြေပြင်မကြည့်ပဲ ကောင်းကင်မော့ကြည့် နေမှတော့ တွင်းထဲကျတာတောင်နည်းသေးတာပေါ့" လို့ပြောပြီး တောထဲကိုဝင်သွားပါလေရောတဲ့။
ပုံပြင်လေးကတော့ဒါပါပဲကွယ်...

ဒါလေးကိုသတိရမိတော့ ကိုယ်တိုင်ရော အပေါ်မော့ကြည့်ပြီးများ လမ်းလျှောက်နေမိသလားလို့။ အဲလိုလျှောက်မိလို့ တွင်းထဲကျနေရင်လည်း တွေ့တဲ့သူ ဆွဲတင်ပေးသွားကြပါနော်လို့။


ပိာုးရှေးရှေးတုန်းကပေါ့ကွယ်။
မြန်မာစာဖတ်စာအုပ် မှာဗိုလ်ချုပ် မြင်းစီးနေတဲ့ပုံကြီးနဲ့ သီချင်းက --
" ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဘို့ ဂျပန်ပြည်မှာကွယ်
တကယ်ပဲအသက်နဲ့လဲလို့ ......................... " ဆိုတဲ့သီချင်းရယ် (ငယ်ငယ်တုန်း ကတည်းက အဲဒီသီချင်းရဲ့  " သံပြိုင် " အပိုဒ်ကိုကြားရင် မျက်ရည်ဝဲတယ်၊ )
နောက်ပြီး အာဇာနည်နေ့ မတိုင်မီ ဗိုလ်ချုပ် ရဲ့  quotations တွေ သတင်းစာမှာဖတ်ရတယ်။
အာဇာနည်နေ့ မနက်က စပြီး ခုနက သီချင်းမျိုးတွေကြားရတယ်။ ဗိုလ်ချုပ်မိန့်ခွန်းလည်း ကြားဘူးလိုက်သေးတယ်။အာဇာနည်တွေကျဆုံးချိန်မှာ ရေဒီယို ကနေ ဥသြ ဆွဲတယ်။ လမ်းမှာကားတွေ ရပ်ကြတယ်။ အန်တီတို့အိမ်ထဲကနေ မတ်တပ်ထရပ်ကြတယ်။ဥသြသံ ဆုံးတော့ မေလှမြိုင် ရဲ့  အာဇာနည် သီချင်းသံ ထွက်လာတော့ အန်တီ ကလေးအရွယ်မှာကို မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတာ။
နောက်တနေ့ သတင်းစာတွေမှာ အာဇာနည်နေ့ မနက်က အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက်ရည်စူးပြီး လက်ရှိနိုင်ငံ့ခေါင်းဆောင်တွေ ( မဆလ ခေတ်က ) က ဆွမ်းသွပ်အမျှဝေ တဲ့မျက်နှာဖုံးသတင်း ဓါတ်ပုံတွေပါတယ်။
ခုတော့ ခုတော့ ဒါတွေအားလုံး Once upon a time, once upon a time.
ဒါကတော့ ဖိုရမ်တခုမှာ ခင်ရတဲ့အန်တီတယောက်က ပြောပြတဲ့အာဇာနည်နေ့အကြောင်း...

ချိုကိုအတွက် ပထမဆုံးအာဇာနည်နေ့ဆိုတာကို သတိထားမိခဲ့တာကတော့...
အဲဒီတုန်းက အသက်က ၆နှစ်လောက်ပါ။ အာဇာနည်နေ့ မတိုင်ခင်တရက်မှာ မေမေနဲ့ အဖွားက အာဇာနည်နေ့အကြောင်းပြောပါတယ်။ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖွားကတော့ ပြောရင်းနဲ့မျက်ရည်တွေဝဲလို့လေ။ အဲဒီနေ့ညကလေ ချိုကိုအိပ်လို့တောင်မပျော်ဘူး။ မနက်ဗိုလ်ချုပ်တို့ ကျဆုံးတဲ့အချိန်မှာ ဥသြဆွဲတာဆိုတော့ မနိုးမှာကလဲဆိုးသေးတယ်။ အာဇာနည်နေ့မနက်မှာ ဘယ်သူမှနှိုးစရာမလိုပဲ ညီအမနှစ်ယောက် အစောကြီး နိုးကြပါတယ်။ ဥသြဆွဲရင် လူတွေအကုန်လုံးက လုပ်နေတဲ့အလုပ်တွေ အကုန်ရပ်ပြီး ငြိမ်ကြတယ်ဆိုတော့ ဘယ်လိုများလဲပေါ့လေ။ တကယ်မှာတော့ တမနက်လုံး ဘာဥသြမှမဆွဲပါဘူး။ ချိုကိုရယ်၊ ညီမလေးရယ်(သူကတော့ ၄နှစ်ပါ။ ချိုကိုစောင့်နေလို့ ဘာမှန်းမသိ လိုက်စောင့်တာပေါ့လေ) အသံတောင်မထွက်ရဲပါဘူး။ ဥသြသံမကြားလိုက်ရမှာဆိုးလို့လေ။ ဘာသံမှလဲမကြား၊ ဘယ်သူမှလဲ ထူးထူးခြားခြားမရှိ။ ဒါနဲ့ ရေဒီယိုက သီချင်းများလွှင့်မလားလို့ ပြေးဖွင့်ကြပါတယ်။ မလာဘူးလို့ထင်ပါတယ် (သေသေချာချာတော့ မမှတ်မိတော့ပါဘူး)။ နောက်နှစ်တွေမှာတော့ အာဇာနည်နေ့ဆိုတာကို ကိုယ်တိုင်မှတ်မှတ်ရရ ရှိလာတတ်ပါတယ်။ ရေဒီယိုကသီချင်းမလွှင့်တော့ အဖွားဆိုပြတဲ့သီချင်းလေးကိုပဲ နားထောင်ပြီး အာဇာနည်နေ့ကို ဖြတ်သန်းလာခဲ့ရတာ ၁၀တန်းအောင်တဲ့အထိပါပဲ။

မနက်ဖြန်မှာတော့ ဘာစာမှမတင်ပါဘူး။ ပုံမှန်လည်း နေ့စဉ်စာအသစ် တင်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် အာဇာနည်ခေါင်းဆောင်တွေကို အရိုအသေပေးတဲ့အနေနဲ့၊ ၀မ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ စာမတင်ပါဘူး။ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို ဦးညွှတ်အရိုအသေပြုပါတယ်။
အာဇာနည်နေ့ကို ကြီးကျယ်ခမ်းနားစွာ လုပ်နိုင်တဲ့တနေ့ ရှိကိုရှိလာမှာပါ။

ခံနိုင်ရည်တွေခိုင်မာဖို့ ငါ့ရဲ့ဘ၀ကိုတည်ဆောက်ပေးတဲ့ လောကဓံကို ကျေးဇူးအများကြီး တင်ပါတယ်...
စိတ်ညစ်စရာတွေတွေ့တိုင်း ဂျီတော့ခ်က status မှာတင်ထားမိတဲ့ စကားလေးပါ။ အဲဒီစကားလေးကို HipHopသီချင်း တပုဒ်ထဲက ယူသုံးထားတာပါ။

HipHop လို့ပြောလိုက်တာနဲ့ လူတိုင်းလိုလိုက ကဗျာရွတ်သလိုလျှောက်အော်နေကြတဲ့ ကလေးတွေလို့ ပြေးပြေးမြင်ကြပုံရပါတယ်။ ကိုမျက်လုံး တခါက အဆိုတော်ဒီလေးကို အင်တာဗျူးတုန်းက ကိုဒီလေးက HipHopသီချင်းတွေမှာ Featuring ဆိုတာကို ပရိတ်သတ်ကတားနေကြတယ်လို့ သူကပြောသွားပါတယ်။ အဲဒီတချက်ကိုတော်တော် အစာမကြေဖြစ်မိပါတယ်။ Rapperတွေက အသံကောင်းကြတာ နည်းပါတယ်။ ဒါကြောင့် Melodyပါတဲ့ Chorus ပိုဒ်လေးတွေမှာ အသံကောင်းကောင်းအဆိုတော်ကို Featuring လုပ်ခိုင်းတာလို့ယူဆမိပါတယ်။ ဒီလို သူဆိုပေးတာကို ဘာကြောင့်တားကြတာပါလိမ့်။ HipHopဆိုတာကို ရောဂါတမျိုးလို ကူးစက်မှာဆိုးလို့ ရှောင်နေကြတယ်လို့ စိတ်ထဲမှာခံစားမိတယ်။

ဒီဂီတအမျိုးအစားမှာလဲ အဓိပ္ပါယ်ရှိတဲ့သီချင်းလေးတွေ ရှိနေပါတယ်။ လူတယောက်ရဲ့အကြောင်းကို ပေါင်းကြည့်မှသိ ဆိုသလို အခုတော့ မျက်နှာချင်းတောင်မဆိုင်ကြတော့ သူ့ကောင်းကွက်လေးတွေ ဘယ်မြင်ပါတော့မလဲ။ ဒါကြောင့်အတင်းခေါ်ပြီး မိတ်ဆက်ပေးပါရစေလို့...

ပန်မဆုံနိုင်တော့ပြီဆိုတဲ့ အသိဆိုးတွေ ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေသည်းနေတုန်း
လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့မမေ့ခဲ့ခုချိန်မျိုး ငိုချလိုက် တိမ်တွေလိုကြွေပြီ မျက်ရည်မိုး...
သူ့ကို တခါတုန်းက ဆိုတဲ့ ဒီသီချင်းလေးနဲ့ လူတော်တော်များများ စသတိထားမိကြပါတယ်။ "ရသမမြောက်တဲ့စာ ငါရှောင်တယ်။ ငါ့နာမည်ကိုက ရသ" သူ့ကိုသူ သီချင်းတပုဒ်ထဲမှာ အဲလိုပြောထားတယ်။

ရသ ကိုစပြီးသတိထားမိတုန်းက 'မ'သီချင်းတွေတော်တော်ဆိုပါလားလို့။ သူ့ရဲ့ မြန်မာပြည်တွင်လုပ်သည် ဆိုတဲ့အခွေကို နားထောင်ဖူးတာပါ။ နားထောင်မိတော့ ကာရန်ယူပုံလေးလှတယ်လို့ သဘောကျမိတယ်။ နောက်တော့ တခါတုန်းက သီချင်းနားထောင်ရတယ်။ အဲဒီအချိန်မှာ ရသ ကိုတော်တော်သဘောကျမိပါပြီ။ သူ့ရဲ့သီချင်းအဟောင်းတွေ ပြန်ရှာတယ်။ နီးစပ်တဲ့သူတွေကို မေးပြီးရနိုင်သလောက်စုပါတယ်။ စစချင်းတင်ထားတဲ့ စာကြောင်းလေးက ပထမဆုံးထွက်တဲ့ ကိစ္စမရှိဘူး ဆိုတဲ့အခွေထဲက သီချင်းတပုဒ်ကပါ။ အခက်အခဲတွေတွေ့ရင် အားတင်းဖို့အတွက် အားဆေးလေးလိုပါပဲ။

အတ္တတွေကဒုနဲ့ဒေး စစ်မှန်ခြင်းကိုအတုနဲ့ရေး၊
မစ္ဆရိယစိတ်တွေဘေးထွက်ပေး အဇ္ဈိတထဲမှာအလုပ်တွေအေး
အရှုပ်တွေအဝေးလွှင့်လိုက်လေ ပုထုဇဉ်တွေကျင့်ကြလေ... တဲ့။ တရားလည်းသူဟောတတ်ပါသေးတယ်။

မနေ့ကမှားတဲ့ အမှားတွေအတွက် ဒီနေ့တော့လက်လျှော့ပြီးတော့ တောင်းပန်မယ်...
အမှိုက်ပွသွားလား လောကကြီးရယ် ဆောရီးကွယ်... ဆိုပြီးလည်း တောင်းပန်တတ်ပါတယ်။

သူ့ရဲ့ခံယူချက်ကတော့
သီချင်းသည်မဟုတ်ဘူး အနုပညာရှင်၊ အနုပညာ အေ ကြီးနဲ့တော့ သေရမှာကြောက်သည်၊ မတန်တဲ့နေရာတခုကို မလိုချင်ပါဘူး၊ ဒီထက်တော့ သေရတာကောင်းသည်...

အတွေးအခေါ်နဲ့သီချင်းစာသားလေးတွေလည်း ရေးသေးတယ်။ ငယ်ငယ်အတွက် ရေးပေးတဲ့ ခွင့်လွှတ်လိုက်ပါ ဆိုတဲ့သီချင်းမှာဆို
လူတွေကစာမေးပွဲဝိုင်းစစ်မယ်၊ ခြေထောက်မှာ ဖိနပ်မရှိလည်း ခရီးကိုမရပ်မိပဲ၊
တိုက်ပွဲလိုဆက်ပြီးနွှဲ ဒါဆိုရင် အောင်မြင်တာခြင်းတူတူ မင်းနဲ့သူဘယ်သူကပိုပြီး မြတ်မလဲ၊
သူများကိုလိုက်ပြိုင် မနိုင်တော့မှငိုချင်းချ၊ ကိုယ့်ကိုကိုယ်ပြိုင်လို့ နိုင်ဖို့ကိုစဉ်းစား၊
ဘ၀င်မမြင့်ပဲ ဘ၀ကိုမြှင့် ဆိုလိုရင်းက ကိုယ်ကျင့်တရား မဟုတ်တဲ့မာနကို ဖြိုခွင်းကာ လူကိုလူလိုကိုယ်ချင်းစာ...

(ယုံကြည်တယ်) ကြိုးစားပါ တစ်နေ့ဖြစ်ကိုဖြစ်ရမယ်

ရိုးသားပါ (ပေါ်ပင်တွေလိုက်ပြီးလုပ်မနေပါနဲ့ကွာ လှေကားတွေမဟုတ်ဘူး)
သူများကျောကုန်းပေါ်နင်း မင်းမတက်နဲ့
ပိုက်ဆံကိုလိုတာထက်ပို မင်းမမက်နဲ့
(နူးညံ့တဲ့စာသားတွေက တကယ့်ဘ၀နဲ့ကွာခြားနေတာ
ဒီမှာအာဃာတတွေ ခဏထားပါကွာ
မာနတရားတွေလွန်ကာ ဗျာများနေလား သေချာစဉ်းစား)

သူ့သီချင်းလေးတွေလိုက်စုတော့ အခွေထဲမပါတဲ့ သီချင်းလေးတွေကိုရတယ်။ သီချင်းနာမည်တောင်မသိလို့ track1, 2 ဆိုပြီးမှတ်ထားရတဲ့ သီချင်းလေးတွေပေါ့။

ဒီသီချင်းက ခပ်လည်လည်ကျယ်လို့ ခြယ်လှယ်သူတွေအတွက်
ဆိုပြီးတော့
ဒါငါ့မျိုးရိုး (မင်းစားတဲ့ထမင်းတွေကိုဖန်ဆင်းတယ်)
ဒါငါ့မျိုးရိုး (ဗိုက်ဝတော့မင်းမေ့နေလား ကျေးဇူးရှင်ကို ဘာအချိုးချိုး)
ကွင်းထဲကစပါးပင်တွေနဲ့သာ တမိုးတမိုးကို ဓနရှင်တွေနဲ့ အမြဲခြားနေ လယ်သမားတွေဘ၀...
နားထောင်မိတော့ အံ့သြသွားပါတယ်။ လယ်သမားတွေအတွက် သီချင်းတပုဒ်ရေးဖို့ သူ့စိတ်ထဲမှာရှိတယ် ဆိုတာကိုပေါ့။ စိတ်ဓာတ်လေးကိုလည်း ချစ်မိသွားတယ်။

ဒီသီချင်းကိုတော့ ဘယ်သူ့ကိုရည်ရွယ်ပြီးရေးလဲ မသိပေမယ့် ကိုယ်ပိုင်ခံစားချက်ကတော့ မြန်မာပြည်ထဲက ခေါင်းမသုံးကြသောသူများကို ပြေးမြင်မိပါတယ်။
အခုဆိုကြောက်လို့ပုန်း နတ်ကတော်နဲ့ ဗေဒင်ဆရာဆီ အကြံဥာဏ်သွားပြီး တောင်းလို့မဆုံး၊
အမှန်တရားကို မင်းတို့ကကြောက်လို့မုန်း ဖြစ်သင့်တာကတော့ ခေါင်းကိုသုံး ခေါင်းကိုသုံး
(လူငယ်တွေကိုယုံကြည်လို့ တချိန်ကဒဏ္ဍာရီလိုပုံပြင်မျိုး
ဒါတွေဒီလိုအချိန်မှာအကုန်ပြန်လို့ သေသေချာချာစဉ်းစားစဉ်းစား
စဉ်းစားရမှာကြောက်လို့ ဝေဖန်ပြီးသုံးသပ်ရမှာကြောက်လို့
အမှန်တရားကိုအခု ရင်မဆိုင်ရဲလို့ အသားလွတ်ကြီးကြောက်လို့မဆုံး
ခေါင်းကိုသုံး ခေါင်းကိုသုံး)
ငါ့စကား ခဏနားစွင့်ကာနားဆင် တကယ့်အဖြေမှန်မကြားချင်ပဲ အတ္တနဲ့ ယုံကြည်ရာဆီဆက်တိုး
လှေနံဓားထစ် ဒီလိုမျိုး အခြေအနေဖန်လာရင် မင်း ကိုယ့်ဖာသာမှားမိရင်သာ ခြေကန်ကာငြင်း
ဆက်လုပ်မှာလားကွာ မဟုတ်မှန်းသိရက်နဲ့ (ရပ်)
ဒုက္ခများနဲ့ရှုပ် လမ်းခရီးလဲဆက်လှမ်းပြီး မင်းသက်တမ်းအတွက်လည်း ကျော်လာပြီ
မင်းရဲ့မျိုးဆက်ကို အတွေးအခေါ် အဆိပ်ဖြန်းပြီးမသတ်နဲ့
အခုပဲခေါင်းကိုသုံးရင်း ကမ်းမရှိလမ်းမရှိ အဓိပ္ပါယ်မဲ့တာတွေ ရပ်တန့်ပြီးဖြတ်ခဲ့
ဘာတုန်းဟ ဆုတောင်းနေတာ ငါလုံးဝအောင်မြင်ပြီး သူများတွေသာ အဟုတ်မကျန်ကျရှုံးပါစေတဲ့
ဒါလုပ်ကြတဲ့အလှူနောက်က ကောင်းမှုအတွက် စိတ်မှာကြိတ်ပြီးတော့ ဆုတောင်းသံ
အရာရာကိုမျှော်လင့်ချက်တွေနဲ့ပဲ သူတောင်းခံ....

ဒီလိုသီချင်းလေးတွေကို လူငယ်တွေနားထောင်မိလို့ ဒုက္ခရောက်စရာမရှိပါဘူးလေ။ HipHop နားထောင်ရင်ပဲ ပျက်စီးတော့ မလိုလိုထင်နေကြတဲ့ တချို့တချို့သောလူကြီးတွေကို ပြောချင်ပါတယ်။ HipHopဆိုတာနဲ့ နှာခေါင်းရှုံ့ ချင်ကြတာလေးတွေ နည်းပါးသွားရင်ကျေနပ်ပါပြီ။

ရသ ကို Planet ကအင်တာဗျူးလုပ်တုန်းက ဖြေထားတာလေးတချို့ ရေးပြချင်ပါတယ်။ ရသ နဲ့ပတ်သတ်လို့ သီချင်းတွေကလွဲရင် သူ့အကြောင်းကိုသိတာ ဒီလောက်ပဲရှိလို့ပါ။

ရသတို့ ဂျေမီတို့က မိန်းခလေးတွေကြိုက်တဲ့ Rapper ပုံစံတွေမဟုတ်ဘူးပေါ့။
ဟုတ်တယ်၊ ဟုတ်တယ်။ ဒါပေမယ့် ယောက်ျားလေးတွေကြိုက်ရင်လည်း မကောင်းဘူးပေါ့။ မိန်းခလေးကြိုက်မှ ကောင်းမှာပေါ့။ မိန်းခလေးကြိုက်အောင်နေရင်လည်း သူတို့ကကြိုက်မှာ မဟုတ်ဘူးလေ။ အဲဒါကြောင့်မထူးတော့ပါဘူး။

ကိုယ့်ကို ကြိုက်တဲ့သူတယောက်ရှိရင်တော်ပြီပေါ့။
အင်း အဲဒီလိုပေါ့။ ကျွန်တော့်ကို ကြိုက်စရာမလိုပါဘူး။ ကျွန်တော့်အနုပညာကို ကြိုက်ရင်၊ လက်ခံရင် ရပါပြီ။

ရသက ငယ်ငယ်လေးကတည်းကအနုပညာ ပိုးရှိတယ်နော်။ ဆို က ရေး တီးမှာ ဆုရဘူးတယ်။ ကျောင်းမှာလဲ ဘက်စုံထူးချွန်တယ်နော်။ အဆိုတော်သာမဖြစ်ရင် ဘာလုပ်မလဲ။
အဆိုတော်မဖြစ်ရင် ဘာဖြစ်မလဲဆိုတော့ ကျွန်တော့က အရမ်းစဉ်းစားပြီး ပြောချင်တဲ့ဟာတွေ အရမ်းများတော့ စာရေးဆရာဖြစ်မှာသေချာတယ်။

ဒီလောကထဲမှာ နာမည်တစ်လုံးရဖို့ ကြိုးစားခဲ့ရတယ်။ အခုရော ပြန်စဉ်းစားရင် ဘယ်လိုအတွေးပေါက်မိလဲ။
အဲဒါတွေကို စဉ်းစားမိရင် အော် ငါဘာကောင်မှ မဟုတ်ဘူးလို့ ပြန်သတိရမိပါတယ်။ Mega စားသောက်ဆိုင်မှာ ပိုက်ဆံပေးပြီးတက်ဆိုတာမျိုးတွေ ငယ်ငယ်တုန်းက အရမ်းရီရတယ်။ အဲလိုမျိုးအရူးထခဲ့တယ်။

တော်တန်ရုံဇွဲနဲ့သာဆိုရင် ဒီလို ရသဖြစ်လာမှာမဟုတ်ဘူးနော်။
အဲဒီလို ပြောလို့မရဘူး။ တစ်ချို့ဟာလောကမှာ ဘယ်လောက်ပဲကြိုးစားကြိုးစား ဘာမှ မဖြစ်တာတွေရှိတယ်လေ။ တိုက်ဆိုင်သွားမှပေါ့နော်။ ဒီဘက်က ပရိတ်သတ်နဲ့ လုပ်နေတဲ့ artistနဲ့ သွား တိုက်သွားရင်တော့ တစ်ခုခုဖြစ်မယ်တင်ပါတယ်။

သူဘာကောင်မှမဟုတ်ဘူးတဲ့... သေချာပါတယ်။ သူဟာ အနုပညာရှင်တစ်ယောက်လေ။ သီချင်းတွေကိုချစ်တဲ့ ချိုကို့အတွက်တော့ သူ့ရဲ့ ကာရန်လှလှ၊ လေးလေးနက်နက် စာသားလေးတွေထဲက တွေးစရာလေးတွေ ထပ်ရှာတွေ့နေဦးမှာပါ။

ပဒုမ္မာဆိုတဲ့ သွားနေကြဖိုရမ်လေးမှာ ဒွေးသေပြီတဲ့။ တော့ပစ်လေးတွေ့တယ်။ ဟင်...ဟုတ်ရဲ့လား။ သေချာရဲ့လား။ သူငယ်ချင်းတွေအကုန် လိုက်မေးတယ်။ သေချာသလောက်ပဲတဲ့။ အဲဒီအချိန်မှာပဲ သူငယ်ချင်းတယောက်က ပေါ်ပြူလာမြန်မာဂျာနယ် မှာပါတဲ့သတင်းကိုပြတယ်။ ဒါဆိုသေချာသွားပြီပေါ့။

ဒွေးကိုမကြိုက်ခဲ့ပါဘူး။ အခုထိလည်း မကြိုက်ပါဘူး။ ဒါပေမယ့် သူဟာ သရုပ်ဆောင်ကောင်းတယ်ဆိုတာတော့ ငြင်းမရတာအမှန်ပဲ။ ဆယ်တန်းကျူရှင်မှာ chemistry သင်တဲ့ဆရာက ဒွေးပရိတ်သတ်ပေါ့။ သူကပြောဖူးတယ်။ ဒွေးသရုပ်ဆောင်တာကို သူကြောက်တယ်တဲ့။ သူကြည့်ဖူးတဲ့ရုပ်ရှင်(နာမည်ပြောပေမယ့် မမှတ်မိတော့ပါ)ထဲမှာ ဒွေးက အဖေလုပ်တဲ့သူကိုပြန်အော်တာကို ကြည့်ပြီးကြက်သီးထတယ်တဲ့။ သူ့သားကလာအော်နေသလို ခံစားရတယ်တဲ့။ ဆရာ အခုဆို ဘယ်လိုများနေမလဲနော်။

ဒွေးကိုအပြင်မှာ မှတ်မှတ်ရရတခါပဲ မြင်ဖူးပါတယ်။ သိပ်တော့မကြာသေးပါဘူး။ ပြည်သူ့ဥယျာဉ်မှာ ရေလွှာလျှောဆိုတာ စဖွင့်ပြီးပြီးခြင်းလောက်ကပေါ့။ သုံး၊ လေးတန်း ထင်ပါတယ်။ အဲဒီအချိန်မှာ မော့စ်ကားတွေ တော်တော်ခေတ်စားတာပါ။ မော့စ်ကရေလျှောပေါ်မှာ ကြောက်ပြီးအော်နေတဲ့အခန်း ရိုက်နေတာထင်ပါရဲ့။ လူတွေက၀ိုင်းအုံနေတာပဲ။ ဒွေးက ရေလျှောနောက်ဖက် ချောင်လေးထဲမှာ သားရေကျောပိုးအိတ် အနက်ကလေးလွယ်လို့ပါ။ ဘယ်သူမှသူ့ကို မမှတ်မိသလို ဂရုလည်းမစိုက်ကြပါဘူး။ သူကအဲဒီအချိန်မှာ ကျော်ဟိန်းနဲ့တွဲပြီး ဗီဒီယိုစရိုက်ကာစပေါ့။ ဖေဖေက စပြီးသတိထားမိတာပါ။ နာမည်ကဆန်းတော့ မှတ်မိတယ်လေ။ သွားပြီးမိတ်ဆက်တာတွေ စကားပြောတာတွေမလုပ်ခဲ့ပါဘူး။ လုပ်ရမှန်းလည်းမသိပါဘူး။ ဒွေးဆိုတာ သိတယ်ဆိုရုံလောက် ရစ်သီရစ်သီသွားကြည့် ရီပြပြီး ရေပြန်ကူးနေလိုက်တာ။ အဲဒီတခါပဲ အပြင်မှာမြင်ဖူးပါတယ်။

နောက်ပိုင်းနာမည်ကြီးလာ၊ အကယ်ဒမီတွေဘာတွေရတဲ့အထိ ဖေဖေကသတိရရင် ပြန်ပြောတုန်းပါပဲ။ ငါတို့တွေ့တုန်းက ဘယ်သူမှတောင်မသိဘူးနော်တဲ့။ အခုတော့ နာမည်ကြီးပြီး အောင်မြင်နေတဲ့အချိန်မှာ ကြွေရတယ်။ တကယ်လို့သိလိုက်ရတော့ ခဏကြောင်ပြီးမှင်သက်သွားတယ်။ အခုထိတောင် မယုံနိုင်သေးသလိုပဲ။ သေခြင်းတရားက တော်တော်ကို အစိုးမရတာပါလားလို့။ ကွေးသောလက်မဆန့်မှီတဲ့။

အခုချိန်သေခဲ့ရင် ဘာတွေဖြစ်မလဲစဉ်းစားကြည့်တယ်။ ကျောင်းတက်တုန်းက ချေးထားတဲ့အကြွေးတွေက လွဲရင် နောက်ဆံတင်းစရာတော့ မရှိသေးသလိုပဲ။ ဖြစ်နိုင်ရင်တော့ မြန်မာပြည်မှာသေချင်ပါတယ်။ ဆရာတင်မိုးလို ပြန်ချင်ရက်နဲ့ မရောက်လိုက်တဲ့ဘ၀မျိုး... ပြန်သတိရမိတော့ စိတ်မကောင်းရပြန်ဘူး။ တနေ့နေ့မှာ လူကိုယ်တိုင်သွားတွေ့မယ်လို့ စိတ်ကူးထားတာ အဲဒီတနေ့နေ့ကို သေခြင်းတရားကမစောင့်ခဲ့ဘူး။

မသေခင်လေး မေမေနဲ့ဖေဖေကိုတော့ တွေ့ချင်သေးတယ်။
မရောက်ဖူးတဲ့ ငပလီဆိုတာလည်း သွားကြည့်ချင်သေးရဲ့။
မြစ်ဆုံဆိုတာကလည်း လှတယ်ဆိုပဲ။
နှင်းတွေကိုလည်း ကိုင်ဖူးချင်သေးတယ်။
ရွှေတိဂုံဘုရားလည်း ဖူးလိုက်ချင်သေး။

စစဉ်းစားမိတုန်းက နောက်ဆံမတင်းတာ အခုတော့ တဖြည်းဖြည်းနဲ့ များလာပါပေါ့လား။ လူဆိုတာကလည်း ခက်သားလား။ လိုချင်တပ်မက်စိတ်က မလျော့ပဲ ပိုပို တိုးပွားလာတတ်တာကိုး။ အခုပဲကြည့် မိနစ်ပိုင်းလေးအတွင်း သေဖို့အဆင်အသင့်တော့ပြန်ဘူး။

ဖြစ်ရလေ
-----။
-----
တန်ဖိုးရှိတဲ့လူတွေကတော့
သစ်ရွက်တွေ ကြွေသလို
တဖြုတ်ဖြုတ် ကြွေနေကြတယ်။

ဘာမဟုတ် ညာမဟုတ်
ပါဝါအစုတ်နဲ့ လူတွေကတော့
စင်ပေါ်ထက်ကနေပြီး
ငုတ်တုတ်ထိုင် မွှေနေကြတယ်။

သြော်...
ဖြစ်ရလေ... ဖြစ်ရလေ...။ ။ ။


ဆရာတင်မိုးရဲ့ ကဗျာလေးပါ။ ဖတ်မိတိုင်း ဖြစ်ရလေလို့ စိတ်ထဲမှာ တကယ်ရေရွတ်မိပါတယ်။ မမဆိုးဝှက်က ဒီမှာသွားဖတ်ကြည့်ဆိုပြီး လင့်ခ် တစ်ခုပေးပါတယ်။ ဖတ်ပြီးတဲ့အချိန်မှာ ရင်ထဲမှာတော်တော်ကို နာပြီးကျန်ခဲ့ပါတယ်။ ဒီကဗျာလေးကိုလည်း သတိရမိပါတယ်။ သူတို့အတွက် ဘာလုပ်ပေးကြမလဲ... ဒီအတွေးတစ်ခုနဲ့ပဲ တမိုးလင်းခဲ့ပြန်ပေါ့...

အခုတလောစာရေးချင်စိတ်လည်းမရှိတာနဲ့ အိမ်မှာရှိတဲ့စာအုပ်တွေ လှိမ့်ဖတ်နေမိတယ်။ သဘောကျတဲ့ စာတွေကို Print Out ထုတ်ထား ဖိုင်တွဲထဲက ကဗျာဆရာဇွန်မှိုင်းရဲ့ ကဗျာတပုဒ်ကို DVBမှာ ဦးနေဇော်နိုင် ရွတ်ပြသွားတာကို အရမ်းသဘောကျလွန်းလို့ သိမ်းထားတာလေး ပြန်ဖတ်မိတယ်။ ကဗျာလေးကို သိတာတော့ ၂၀၀၃ လောက်ကပါ။ အဲဒီကတည်းက သိပေမယ့် အသံနေအသံထားနဲ့ ရွတ်ပြသွားတာကို နားထောင်ရတော့ မှင်သက်မိတယ်။ စိတ်ထဲမှာလဲ ၀မ်းနည်းမိတယ်။ ဘာကိုလွမ်းမိမှန်းလဲ မသိ။ အားလုံးကိုခံစားစေချင်လို့ ဝေမျှလိုက်ပါတယ်။ ဆရာဇွန်မှိုင်း စိတ်မဆိုးလောက်ဖူးလို့ ထင်ပါရဲ့။

နှင်းဆီလွင်ပြင်

ဝတ်ရွတ်သံ၊ ဘုရားဝတ်ပြုသံတွေ ကြားနေရတယ်
ဘုရားတန်ဆောင်း မဟုတ်တာတော့ သေချာတယ်
ဖျာတစ်ချပ်တော့ ရှိရဲ့၊ ပုပ်အဲ့အဲ့ အနံ့တချို့လဲရှိ
ဆွံ့အအ အလင်းတချို့လဲ ရှိနေတဲ့ ဒီအခန်း
ကြမ်းပြင်က အေးစက်စက် စွတ်စို
တခါးရွက်ကို သွပ်ပြားတချပ်နဲ့ ထပ်ကာထားတယ်။

တခြားအခန်းတွေကို စကားလှမ်းမပြောနဲ့ ၀င်တဲ့
ရမ်းကားတင်းမာလွန်းတဲ့ လေသံတွေ
တခါးသော့ခတ်သံ ခပ်ကြမ်းကြမ်း လျှောက်ထွက်သွားတဲ့
ဖိနပ်သံတွေ ဝေးသွား၊
သွပ်ပြားပေါက် ကြားက ချောင်းကြည့်
သူတို့လဲ ကျုပ်ဖက်ကို ကြည့်နေကြ၊
ဒုက္ခသည်အသစ်ကို စိတ်မကောင်းစွာ
ကြိုဆိုနေကြတာ၊
သူတို့ မျက်နှာတွေပေါ်မှာ ဂုဏ်ယူတာလဲပါ၊
နွေးထွေးခြင်းလဲပါ၊ ဒါ မဟာကာလ ငရဲရဲ့
ရင်ကွဲတိုက်ပါ မိတ်ဆွေ။

မှေးကနဲ အိပ်ပျော်သွားတော့
အားလုံး ကောင်းကြရဲ့လား
ငှက်ဆိုးတကောင်ရဲ့ မေးသံနဲ့ လန့်နိုးလာတယ်၊
ကျုပ်ဘေးမှာ လူတယောက် ရောက်နေသလိုမျိုး
အိုး ကာနယ်ချစ်ကောင်းပါလား၊
စာအုပ်အဟောင်းတအုပ်ကို လှမ်းပေး၊
ကျနော် ရေးတဲ့ အနှစ်နှစ်ဆယ်လေတဲ့
ချစ်စရာကောင်းတဲ့ အပြုံးမျိုးနဲ့
သခင်သာခင်ရဲ့ လူဖမ်းနှုန်း
အခုထိ ကြမ်းတုန်းပါလားဗျ။
အားရပါးရ ဟားတိုက်ရယ်၊
ပြီးတော့ ပြန်တည်သွားတယ်
မြန်မာပြည်သစ်ကို ဆက်ဆောက်ပါ ရဲဘော်တဲ့၊
ကျုပ်လက်ကို ကျစ်ကျစ်ပါအောင် ဆွဲကိုင်နှုတ်ဆက်
အခန်းထဲကနေ လှမ်းထွက်သွားတယ်၊

အိပ်မလို့ လှဲနေတုန်း
ခပ်ပြုံးပြုံးဝင်လာသူက ကိုဗဟိန်း
မင်္ဂလာပါ ရဲဘော်၊
ကျနော်နဲ့ အတူ ကိုဖုန်းမော်၊ ကိုအောင်ကျော်တို့လဲပါတယ်၊
တကသ ဘယ်တော့လောက် ပြန်ဆောက်ကျမလဲ
အာရှနဲ့ ပစိဖိတ်တက္ကသိုလ်၊
နိုင်ငံတကာ အဆင့်မြင့် နည်းပညာ ဗဟို
သစ်ပုပ်ပင်အိုဘေးမှာ ဆောက်ချင်တယ်ဗျာ၊
ဒါ ကျနော်တို့ရဲ့ အပြင်းပြဆုံး ဆန္ဒပါ၊
ရဲဘော်တို့ရဲ့ ဒီဇင်ဘာ အားလုံးကိုလဲ
လုံးဝ ဂုဏ်ယူပါတယ်ဗျာ၊
ကြင်နာစွာ ပွေ့ဖက်နှုတ်ဆက်
တယောပြားတလက်ကို တီးခတ်ရင်း
ကျုပ်ကို ဒို့ဗမာ သီချင်းတက်ပေးသွားတယ်။

ဘာသံတွေပါလိမ့် ဒီဘက်ကို လာနေတာ
သခင် ဖိုးလှကြီး မဟုတ်လား၊
အိပ်ပျော်ရဲ့လား ကိုရင်
ကျုပ်ဝင်ခဲ့မယ်နော်တဲ့
ဆင်မလိုက်နဲ့ သမိုင်းက လူတွေ
ကျုပ်နဲ့အတူ မနက်ဖြန်မနက် ချီကာဂိုကို ချီတက်ကြတော့မှာ
နိုင်ငံတကာ အလုပ်သမားမိတ်ဆွေအတွက်
ကိုရင်ရဲ့ နှုတ်ဆက်သ၀န်လွှာ ကျုပ်ယူသွားချင်တယ်ဗျာ။
ကျေးဇူးတင်လိုက်တာ အာဠာဝကကြီးရယ်
ရေးမယ် ကျနော်ရေးမယ်
တန်ဖိုးတံတား နက်နက်ရှိုင်းရှိုင်းကို ရေးမယ်
သမိုင်းဘီးဟာ ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး ဆိုတာ
ရိုးပြတ်နံ့တွေ ကျုပ်အခန်းထဲ ရုတ်တရက် ရောက်လာလေသလား
သိပ်ဟုတ်တာပေါ့ဗျာ။

ခင်များအိပ်တဲ့အခန်းနွေးအောင်
ကျုပ်လက်ဆောင်အဖြစ် ကောက်လှိုင်းသစ် တထုံးယူခဲ့တယ်
အသေအချာလှည့်ကြည့်လိုက်တော့
ဆရာစံ
ဆေးတံကို ခဲရင်း
ဘုရင်ခံ ဆာဂျေအေ မောင်ကြီး
အသက်ဘယ်လောက်ကြီးကြီး
လက်သံကတော့ ပြောင်ဆဲပဲနော်။
ကျောကုန်းပေါ်က အရေစုတ်အောင်
နံပါတ်တုတ်နဲ့ အရိုက်ခံရဆုံးလူဟာ
ကျုပ်တို့ပဲ ဆက်ဖြစ်နေတာ
ဂလိုဘယ်ရွာမှာ ဘယ်လို စဉ်းစားကြမလဲ
ခင်များနဲ့ တိုင်ပင်ချင်သဗျာ၊
ပါလာတဲ့ ကောက်ညှင်းပေါင်းထုပ်ဖြေကျွေးရင်း
မိုးလင်းလုထိ ထိုင်ပြီး ဆွေးနွေးဖြစ်ကြတယ်
သား နိုးပြီလားတဲ့။

ဂရုဏာအပြည့်နဲ့ ဒီအသံ
ဟန်ဆောင်မှုကင်းတဲ့ ဒီရုပ်သွင်
ကျုပ်နှလုံးသားထဲ အမြဲရှင်သန်နေတဲ့
ဆရာကြီးမှိုင်း
ကပျာကယာထပြီး ခြေအစုံကို ကန်တော့မိ
ဒီမိုကရေစီမရှိရင် ငြိမ်းချမ်းရေး မရှိနိုင်ဘူးသား။
ပန်းတိုင်မရောက်ရောက်အောင်သွားကြ
အရိုးသားဆုံး ဆွေးနွေးကြကွာတဲ့
ဆရာမှိုင်းရဲ့ အမှာစကား
ဆရာမှိုင်း သင်္ကေတကြားမှာ အသက်ဝင် ရွေ့လျား
နှင်းဆီတပွင့်ဖြစ်သွားတယ်။

တပွင့်၊ နှစ်ပွင့်၊ သုံးပွင့်
တပွင့်ပြီး တပွင့်ဆင့်ဆင့်ပြီး
ပွင့်လာလိုက်တာ ဟောဒီ အာရုဏ်ဦးမှာ
ကျုပ်အခန်းဟာ နှင်းဆီ လွင်ပြင်ဖြစ်သွားတယ်။
ခဏအကြာမှာတော့ မျက်စိရှေ့မှာတင်ပဲ
နံရံတွေ ပြိုလဲကျ၊ သံတိုင်ညိုတွေ ကျိုးပြတ်ပျော့ခွေ
အရုပ်ဆိုးဆိုး အုတ်ရိုးမြင့်ကြီးတွေတောင်
တစစီ ကြေမွပြုတ်ထွက်
နက်နက်ခင်းနေခြည်အောက်မှာတော့
မြင်ကွင်းအားလုံး တောက်ပ ရွှန်းလဲ့
အောင်စည်ရွှမ်းသံ လွှင့်လွှင့်ပျံ
မိုးယံသိမ့်သိမ့်သာတော့တယ်။

ဒီကဗျာဟာ ဆရာဇွန်မှိုင်း ထောင်ထဲမှာနေစဉ်ရေးခဲ့တာလို့ ပြောပါတယ်။

ပထမတင်လိုက်တဲ့ စာကနည်းနည်းတိုနေလို့ ကလေးအတွေး ဟာသလေးတွေ ထပ်တင်လိုက်ပါတယ်။ Reader's Digest ကပါ။

မတက်နဲ့...
ဝိတ်လျှော့ရေး ကြိုးစားနေကြသူများ အစည်းအဝေးအပြီးမှာ ဥက္ကဋ္ဌဟာ အသင်းဝင်တစ်ဦးရဲ့ ကလေးငယ် တစ်ယောက် ပေါင်ချိန်စက် ပေါ်တက်နေတာကို တွေ့လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သူ့ထက်အသက် အနည်းငယ်ပဲကြီးမဲ့ အစ်ကိုလို့ထင်ရတဲ့ ကလေးက လှမ်းအော်ပါတယ်၊ "မတက်နဲ့ကွ။ အဲဒါက လူတွေကို ငိုအောင်လုပ်တယ်"တဲ့။ ။ ။

တူတာတခုကတော့...
အသက် ၁၀နှစ်ရှိတဲ့ လော်ရီကလေးကို မင်းအဖေနဲ့ အမေမှာ သဘောထားချင်းတိုက်ဆိုင်တာ ဘာတွေရှိလဲလို့ မေးပါတယ်။သူက "တူတာကတော့ နှစ်ယောက်လုံး နောက်ထပ်ကလေးမယူပါရစေနဲ့တော့တဲ့"။ ။ ။

ဘာလုပ်ကြသလဲ...
ပထမဆုံးချိန်းတွေတဲ့ အခါ စုံတွဲတွေဘာလုပ်ကြသလဲ။
တော်တော်များများက လိမ်ပြောကြတယ်။ အဲလိုနဲ့ပဲ တစ်ယောက်နဲ့ တစ်ယောက်နောက်တစ်ခါ ထပ်တွေ့ဖို့ စိတ်ဝင်စားသွားကြရောတဲ့။ ဖြေတဲ့သူက ၁၀နှစ်သား မာတင်ပါ။

နောက်ဆုံးတစ်ခုကတော့ အိမ်ကမောင်လေးရဲ့ ဂန္တ၀င်ဟာသပါ။
မေမေနဲ့ဖေဖေဟာ သားသမီးတွေအတွက် အကုန်အကျများကြောင်း ညည်းငြူ နေပါတယ်။အဲဒီအချိန်မှာ ချိုကိုက ၀င်ပြောလိုက်တယ် "ဒါကြောင့်ဘယ်တော့မှ ကလေးမမွေးဘူး" လို့။အဲဒီတော့ မောင်လေးက "ဟာ၊ ဘယ်ဖြစ်မလဲ၊ ကလေးမရှိရင် စိတ်တိုတဲ့အခါ၊ ဒေါသထွက်တဲ့အခါ ဘယ်သူ့ကို ဆူမလဲ" တဲ့။

အဲလိုလွတ်လွတ်လပ်လပ် စိတ်ထဲရှိတာ ပြောလို့ရတဲ့အချိန်လေးကို လွမ်းမိတယ်။ အခုတော့ ဟန်ဆောင်မျက်နှာဖုံးနဲ့ မပြုံးချင်လည်းပြုံး၊ ပြုံးချင်လည်းပြုံး...

ဒီအကြောင်းကို ရေးမလို့စဉ်းစားထားတာ ကြာပါပြီ။ ဒါပေမယ့် ကိုယ်တိုင်လည်းတခါတလေ မှားတတ်၊ လွဲတတ်လို့ ရေးဖို့လက်တွန့်နေခဲ့တာ။ ဘာအကြောင်းလည်း ဆိုတာတော့ ဖတ်ကြည့်ရင် သဘောပေါက်ကြမှာပါ။

တနေ့က အိမ်မှာရှိတဲ့ Primary တက်နေတဲ့ မောင်ဝမ်းကွဲလေးနဲ့ အေးဆေးစကားပြောဖြစ်ပါတယ်။ ခါတိုင်းဆိုသူက ဂိမ်းဆော့နေတာနဲ့ ကိုယ်ကလည်း ကွန်ပျူတာသုံးနေတာဆိုတော့ အမှတ်တမဲ့ပါပဲ။ တနေ့ကတော့ နေ့ခင်းဖက်ပျင်းလည်းပျင်းတာနဲ့ သူဂိမ်းဆော့တာထိုင်ကြည့်ရင်း စကားပြောကြတော့ ဗမာစကားတော်တော်များများကို သူမေ့နေပါပြီ။ သူဒီကိုရောက်တာ တစ်နှစ်သာသာလေး ပဲရှိပါသေးတယ်။ ဒါပေမယ့် စကားတော်တော်များများကို သူမမှတ်မိတော့ပါဘူး။ သူနဲ့စကားပြောရတာ တော်တော်လည်း ရယ်ရပါတယ်။ သူဆော့နေတဲ့ဂိမ်းထဲက အကောင်တွေက ကြောက်ဖို့ကောင်းတယ် ဆိုတာကို “အကောင်တွေက ထိတ်လန့်စရာကြီးနော်" တဲ့။ သူ့ခမျာ စကားနဲ့ စာနဲ့ မခွဲတတ်တော့ဘူး ဖြစ်နေတယ်။ ဒါတောင် အိမ်မှာဆို ဗမာလိုပဲပြောကြတာပါ။ အသုံးနည်းတဲ့ စကားလုံးတွေသူမမှတ်မိတော့ပါဘူး။ ကြာရင်ဗမာစကားကို တော်တော်ခက်ခက်ခဲခဲ ပြောယူရမယ့်ပုံရှိပါတယ်။ ဒါက ကလေးတစ်ယောက်ရဲ့ တကယ်မမှတ်မိတော့လို့ မှားတာပါ။

ဒါပေမယ့် တချို့သောသူတွေကတော့ ဖက်ရှင်လုပ်ပြီးကို မေ့ချင်ယောင် ဆောင်နေကြပါတယ်။ နိုင်ငံခြားမှာနေတာကြာလို့ ဗမာလိုတောင် မေ့နေပြီဆိုတာကို ဂုဏ်ယူပြီးပြောတတ်ကြပါတယ်။ အဲလိုလူတွေများလာရင် ဗမာစကားရဲ့ အခြေအနေရင်လေးစရာပါ။ အမျိုးထဲမှာ တစ်ယောက်ရှိပါတယ်။ နိုင်ငံခြားမှာနေတာ ၄နှစ်လောက်ရှိပါပြီ။ ၁နှစ် တစ်ခါ မြန်မာပြည်ပြန်လည်ပါတယ်။ သူက ပန်းဝယ်ချင်တာကို ပန်းသည်ကိုတောင် မခေါ်တတ်တော့လို့ပါတဲ့။ ပန်းသည်ကို ဘယ်လိုလှမ်းခေါ်လိုက်ရမလဲတဲ့။ အနားရှိတဲ့သူတွေတော့ ဘယ်လိုနေသလဲမသိပါဘူး၊ တဆင့်ပြန်ကြားရတဲ့သူတော့ တော်တော်ကို နားကြားပြင်းကပ်ရပါတယ်။ နောက်ပြီး ၀က်သားကိုလည်း သူ့ခမျာ “၀က်သာ” ပါတဲ့။ စကားမပီလို့ သူကတိုင်းရင်းသူလေးလားလို့တော့ မထင်လိုက်ကြပါနဲ့။ ဗမာပြည်မှာနေတုန်းက ၀က်သားကို ၀က်သားလို့ ပီပီသသပြောခဲ့တဲ့ ဗမာစစ်စစ်ကြီးပါ။ အင်း ဖက်ရှင်ထွင်ကြတာများ လွန်လှပါလားလို့။

အရင်ကတော့ နိုင်ငံခြားကပြန်လာလို့ မြန်မာလိုမပြောတတ်ရင် ဘိလပ်ပြန် မောင်သောင်းဖေ ဆိုပြီးဝိုင်းစကြ၊ နောက်ကြပါတယ်။ အခုတော့ ဒါကိုပဲ လူအထင်ကြီးစရာကြီး တစ်ခုလိုဖြစ်နေကြတာ နားမလည်နိုင်အောင်ပါပဲ။ ချိုကိုလည်း တခါတလေမေ့ပါတယ်။ မြန်မာလိုက အမြဲတမ်းပြောနေရတာမဟုတ်တော့ တချို့စကားလုံးတွေကို တော်တော်စဉ်းစားရပါတယ်။ ဒါပေမယ့် အဲဒါကိုတော့ မကြွားချင်ပါဘူး။ ဗမာဖြစ်ပြီး ဗမာစကားမတတ်တာ ကြွားစရာ မဟုတ်ဘူးလို့ထင်ပါတယ်။ ကျောင်းနေခဲ့တုန်းကလည်း တော်တော်တွေ့ပါတယ်။ စကားပြော မှားကြတာတွေ။ ကိုယ်တိုင်ကလည်း မနေနိုင်တော့ ပြင်ပေးမိတယ်။ သူတို့ကခေါ်ကြတယ်၊ စကားတောင်စားတဲ့။ ကိုယ်ကမှမနေတတ်တော့ ပြောလည်းခံရုံရှိတော့တာပေါ့။

မှတ်ချက်။ ။ တမင်ဘန်းစကားအနေနဲ့ပြောကြတဲ့ ရေချမ်းချမ်းတစ်ခွက်တို့လို စကားမျိုးကိုမဆိုလိုပါ။

ဒီခေါင်းစဉ်လေးကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်းအနိစ္စ ရောက်တာနဲ့ စိတ်များ ကတောက်ကတက်ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။

“ဘုန်းဘုန်း တာ့ တာ” ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲဖြစ်ဖြစ် “တာ့-တာ” လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။

မြို့ပေါ်တွင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့-တာက တောကြိုအုံကြားအထိ ပျံ့နှံ့ ဆင်းသက်လို့ နေပါတယ်။

ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီး နှုတ်ဆက်စရာစကား တစ်ခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်း ဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။

“တာ့-တာ” ဆိုတာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပါယ်ရှိတယ် ဆိုတာကို ဇာစ်ဇာစ်မြစ်မြစ်သိကြတာလဲ မဟုတ်ပါဘူး။ နို့ပေမယ့် လက်ကလေးလှုပ်ပြပြီး တွေ့ကရာလူကို “တာ့-တာ” နေကြပါတယ်။ တချို့ကများ ကဲသထက်ကဲပြီး “ဘိုင့်ဘိုင် - တာ့တာ - ချဲရီးယို” အထိ လုပ်နေကြလေရဲ့။

ကျွန်မတို့ငယ်ငယ်တုန်းကတော့ အိမ်တစ်အိမ်ကပြန်တော့မယ်ဆိုရင် အမေကသင်တာ လူကြီးတွေကို “ဦးတင်ပါသေးရဲ့” လို့ ပြောပြီး နှုတ်ဆက်ခဲ့ရမယ်တဲ့။ နည်းနည်းကြီးလာတော့ “ကျွန်မကို ခွင့်ပြုပါဦး” လို့ နှုတ်ဆက်ခဲ့ရတယ်။ နောက်တော်တော်ကြီးလာပြန်တော့ “ပြန်ပါဦးမယ်နော်” လို့ ပြောရတယ်။ ဒါမြန်မာ့နှုတ်ဆက်နည်း ဖြစ်မှာပါပဲ။ ခုခေတ်လို လက်ကလေးပြပြီး “တာ့-တာ”လို့ ဆိုမိရင် အမေက လက်များပုတ်ချမလား မသိဘူး။ ပြီးတော့ “ဘာလဲ ညည်းတို့စကားက တာတယ်ဆိုတာ ကောင်းမှတ်လို့ လူထဲသုံးနေရတာလား” လို့ ငေါက်မှာ အမှန်ပါပဲ။

မြန်မာစကားက လူပေါ်စ အဆင့်မျိုး မဟုတ်ပါဘူး။ ကြွယ်ဝပါတယ်။ ဝေါဟာရ မဆင်းရဲပါဘူး။ လူကြည့်ပြီး အသက်နဲ့အလိုက် ဂုဏ်သိက္ခာနဲ့အလိုက် သုံးနှုန်းပြောဆိုရတဲ့စကားမျိုးပါ။ ဒီလိုယဉ်ကျေးမှုဟာ လူမျိုးတိုင်း မှာတောင် မရှိပါဘူး။ လူ့ယဉ်ကျေးမှု သမနိရှည်လှတယ်ဆိုတဲ့ တရုတ်တို့လို လူမျိုးအချို့မှာသာ ရှိတာပါ။
အဖေလုပ်တဲ့လူအပေါ်ကို ကိုယ်ဘယ်လောက်ကြီး မကျေလည်ပေမယ့် “မင်းကလဲကွာ” လို့ မြန်မာစကားက ပြောလို့မရပါဘူး။ “ခင်ဗျားကြီးကလဲဗျာ” လို့ ပြောမိရင်တောင် “အဖေကို ခင်ဗျားလုံးကြီး ရိုက်ပြောတာ ရိုင်းလိုက်တာ” လို့ ဆိုပါသေးတယ်။ “ယူကလည်း ဂွကျလိုက်တာ” လို့ ပြောချင်လို့လည်း မဖြစ်ပါဘူး။ “အဖေကလည်း အဖေရာ” ဆိုတာမျိုးကို အလွန်ဆုံးပြောရတာပါ။ မြန်မာမှာ ကိုယ်ကပြောချင်တဲ့လူနဲ့ တန်ရာဝေါဟာရကို ရွေးပြီး သုံးစွဲရပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုပဲ။

ခုတော့ ရည်းစားလည်း “တာ့-တာ”၊ သူငယ်ချင်းလည်း “တာ့-တာ”၊ ဘုန်းကြီး ရဟန်းလည်း “တာ့-တာ” တဲ့။ ဘယ်လိုများ ဖြစ်နေကြတယ် မသိပါဘူး။

ကျွန်မတို့ မိုးကုတ်သွားလည်ကြတော့ မိတ်ဆွေတွေကို ပြန်မယ်လို့ နှုတ်ဆက်တဲ့အခါ အိမ်တိုင်းက ပြန်နှုတ်ဆက်တဲ့စကားက “ဖြည်းဖြည်း ပြန်ပါရှင်” တဲ့။ ဒါဟာ ပြန်ခါနီး လူကို မိုးကုတ်က နှုတ်ဆက်တဲ့စကားပါ။ မိုးကုတ်မှာ လမ်းတွေက မြေပြင်လမ်း မဟုတ်ဘူး။ အတက်အဆင်း၊ အကွေ့အကောက်တွေ၊ ကားနဲ့ခရီးသွားရတာ၊ ကားအမြန်မောင်းရင် အသက်အန္တရာယ်နဲ့ တွေ့ရတာ၊ တွေ့ပေါင်းလည်း မရေတွက်နိုင်ဘူး။ ဒါကြောင့် သူတို့ဆီမှာ ခွဲခါနီး နှုတ်ဆက်တဲ့ လူတိုင်းကို “ဖြည်းဖြည်းပဲပြန်ပါ” လို့ နှုတ်ဆက်မှာ မှာတာထင်ပါရဲ့။ မေတ္တာစေတနာ ကရုဏာအပြည့်နဲ့ နှုတ်ဆက်လိုက်တဲ့ စကားမို့ ကြားရသူရဲ့ နားထဲမှာ ချမ်းမြေ့ကြည်နူးလိုက်တာ။ တာ့-တာ နဲ့ မကွာလား။

မြန်မာမှာ နှုတ်ဆက်စကားတွေ ကြွယ်ကြွယ်၀၀ ရှိပြီးသားပါ။

လူထုဒေါ်အမာ(သောင်းပြောင်းထွေလာမဂ္ဂဇင်း)


-----။-----
ဒါလေးကို ဖတ်မိတော့ ကိုယ်တိုင်ကလည်း တာ့-တာ နေမိတာကို သတိရပါတယ်။ ဘယ်တုန်းက စသုံးခဲ့မှန်းမမှတ်မိပေမယ့် ဘိုင့်ဘိုင် လို့မပြောပဲ တာ့တာ လို့ပြောလာတာ တော်တော်ကြာပါပြီ။ သိမိသလောက်တော့ တာ့တာဆိုတာ British အသုံးပါ။ “Ta Ta” လို့ သူတို့စာလုံးပေါင်းကြပါတယ်။ ဒါပေမယ့် စာလုံးရဲ့အတိအကျ အဓိပ္ပါယ်ဆိုပြီးတော့ ရေးသားထားတာတော့ မတွေ့မိသလိုပါပဲ။ ကလေးတွေ အဖွားကို “Na Na” လို့ခေါ်သလို ကလေးပြောတာကို လိုက်တုပြောကြတဲ့ နှုတ်ဆက်စကားလို့ထင်ပါတယ်။

တာ့တာဆိုတဲ့ စကားလေးကို ကြိုက်ပါတယ်။ ဒါပေမယ့် အဖွားမာ ပြောသလို နေရတကာတိုင်း တာ့တာနေတာတော့ တော်တော်ကြားရဆိုးပါတယ်။ အမှန်ပါပဲ။ ငယ်ငယ်ကပြန်မယ်ဆိုရင် အိမ်ကလူကြီးတွေ ပြောခိုင်းတာက “အန်တီ၊ဦး ပြန်လိုက်ပါဦးမယ်ရှင်”။ အဖွားမာပြောသလို “ဦးတင်ပါသေးရဲ့” ဆိုတာလေးကို အရမ်းသဘောကျမိပါတယ်။ မိုးကုတ်ကပြောတဲ့ ‘ဖြည်းဖြည်းပြန်ပါရှင်” ဆိုတဲ့ စကားလေးကိုလည်း နှစ်သက်မိပါတယ်။ အခုတော့ ဆရာ၊ဆရာမ အိမ်သွားလည်ပြီး ပြန်လဲ တာ့တာ၊ အဖိုးအဖွားအိမ်လည်း တာ့တာ။ ရင်းနှီးတဲ့ ဦးပဇင်းတချို့ကိုတောင် တာ့တာ လုပ်ကြတာ မြင်ဖူးပါတယ်။
လူထုဦးလှရဲ့ တပည့်တော်မကြွပါဦးမယ်ဘုရား ဆိုတဲ့ ပုံပြင်လေးကိုပါ ထပ်ပြီးသတိရမိ ပါတယ်။
-----။-----
ရွာတစ်ရွာမှာ သားအမိ၊သားအဖ သုံးယောက်ရှိသတဲ့။ တစ်မိသားစုလုံးဟာ ဘာသာတရားကိုင်းရှိုင်းပြီး ရွာဦးကျောင်းရဲ့ နေ့စဉ်ဆွမ်းတကာ၊တကာမတွေပေါ့။ သမီးဖြစ်သူဟာ နေ့စဉ်ဆွမ်းချိုင့်ပို့တဲ့ ကုသိုလ်ကို ယူသတဲ့။ ဆရာတော်ကြီး ဆွမ်းဘုဉ်းပေးတာကို ကြည်ကြိုပြီးမှ ဆွမ်းချိုင့်အလွတ်ကိုယူပြီး ပြန်တာပေါ့။ အဲဒီကောင်မလေးဟာ ပြန်ခါနီးတိုင်း ဆရာတော်ကြီးကို “တပည့်တော်မ ကြွပါဦးမယ် ဘုရား”လို့ နေ့တိုင်းလျှောက်တယ်တဲ့။ ဆရာတော်လည်း ဒီကလေးမ မဟုတ်သေးပါဘူး။ သူ့အမေလာမှ ပြောဦးမှပါ။ မသိလို့နေပါလိမ့်မယ် လို့ တွေးသတဲ့။

ဒီလိုနဲ့ တရက်မှတော့ သမီးဖြစ်သူမအားတာနဲ့ အမေကိုယ်တိုင်ဆွမ်းချိုင့် လာပို့သတဲ့။ ဆရာတော်လည်း ဒီတခါတော့ ပြောလိုက်မှပဲ ဆိုပြီး “တကာမကြီး၊ တကာမကြီး သမီးဟာ ဘုန်းကြီးကို ပြန်ခါနီးတိုင်း တပည့်တော်မ ကြွပါဦးမယ် ဘုရား လို့ချည်းလျှောက်နေတယ်ကွယ့်”လို့ ပြောလိုက်သတဲ့။ အမေလုပ်တဲ့သူဟာ အရမ်းကို ဒေါသထွက်သွားသတဲ့။ ရှက်လည်းရှက်သွားတာပေါ့။ ဒါနဲ့ပဲ ဆရာတော်ကို “တင်ပါ့ဘုရား၊ တပည့်တော်မ အပြစ်ပါပဲ၊ နောက်ဆို အဲလို မိန့်တော်မမူအောင် ဆုံးမလိုက်ပါ့မယ် ဘုရား”လို့ ပြန်လျှောက်သတဲ့။ ဆရာတော်လည်း ဘာပြန်ပြောရမှန်းကို မသိတော့ဘူးပေါ့ကွယ်။ နောက်ဆုံးတော့ တကာကြီးကို ပြောမှပဲလို့ စဉ်းစားမိသတဲ့။

ဥပုသ်နေ့မှာတော့ ဆွမ်းတကာဟာ သီလယူဖို့ ကျောင်းကိုလာပါတယ်။ ဒီအချိန်မှာ ဆရာတော်ကြီးက သီလမပေးခင် တကာကြီး၊ တကာကြီးသမီးက ဒီလိုလျှောက်လို့ တကာကြီးဇနီးကို ဘုန်းကြီးမိန့်တာကို ဇနီးက ဒီလိုပြန်ပြောသကွဲ့လို့ အကြောင်းစုံရှင်း သတဲ့။ အဲဒီအခါမှာ ဆွမ်းတကာဟာ ဒေါသထွက်လွန်းလို့ သီလတောင်မယူနိုင်ပဲ ဘုန်းကြီးကို အမြန်လျှောက်ပြီး အိမ်ကို ဒေါနဲ့မောနဲ့ ပြန်သွားသတဲ့။ သူဆရာတော်ကို လျှောက်သွားတာက “ဒီလောက်ဖြစ်လှတဲ့ သားအမိ နောက်ဆို အရှင်ဘုရားကျောင်းဝင်းထဲ ခြေတော်ရာတောင် မချစေရပါဘူး ဘုရား”တဲ့။
လူထုဦးလှ(ကျောင်းကန်အနီးမှ မြန်မာပုံပြင်များ)
-----။-----
TA TA ဆိုတာလေးကို ရှာကြည့်တော့ ဒီနှစ်ခုပဲ တိတိကျကျတွေ့ရပါတယ်။
တာ့-တာ ၁
တာ့-တာ ၂

ဘလော့ကိုလာဖတ်တဲ့ သူတွေကပြောတယ်။ စာရေးကြဲတယ်တဲ့။ မပျင်းနဲ့တဲ့။ ဟုတ်ကဲ့ ပျင်းတာတော့အမှန်ပဲ။ ဒါပေမယ့် စာရေးကြဲတာ ပျင်းတာတစ်ခုထဲကြောင့်တော့ မဟုတ်ပါဘူး။ ဘာရေးရမှန်းကို မသိလို့ပါ။

သူများတွေရေးကြသလို ကဗျာ ရေးရအောင်လည်း မော်ဒန်ကဗျာဆိုတာကို ဖတ်ရင်တောင်နားမလည်တာ။ ကိုယ်တိုင်ရေးဖို့ဆို ဝေလာဝေး။ ဒါဆို ကာရံနဲ့ကဗျာရော... ပိုဆိုးပါသေးတယ်။ ကာရံလှလှမယူတတ်... စာလုံးကျစ်ကျစ်မသုံးတတ်... ဘယ်လိုလုပ် ကဗျာရေးမလဲ။

ဒါဆို ခံစားချက်လေးတွေ၊ ရင်တွင်းဖြစ်လေးတွေ... အင်း ကဗျာထက် ပိုဆိုးမယ်ထင်တယ်။ အိမ်မှာဆို ဖေဖေက ခံစားချက်မရှိလွန်းလို့ သွေးအေးသတ္တ၀ါတဲ့။ တခါတလေများ သွေးကအေးရုံမဟုတ်ပဲ ခဲများနေလား သမီးရယ်တဲ့။ ကဲ... ဘယ်လိုလုပ် ရင်တွင်းဖြစ်ဆိုတာ ထွက်ပါတော့မလဲ။

ပညာရပ်ဆိုင်ရာတွေရော... ရေးချင်ပါတယ်။ ဖတ်တဲ့သူအကျိုးရှိတာပေါ့။ ဟဲဟဲ... တခုပဲ။ ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မသိ၊ နားမလည်။ ဖတ်တဲ့သူကို ဘယ်လိုရှင်းမလဲ။

နောက်တမျိုး... သတင်းတွေကို စုံအောင်လိုက်မဖတ်နိုင်သူအတွက် သတင်းလေးတွေ အမြည်းသဘော ရေးရင်ရော။ ကိုယ်တိုင်တောင် နှစ်ရက်တခါလောက် အလျင်မီအောင် မနည်းရယ်။ အဲဒီတော့ မဖြစ်ပြန်ဘူး။

ဒါနဲ့ပဲ သုံးရက်မှတခါလောက် လာလည်တတ်တဲ့ အတွေးလေးတွေကို အမိအရ ရေးနေရတာကို ခွင့်လွှတ်ကြပါလို့။ ဘာရေးသင့်လဲ အကြံလေးများရှိရင်လည်း ပေးကြပါလို့။ (ငပျင်း လို့ခေါ်သူများကိုတော့ ဟင်းဟင်း)

ကိုကြီးကလိုစေးထူးရဲ့ မရယ်ရသော ပြက်လုံး… ဆိုတဲ့ပို့စ်လေးကို ဖတ်မိတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ဖေဖေပြောခဲ့ဖူးတဲ့ အဖြစ်လေးကို သွားသတိရမိတယ်။

YITက ကျောင်းပြီးကာစ သူငယ်ချင်း အင်ဂျင်နီယာပေါက်စ နှစ်ယောက်ဟာ ကျောင်းပြီးတော့ အလုပ်ရှာမရလို့ မိဘဆီက ငွေလေးနဲ့ ကုန်စုံဆိုင်လေး တစ်ခုဖွင့်ကြပါတယ်။ တနေ့မှာတော့ ဈေးဝယ်မိန်းမတစ်ယောက်ဟာ ကလေးကိုကျောင်းကြိုပြီး အပြန်ဈေးဝင်ဝယ်ပါတယ်။ ဈေးဝယ်ပြီးလို့ ပြန်အထွက်မှာတော့ ကျောင်းတက် ပျင်းပုံရတဲ့ သူ့ကလေးကို "ကျောင်းမှန်မှန်တက်နော်၊ ပညာမတတ်ရင်တွေ့လား ဒီလိုပဲ ဈေးရောင်းစားရမယ်" တဲ့။

ဒီလိုအဖြစ်လေးကိုပဲ စာရေးဆရာမ မစန္ဒာကတော့ မစပ်သောငရုတ် တဲ့။ စက်မှုလက်မှု RIT ကျောင်းဆင်း အင်ဂျင်နီယာတစ်ယောက် ငါးဒိုင်လုပ်နေတဲ့ ဇာတ်လမ်းလေးပါ။ ငရုတ်ဖြစ်ပေမယ့် တာဝန်မကျေတဲ့ ငရုတ်၊ မစပ်တဲ့ ငရုတ်လို သင်ခဲ့တဲ့ပညာနဲ့ တိုင်းပြည်အကျိုးမပြုနိုင်တဲ့ ဘ၀ကို စိတ်ညစ်ပေမယ့် ၀မ်းရေးအတွက် လုပ်ကိုင်နေရတဲ့အကြောင်းလေးပါ။

ဒီအကြောင်းတွေဟာ မြန်မာနိုင်ငံကလူတွေ တခြားနိုင်ငံကိုဘာလို့ ထွက်ပြီးအလုပ်လုပ်ကြသလဲဆိုတဲ့ မေးခွန်းကို ဖြေနေသလိုပါပဲ။ ကိုယ်နိုင်ငံမှာ တ၀မ်းတခါးလှလို့ကတော့ ဘယ်သူမှ တခြားနိုင်ငံမှာ အောက်ကျနောက်ကျခံ မနေပါဘူး။ ယဉ်ကျေးမှုရော၊ တန်ဖိုးထားတဲ့စံတွေပါ ကွာခြားလှတဲ့ နိုင်ငံမှာ ပျော်နေနိုင်ကြမယ်လို့ ထင်နေကြရင် မှားပါလိမ့်မယ်။

ပညာနဲ့ထိုက်တဲ့ အလုပ်သာရပါစေ၊ မချမ်းသာဘူးဆိုရင်တောင် ပြန်လာလုပ်ကြမယ့်သူတွေ အပုံကြီးပါ။ အခုတော့ စက်ရုံကြီးတစ်ခုမှာ စက်ရုံမှူးဆိုတာက ရှေ့တန်းမှာ နိုင်ငံတော်အတွက် ခြေလက်အဂါင်္ကိုစွန့်လှူခဲ့ရတဲ့ ပုဂ္ဂိုလ်၊ တကယ်စက်ရုံကို လည်ပတ်နိုင်အောင်လုပ်ပေးနေတဲ့ သူတွေကတော့ ပင်စင်ယူတဲ့အထိ လက်ထောက်ဘ၀က မတက်နိုင်၊ စက်ရုံမှူးတွေသာ တစ်ယောက်ပြီး တစ်ယောက်ပြောင်းသွားတယ် လက်ထောက်ကတော့ မပြောင်းနိုင်၊ သူမရှိရင် စက်ရုံကမလည်နိုင်တော့တဲ့ အထိ ကျွမ်းကျင်နေခဲ့တယ်။ ဒါပေမယ့် အဲဒီလူခမျာ ဘယ်တော့မှ စက်ရုံမှူးဆိုတာ ဖြစ်လာမှာမဟုတ်သလို သူကိုယ်တိုင်ကိုက မမျှော်လင့်တော့ပါတဲ့။ ကဲ ဒီနိုင်ငံကြီးထဲ ဘယ်ပညာတတ်က လုပ်ချင်ပါတော့မလဲ။

ငရုတ်ဖြစ်မှတော့ စပ်ချင်ကြတာ သဘာဝပါ။ တချိန်ချိန်မှာတော့ ချိုကိုလည်း တိုင်းပြည်အတွက် ငရုတ်စပ်စပ်လေး တစ်တောင့်ဖြစ်ခွင့်ရချင်ပါသေးတယ်။ အခုများတော့…


ကြာဖြူရဲ့ Flyer လေးပါ။ ဆက်သွယ်ချင်တဲ့ သူများအတွက် အဆင်ပြေမယ် ထင်ပါတယ်။

မိုးနဲ့ပတ်သက်တဲ့ အကြောင်းတဲ့။ မမဆိုးဝှက်က ရေးခိုင်းပါတယ်။ နဂိုကမှ ရေးစရာမရှိလို့ ရှာနေတာဆိုတော့ ရေးလိုက်ပါပြီ။

ရွာတဲ့မိုးက မိုးတွင်းမိုးလို့တော့ ပြောလို့မရတော့တဲ့ အချိန်ပေါ့။ သီတင်းကျွတ်တော့မယ် ဆိုတော့ မိုးတော်တော်ပါးနေပါပြီ။ ဒါပေမယ့်ပေါ့လေ။ ညတစ်ည တိတိကျကျဆိုရင်တော့ သီတင်းကျွတ်လဆန်း x ရက်နေ့ညပေါ့။ ည၃နာရီလောက်မှာ မိုးကသည်းကြီးမည်းကြီး ရွာပါတော့တယ်။ နေ့စေ့လစေ့ကိုယ်ဝန်ဆောင် တစ်ယောက်ဟာ အဲဒီအချိန်မှာ ဗိုက်နာလာပါတယ်။ တစ်အိမ်လုံးပြာယာခတ်ကုန်ပါတယ်။ ဇနီးမောင်နှံအတွက် သားဦးဖြစ်သလို အဖိုးအဖွားအတွက်လည်း မြေးဦးပါ။ ဆေးရုံသွားဖို့အတွက် ကိုယ်ပိုင်ကားရှိတဲ့ ခေါင်းရင်းအိမ်ကို နှိုးကြပါတယ်။ မိုးကလည်း အငြိုးနဲ့ရွာ သလားမှတ်ရအောင် သည်းလွန်းလှတယ်။ မိုးသံလေသံကြားမှာ ဘယ်လိုအော်အော် ကားပိုင်ရှင်လင်မယားက မနိုးပါဘူး။ အိမ်ခေါင်မိုးကို ခဲနဲ့တောင်ပေါက်နှိုးကြတယ်။ ကလေးရဲ့ကုသိုလ်ကံပဲလား မိုးကြောင့်ပဲလား မပြောတတ်ပေမယ့် ကားရှင်လင်မယားကတော့ လုံးဝမနိုးပါဘူး။ နှိုးမရတဲ့အဆုံးမှာ အိမ်သားတစ်ယောက်ဟာ လမ်းမကြီးပေါ်ထွက် ကားငှားရပါတော့တယ်။ အချိန်ကတော့ ည၃နာရီခွဲ သာသာလေးဖြစ်နေပါပြီ။ လမ်းပေါ်မှာကားဆိုလို့ တစ်စီးမှမရှိအောင် ပြောင်ရှင်းနေပါတယ်။ နေတဲ့ရပ်ကွက်ကလည်း ဆိတ်ငြိမ်ရပ်ကွက်ဖြစ်လေတော့ မိုးသည်းသည်းထဲ တစ်အိမ်သားလုံးစိတ်ပူပန်စွာ ကားငှားထွက်တဲ့သူပြန်အလာကို စောင့်နေကြရုံပဲ တတ်နိုင်တာပေါ့။

နာရီဝက်လောက် အကြာမှာ လေးဘီးကားတစ်စီးနဲ့ ပြန်ရောက်လာပါတယ်။ မိုးရွာကြီးထဲ လေးဘီးနဲ့ကိုယ်ဝန်ဆောင်ကို သယ်ရမှာ မဖြစ်သင့်ပေမယ့် ကြာလေစိုးရိမ်ရလေဖြစ်တာကြောင့် ကားနောက်ခန်းမှာ မိုးကာတွေနဲ့ တင်ခဲ့ရပါတယ်။ ကလေးကိုကပဲ ကံဆိုးတယ်ထင်ပါရဲ့။ လမ်းထိပ်အရောက် ကားကချိုင့်ထဲအကျမှာ ကားထဲကိုရေ၀င်ပြီး ကားကထိုးရပ်သွားပါတယ်။ ဒါပေမယ့် ဘယ်ကရောက်လာမှန်းမသိတဲ့ ကားတစ်စင်းဟာ နောက်မှာလာရပ်ပါတယ်။ ဒီလိုနဲ့ အဲဒီကိုယ်ဝန်ဆောင်မိခင်ဟာ ဆေးရုံကို ရောက်သွားခဲ့ပါတယ်။ ဆေးရုံကိုရောက်တဲ့ အချိန်မှာပဲ မိုးဟာ သည်းကြီးမည်းကြီးရွာခဲ့တာ သူမဟုတ်သလို တိတ်သွားပါတယ်။ ကလေးလေးကိုတော့ ဆေးရုံရောက်ပြီး ညနေမှ မွေးခဲ့တာပါ။ တစ်နေကုန် အမေကို ဒုက္ခပေးပြီး ဗိုက်နာအောင်လုပ်နေခဲ့ပြီး ညနေစောင်းမှ ခက်ခက်ခဲခဲမွေးခဲ့ရပါတယ်။ ကျန်တဲ့အိမ်သားတွေလည်း ထမင်းတနေ့စာ လွတ်ပါတယ်။ အဲဒီကလေးကတော့ ဟဲဟဲ ချိုကိုပါတဲ့ရှင်။

ဒါကတော့ ချိုကို့ကို ကြိုတဲ့မိုးလို့ပြောလို့ရမယ် ထင်ပါရဲ့။ နောက်မိုးနဲ့ ပတ်သတ်ပြီး မှတ်မိတာတစ်ခုက...

ဒီနိုင်ငံကိုထွက်လာဖို့ ကျောင်းတက်ခွင့်ကြိုးစားနေချိန်မှာ၊ ပန်းဆိုးတန်းအောက်ဘလောက်ကနေ အောင်ဆန်းကွင်းကို သင်တန်းတက်ဖို့နေ့တိုင်း လမ်းလျှောက်သွားပါတယ်။ မိုးတွေရွာနေတဲ့ တစ်နေ့မှာပေါ့၊ အဖွားကြီးတစ်ယောက် သမီးရယ် မိုးခိုပါရစေဆိုပြီး ထီးအောက်ကိုဝင်လာပါတယ်။ အိမ်ကအဖွားအရွယ်မြင်ရင် သနားနေကျအကျင့်အတိုင်း အဖွားဘက်ကို ထီးပိုဆောင်းပေးလိုက်ပါတယ်။ ဘယ်အထိအသွားမလဲလို့ မေးတော့ တစ်ဘလောက် ပါပဲတဲ့။ ကားဂိတ်အထိလိုက်ပို့ဖို့ စိတ်ကူးလိုက်ပါတယ်။ ထီးတူတူဆောင်းလာလို့ ခြေလှမ်း ၄၊၅ လှမ်းလောက်ရောက်တော့ အဖွားကြီးက စကားစပြောပါတယ်။ သူနေမကောင်းလို့ အားဆေးထိုးချင်ပါတယ်တဲ့၊ ပိုက်ဆံတတ်နိုင်သလောက် လှူခဲ့ပါတဲ့။ ကားဂိတ်အထိလိုက်ပို့ပေးမယ့် စိတ်ဘယ်လွင့်သွားမှန်းမသိပါဘူး။ ဖြစ်နိုင်ရင်လေ ဆေးခန်းတစ်ခုခေါ်သွားပြီး မျက်စိရှေ့မှာ ချက်ချင်းထိုးခိုင်းလိုက်ချင်တယ်။ အိပ်ထဲမှာကလည်း ပိုက်ဆံကမပါ၊ အဖွားကြီးကို မိုးရွာထဲမောင်းထုတ်ရအောင်လည်း အသဲကမမာ၊ တော်တော်ကို စိတ်ဓာတ်ကျသွားပါတယ်။ စေတနာထားရတာကိုတောင် စိတ်ပျက်လာမိတယ်။ ဒါနဲ့ပဲ ပိုက်ဆံ ၅၀ပေးလိုက်တော့ သာဓုပါဆိုပြီး အနီးနားက အမိုးတစ်ခုအောက် ၀င်သွားပါတယ်။ ဘာမှမပြောချင်ပေမယ့် ရင်ထဲမှာ တော်တော်မကျေမနပ်ဖြစ်ပါတယ်။ ဘာကိုမှန်းမသိသလို ဘယ်သူ့ကိုမှန်းလဲမသိပါဘူး။ ကိုယ်လိုလူ ဘယ်နှစ်ယောက်ဖြစ်ဖူးပြီး ဘယ်လိုခံစားရလဲ သိချင်ပေမယ့် မပြောဖြစ်ခဲ့ပါဘူး။ အခု မိုးအကြောင်း စဉ်းစားမိလို့ ပြန်သတိရသွားမိတာပါ။ အခုအချိန်ဆို ဒီလိုအဖြစ်မျိုးတွေ ပိုဆိုးနေပြီလားတောင် မပြောတတ်ဘူး။

ဒါတွေကတော့ အခုလောလောဆယ် စဉ်းစားမိသလောက်ပါ။ နောက်မှသတိရရင် နောက်ပို့စ်တစ်ခုတင်တာပေါ့။ =)


ကြာဖြူ ဖောင်ဒေးရှင်း ရဲ့ ပထမဦးဆုံး ပညာသင်ထောက်ပံ့ကြေးဆုချီးမြင့်ခြင်းကို ကို ဇွန်လ ၄ ရက်နေ့က တောင်ကြီးမြို့နယ် ထုံးဖို အမက မူလွန်ကျောင်းနဲ့ အမှတ်(၃) မူလွန်ကျောင်း အေးသာယာ မြို့သစ် တို့မှာ ပြုလုပ်ခဲ့ပါတယ်။ ငွေကြေးပမာဏ နည်းနည်း နဲ့ စတင်လှူဒါန်းတဲ့ အလှူဖြစ်ပေမယ့် အလှူလက်ခံသူ လေးတွေနဲ့ ရိုးသားဖြူစင်တဲ့ မျက်နှာလေးတွေနဲ့ ကျေးဇူးစကားလေးတွေကို မြင်ရဖတ်ရချိန်မှာတော့ တကယ့်ကိုခံစားခဲ့ရပါတယ်။

ပထမဦးဆုံးအကြိမ်မှာ

ထုံးဖို မူလွန်ကျောင်းက ကလေးငါးယောက်အတွက် ပထမဆုံးလ ထောက်ပံ့ပစ္စည်း - ၆၂၂၀၀/-
အမှတ် (၃) အေးသာယာ မူလွန်ကျောင်းက ကလေး ငါးယောက် အတွက် ပထမဆုံးထောက်ပံ့ငွေပစ္စည်း - ၄၂၆၅၀/-

ဖြစ်ပါတယ်။ ဒီငွေပမာဏအတိုင်း ကလေး ၁၀ ယောက်ကို လစဉ် တစ်နှစ် ပတ်လုံးထောက်ပံ့မှာဖြစ်သလို၊ နောင်နှစ်အတွက် လဲ သူတို့လေးတွေကို စာကြိုးစားတဲ့ အဆင့်အတိုင်း ဆက်ပြီး ထောက်ပံ့မှာပါ။

ကြာဖြူ ဖောင်ဒေးရှင်းအနေနဲ့ သူတို့လေးတွေအတွက် စေတနာရေစီးကို မပြတ်စီး နေနိုင်အောင် အမြဲကြိုးစားပေးနေမှာပါ။ ကြာဖြူအတွက် ပါဝင်လှူဒါန်းကြတဲ့ မောင်နှမများ အားလုံးကို မိမိတို့ အလှူအတွက် ၀မ်းသာပီတိ ဖြစ်စေဖို့ ဓာတ်ပုံလေးတွေကို တင်ပေးပါမယ်။ တောင်ကြီးက အင်တာနက် ဈေးနှုန်းကြီးမြင့်မှုရယ်၊ အဲဒီကနေ အင်တာနက်ကိုတင်ပေးဖို့ အချိန်မပေးနိုင်မှုတွေကြောင့် လူကြုံနဲ့ စင်္ကာပူကို နောက်ကျရောက်ရတဲ့ ဒီသတင်း ဓာတ်ပုံလေးများအတွက် တောင်းပန်အပ်ပါတယ်။ အမှန်ကတော့ နေ့ဘက်က အက်ရှင်လေးတွေကို ညဘက်ကို ချက်ခြင်းဝေမျှချင်သူကိုး။ ကြာဖြူ ဖောင်ဒေးရှင်းကို ထောက်ပံ့အားပေးကြသော ပဒုမ္မာဖိုရမ်မှ မောင်နှမများ အားလုံးကို အခုလို လူသားဆန်တဲ့ အလှူဒါနများအတွက် ကျွန်တော်တို့ လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်ဗျာ။
ပဒုမ္မာလို့ခေါ်တဲ့ မိသားစုဖိုရမ်လေးထဲမှာ ကြာဖြူ ဆိုတဲ့ ပန်းလေးတစ်ပွင့်အတွက်
တက်တက်ကြွကြွလုပ်ကိုင် နေကြတာလေးဖြစ်ပါတယ်။
--------------------

စည်းကမ်းလေးက ဒီလိုရှိပါတယ်။
--------------------
သာဓုခေါ်လို့ရအောင်... ပထမဆုံးခြေလှမ်းလေးပါ။
--------------------

သူတို့လေးတွေ ပညာရေး နဲ့ အနာဂတ်အတွက် ကြာဖြူက အားအင်လေးတွေ ပေးမယ်။
--------------------
ပညာဒါနအတွက် ဂါရ၀တရား၊ ပီတိမျက်ရည် ချိုလိုက်တာ...
--------------------
ပထမခြေလှမ်းကနေ နောက်ထပ်ခြေလှမ်းပေါင်းများစွာ ထပ်လှမ်းဦးမှာပါ။

ငါတို့ဟာ အနာဂတ်ကိုတော့ ရေးရေးလေးမြင်နေကြရပြီ။
အနာဂတ်ဆိုတာ ဘာမှန်းသိခွင့်မရရှာသေးတဲ့ ကလေးငယ်လေးတွေကို လက်တွဲကူလို့ ဖေးမကြရအောင်... ... ...

ဒီနေ့ စိတ်လိုလက်ရရှိတာနဲ့ ဗြောင်းဆန်နေတဲ့ စာအုပ်စင်ကို ရှင်းမိတယ်။ စာအုပ်စင်ကိုရှင်းလိုက်တာ မရှင်းတဲ့အပြင်ပိုတောင်ပွသွား ပါတော့တယ်။ စာအုပ်လေးတစ်အုပ် ထွက်လာလိုက် ၀မ်းသာအားရ မဖတ်တာတောင် ကြာပါလားဆိုပြီး ထိုင်ဖတ်လိုက်၊ နောက်တစ်အုပ် ထွက်လာလိုက်နဲ့ အချိန်တော်တော် သာကုန်သွားတယ် စာအုပ်စင်ကတော့ ပွမြဲပါပဲ။ ဒါနဲ့ပဲ မဖြစ်ချေဘူး ပြီးအောင်တော့ ရှင်းမှဆိုပြီး မျက်စိမှတ်ရှင်းတာတောင် ဖတ်ချင်စရာစာအုပ်တွေက ထွက်ထွက်လာသေးတယ်။

ဘာလိုလိုနဲ့ စုထားတဲ့စာအုပ်လေးတွေတောင် တော်တော်များနေပါလားလို့ တွေးမိတယ်။ အခုအချိန်များ တခြားနေရာသွားရမယ်ဆိုရင် မခွဲနိုင်ဆုံးက စာအုပ်လေးတွေပဲနေမှာ။ စာအုပ်လေးတွေကို ၀ယ်ခဲ့တဲ့နှစ်တွေ ပြန်ကြည့်ပြီး အသက်အလိုက်ပြောင်းလာတဲ့ အကြိုက်တွေကို စဉ်းစားနေမိသေးတယ်။

ငယ်ငယ်တုန်းကတည်းက စာဖတ်ဝါသနာပါခဲ့ပေမယ့် အပြင်သိပ်မထွက်တတ်တဲ့ အကျင့်ရယ်၊ အိမ်ကလူကြီးတွေကလည်း စာအုပ်မ၀ယ်တာရယ် ပေါင်းပြီး စာအုပ်မ၀ယ်တတ်ခဲ့ဘူး။ သူငယ်ချင်းအမေရဲ့ စာအုပ်သေတ္တာကို ကျောင်းပိတ်ရက် သွားမွှေရတာကိုကပဲ နိဗ္ဗာန်ပါ။ မေမေကတော့ ငယ်ငယ်ကစာအုပ်တွေ ၀ယ်ပြီးသိမ်းခဲ့ဖူးတယ်တဲ့။ နယ်ကို အလုပ်နဲ့ပြောင်းရတဲ့ အချိန်မှာ အိမ်မှာကျန်ခဲ့တာတွေကို ခြ ကိုက်သွားလို့တဲ့။ နှမြောစရာကောင်းလိုက်တာ။

ရှားရှားပါးပါး ခြမကိုက်ပဲကျန်ခဲ့တဲ့ တစ်အုပ်ကတော့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်ခိုင် ဆိုတဲ့စာအုပ်လေးပါ။ ဘ၀မှာ ပထမဆုံးဖတ်ဖူးတဲ့ ၀တ္ထုလို့လဲ ပြောလို့ရတယ်။ အဲဒီစာအုပ်စဖတ်တုန်းက ၃ တန်းကျောင်းသူပါ။ ပီယာနိုဆိုတာတောင် ဘာမှန်းမသိလို့ တော်တော် စုံစမ်းလိုက်ရပါသေးတယ်။ စာအုပ်ကြားထဲမှာ စွယ်တော်ရွက်လေး တစ်ရွက်လည်း ညှပ်လျက်သားတွေ့ပါတယ်။ တော်တော်ကို ခြောက်နေပါပြီ။ မေမေလည်း အရင်က တော်တော်ကြိုက်ခဲ့မယ်ထင်ပါရဲ့။ ပြီးတော့ တိုက်ဆိုင်တာက သန်လျှင်ဘီအိုစီဝင်းလို့ အရင်ကခေါ်တဲ့ အရာရှိတွေ နေတဲ့ဝင်းထဲမှာ နေနေရတဲ့အချိန်လေ။ ဘယ်နားလေးကတော့ဖြင့် ၀တ္ထုထဲက ဘယ်နေရာနဲ့တူတယ်ထင်ရဲ့ ဆိုပြီး စိတ်ကူးယဉ်လို့လည်း ကောင်းပါ့။ ၃ တန်းကျောင်းသူ ချိုကိုအဲဒီစာအုပ်ကို ဖတ်တာ သုံးလကျော်ကျော်လောက်ကြာပါတယ်။ အဲဒီအချိန်ကတည်းက တက္ကသိုလ်ဘုန်းနိုင်ကို ကြိုက်ခဲ့တာ အခုထိပါပဲ။

သူပြီးတော့ ဒုတိယသိခဲ့တာက မင်းသိင်္ခ။ မာလိန်မှူးထူးစိန် ၀တ္ထုကို ဘကြီးဆီကငှားဖတ်ရင်း မင်းသိင်္ခကိုလည်း စွဲသွားပါတယ်။ အဲဒါကတော့ ၅တန်းမှာပါ။ အဲဒီကစပြီး ဖေဖေနဲ့ ဦးလေးတွေ စနေ မောင်မောင်၊ ဆားပုလင်းနှင်းမောင် အကြောင်းပြောကြရင် ၀င်ပြောတတ်လာတဲ့ ကောင်မလေး ဖြစ်လာခဲ့ပါတယ်။

တာရာမင်းဝေနဲ့ မိတ်ဆက်ပေးခဲ့တာကတော့ သချာင်္ဆရာ။ ဆရာ့ကိုအရမ်းချစ်ပါတယ်။ စာသင်တာကောင်းပြီး စေတနာလည်းအရမ်းပါတယ်ထင်လို့ပါ။ ဆရာက ငါ့တပည့်ဖြစ်ပြီး တာရာမင်းဝေမဖတ်ဖူးဘူးလား လို့ မေးတာနဲ့ လိုက်ရှာပါတယ်။ ပထမဆုံးဖတ်မိတာက ပန်းလက်ဖ၀ါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေး တဲ့။ သဘောကျသွားပါတယ်။ နောက်တစ်အုပ် ငါ့ရင်ခွင်ကြားကနှင်းဆီ ဓားသွားတစ်လက်။ တာရာမင်းဝေမှ တာရာမင်းဝေ… အရမ်းကြိုက်သွားပါတယ်။ နောက်ပိုင်းတဖြည်းဖြည်း စာအုပ်လေးတွေပါးလာ၊ ပြောတာတွေ နားမလည်ဖြစ်တဲ့ထိ ၀ယ်တုန်းပါပဲ။ အခုထိပေါ့လေ

နောက်ထပ် ဘုန်းနိုင်နဲ့ တန်းတူကြိုက်တာကတော့ မင်းလူပါ။ သူ့ဝတ္ထုကို အဟမ်း… ကောင်လေးတစ်ယောက်က ဖတ်ကြည့်ပါတဲ့။ ၀တ္ထုလေးနာမည်က ရေတမာ တဲ့။ ရေးပုံလေးက သွက်ပြီး လိုချင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘ၀။ အဖွားလေးအိမ်ကို သွားကန်တော့ရင်း သဘာဝကျကျ ဟာသရသ ဆိုတဲ့ စာအုပ်ထူထူကြီးကိုတွေ့ပါတယ်။ စာအုပ်မြင်ရင် မနေနိုင်တဲ့ထုံးစံ ချောင်ထဲကဆွဲထုတ်ပြီး ဖတ်မိပါတယ်။ အဲဒီအချိန်မှာပဲ မင်းလူဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာစသိတယ်လို့ ပြောရမှာပဲ။ အတွေးအခေါ်လေးတွေက ဆန်းတယ်။ ဟာသဥာဏ်ကလည်း လန်းတယ်။ အဲဒီအချိန်ကစပြီး မင်းလူ ပရိသတ်ဖြစ်လာတာ အခုဆို သူ့စာအုပ်အကုန်နီးပါး အိမ်မှာရှိပါတယ်။

စာအုပ်စင်ရှင်းလိုက်တာ စာအုပ်စင်လည်း မရှင်းတဲ့အပြင် ဘလော့ဂ်မှာပါ လာပွကုန်ပါရောလား။ ခင်နှင်းယုရဲ့ မြကြာဖြူတို့၊ ရွှေဥဒေါင်းရဲ့ ဦးစံရှားတို့၊ ဂျာနယ်ကျော်မမလေးရဲ့ မုန်း၍မဟူတို့၊ မောင်ထွန်းသူရဲ့ ဘာသာပြန်တွေ၊ မိုးမိုး(အင်းလျား)ရဲ့ နာမကျန်းသည် အိုနှင်းဆီတို့… ဒီနေ့ရှင်းလို့ပြီးပါဦးတော့မလား မသိ…

လာမယ့် ၁၇ ရက် တနင်္ဂနွေနေ့ဟာ အဖေများနေ့တဲ့။

မြန်မာပြည်မှာ အမေများနေ့၊ အမေနေ့ တော်တော်ကို ခေတ်စားပါတယ်။ ကာတွန်းတစ်ခုမှာဆိုရင် ပစ္စည်းတစ်ခုချင်းစီကို လက်ညှိးထိုးပြီး အမေ့ဓာတ်ပုံ၊ အမေ့ခြေရာ၊ နောက်ဆုံး အမေ့ယောက်ျားဆိုတော့ အဖေကွ အဖေ ဆိုပြီးထအော်ပါတယ်။

ဖတ်ခဲ့ဖူးတဲ့စာတစ်ပုဒ်ထဲမှာ ကလေးတွေဟာ ငယ်စဉ်မှာ ယောက်ျားလေးတွေက မိခင်ကိုခင်တွယ်ပြီး မိန်းခလေးတွေက ဖခင်ကိုပိုခင်တွယ်ကြတယ်တဲ့။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ သဘောအရဖြစ်ပြီး အသက်ကြီးလာတဲ့အချိန်မှာ သိပ်မသိသာ တော့ဘူးလို့ ဆိုပါတယ်။ အကယ်၍ပုံမှန်မဖြစ်သေးဘူး ဆိုရင်တော့ နည်းနည်းလွဲနေပြီလို့ ဆိုပါတယ်။

အိမ်မှာဆိုရင် မောင်လေးနဲ့ မေမေနဲ့က အမြဲတမ်း တကျက်ကျက်ပါ။ ဘယ်တော့မှ မတည့်ပါဘူး။ ဒါပေမယ့် သူ့သားမှသူ့သားပါ။ တခါတလေ မနာလိုတောင်ဖြစ်ရပါတယ်။ အဲဒီလိုပါပဲ ဖေဖေကလည်း သမီးတွေမှ သမီးတွေပါ။ သူနဲ့တော်တော်များများမှာတူတဲ့ ချိုကို့ကို အသည်းဆုံးလို့ ထင်ပါတယ်။ ဒီနေ့တော့ အဖေများနေ့အကြို ဖေဖေ့အကြောင်း နည်းနည်းလေးရေးရင် ကောင်းမလားစဉ်းစားမိလို့ပါ။

ဖေဖေဟာ မောင်နှမတွေထဲ အကြီးဆုံး၊ အလိုလိုက်ခံရဆုံး၊ အဆိုးဆုံးပါ။ အိမ်ကိုလည်း သိပ်ခင်တွယ်တတ်တဲ့သူ မဟုတ်ဘူးတဲ့။ ဒါပေမယ့် မေမေနဲ့ ယူပြီးလို့ ချိုကို့ကိုမွေးတဲ့အချိန်မှာ ဖေဖေလောက် အိမ်ကိုခင်တဲ့လူ မရှိတော့ဘူးထင်ရအောင်ပါပဲ။ မေမေနဲ့ ဖေဖေဟာ အစိုးရ၀န်ထမ်းတွေဆိုတော့ အတူမနေနိုင်ပါဘူး။ မေမေက တာဝန်ကျတဲ့နေရာမှာ ကလေးတွေကို အဖိုးအဖွားတွေ အကူအညီနဲ့ ခေါ်ထားပြီး ဖေဖေကတော့ တစ်ယောက်တည်းဖြစ်သလိုနေရပါတယ်။ ဖေဖေဟာအလုပ်အားလို့ ခွင့်ရတာနဲ့ အိမ်ပြန်လာပြီး သားသမီးတွေနဲ့ လုံးထွေးနေတော့တာပါ။ သားသမီးတွေအကုန်လုံးကို ကိုယ်တိုင်ရေးချိုးပေးပါတယ်။ ထမင်းစားပြီးရင် ကွပ်ပြစ်ပေါ်မှာ တန်းစီအိပ်ကြပြီး ပုံပြောပါတော့တယ်။ ဖေဖေပြောလေ့ရှိတဲ့ ပုံပြင်တွေက သရဲအကြောင်းပါ။ ဒါပေမယ့် သရဲဆိုတာ တစ်ကယ်မရှိဘူး ဆိုတာကို ပုံလေးတွေနဲ့ပြောတာပါ။ ပုံထဲက ဇာတ်လိုက်ကတော့ မောင်လေးပေါ့။

တခါတလေ နောက် ချင်တဲ့အခါဆိုရင်တော့ ပုံအရှည်ကြီး ပြောရမလား၊ တိုတိုလေး ပြောရမလားလို့ မေးတတ်ပါတယ်။ အရှည်ကြီးပြောဆိုရင်တော့ ဟိုးရှေးရှေးတုန်းက ကိုရှည်လမျောကြီး ဆိုတာရှိသတဲ့။ သူ့ကို ဘယ်လောက်ရှည်လဲမေးရင် သူက ဆန့်ထုတ်လိုက်တာ ရှည်ရှည်လာသတဲ့။ ဒါအကုန်ပဲလားဆိုရင် ဆန့်ထုတ်လိုက်၊ ဒါအကုန်ပဲလားဆို ဆန့်ထုတ်လိုက်… ဖေဖေပုံပြင်က ဒါပါပဲ။ ဆန့်နေတာ မပြီးတော့ပါဘူး။ ချိုကိုတို့လည်း ဘယ်ရမလဲ ဒါဆိုတိုတဲ့ပုံပြောဆိုတော့ အဲဒီကိုရှည်လမျောကြီးက ဆန့်နေတာကနေ ပြန်ကျူံ့လိုက်တာ တိုတို တိုတိုလာရော ဆိုပြီး ဆက်ပြန်ပါတယ်။ ဒါကတော့ ဖေဖေ့ပုံပြင်တွေပါ။

ဖေဖေဟာ ချိုကိုတို့ကို ငယ်ငယ်ကတည်းက ကျူရှင်တို့ဘာတို့လည်း မယူခိုင်းပါဘူး။ သူငယ်ချင်းတွေ ကျူရှင်ယူကြမယ်၊ အတူတူယူမလားလို့မေးရင် ဖေဖေက သမီးကြီးက ကျူရှင်ယူစရာလိုလား၊ လိုရင်ယူ၊ အမှတ်ကောင်းဖို့လား၊ စာမလိုက်နိုင်လို့လား၊ စာလိုက်နိုင်တယ်၊ သင်တာတွေနားလည်တယ်ဆို ဘာလို့ယူနေမလဲ၊ ကျူရှင်ယူမှ အမှတ်ကောင်းမယ် ဆိုရင်တော့ ယူမနေနဲ့ ကိုယ့်အခြေအနေကိုယ်သိရင် ပြီးရော သူများအထင်ကြီးစရာမလိုဘူးတဲ့။ အဲဒီကတည်းက ကျူရှင်ဆိုတာ မယူခဲ့တာ ဆယ်တန်းမှပဲ ၀ိုင်းကျူရှင်တက်ခဲ့တာပါ။ အဲလောက်ပြောခဲ့တဲ့ ဖေဖေလည်း အခုတော့ မပြောနိုင်ရှာတော့ပါဘူး။ မောင်လေးကျောင်းက ဆရာမက ကျူရှင်တက်ရမယ်လို့ Vito နဲ့ ပြောလာတော့ စာမေးပွဲအောင်ဖို့တောင် ကျူရှင်တက်နေရတယ် သမီးကြီးရဲ့လို့ ပြောလာပါတယ်။

ဖေဖေဟာ သူငယ်ချင်းတွေရဲ့ အဖေတွေနဲ့ ယှဉ်ရင် တော်တော်ခေတ်မှီပါတယ်။ ကွန်ပျူတာပေါ်ကာစမှာ သားသမီးတွေကို အခြေခံတော့ သိအောင်ဆိုပြီး သင်တန်းအပ်ပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်ုးက သင်တန်းတွေဘာတွေ ခေတ်မစား သေးပါဘူး။ ချိုကို့ပတ်ဝန်းကျင်မှာ အစောဆုံးကွန်ပျူတာနဲ့ ထိတွေ့ဖူးတာ ချိုကိုပါလို့ ပြောလို့ရပါတယ်။ အဲဒီအချိန်က အင်တာနက်ဆိုတာ ဘာမှန်းတောင်မသိကြသေးတာပါ။ ကွန်ပျူတာနဲ့ စာရိုက်တယ်၊ စာရင်းဇယားတွေသိမ်းတယ်၊ ပုံဆွဲတယ်၊ ဒီဇိုင်းဆွဲတယ်။ ဒီလောက်ပါပဲ။

ခေတ်မှီတဲ့ဖေဖေဟာ ချိုကို့ကို ဆယ်တန်း ပြီးပြီးခြင်းမှာပဲ စင်္ကာပူပိုလီတက်ဖို့ လုပ်ခိုင်းပါတယ်။ အဲဒီအချိန်က ဘေးပတ်ဝန်းကျင်က တော်တော်ပြောကြပါတယ်။ ကလေးကငယ်သေးတယ်။ သူများနိုင်ငံကို တစ်ယောက်တည်း လွှတ်ရင် ဘာဖြစ်မယ်ညာဖြစ်မယ်ပေါ့။ ဖေဖေက ချိုကို့ကိုမေးပါတယ်။ သမီးကြီးသွားချင်လားတဲ့။ ဖေဖေတို့ ကျောင်းပြီးကာစက အင်ဂျင်နီယာဆိုတာ ရှားသေးတယ်တဲ့။ အဲဒီတော့ အလုပ်ထဲဝင်လိုက်ရင် လူတွေကအထင်ကြီးကြတယ်။ အလုပ်ကကားလေးနဲ့ ဟိုသွားလိုက်ဒီသွားလိုက်၊ အဲဒီအချိန်မှာ တစ်ချို့သူငယ်ချင်းတွေကို လွယ်အိပ်လေးလွယ်ပြီး passport ရုံးကိုဝင်လိုက်ထွက်လိုက်နဲ့ လမ်းမှာတွေ့ရင်တောင် ဖေဖေကကားနဲ့ လိုက်ပို့သေးတယ်တဲ့။ အခုတော့ သူတို့ဘာဖြစ်နေလဲ။ ဖေဖေတို့ဘာဖြစ်နေလဲတဲ့။ ချမ်းသာတယ်၊ မချမ်းသာတယ်ဆိုတာ ကံတရား။ လူတန်းစေ့နေနိုင်ဖို့ အရေးကြီးတယ်တဲ့။ သူတို့မှာ ဘ၀အတွက် အာမခံချက်တွေရှိတယ်။ ဖေဖေတို့မှာမရှိဘူးတဲ့။ သင်ခဲ့တဲ့ပညာတွေကို အရေးပေးမခံရဘူးတဲ့။ သမီးကြီးကို ချမ်းသာအောင် လွှတ်တာမဟုတ်ဘူးတဲ့။ တတ်သင့်တဲ့ပညာကို သင်ပေးတဲ့နေရာကို လွှတ်တာတဲ့။ သမီးကြီးသွားမလားတဲ့။ သွားရင်တော့ ဟိုမှာပင်ပန်းမယ်၊ ဒီကသူငယ်ချင်းတွေလို အပြင်သွားပြန်လာ လက်ဆေး၊ ထမင်းစားလုပ်သလို သမီးမနေရဘူး၊ အချိန်တန် မိဘကိုမုန့်ဖိုးလက်ဖြန့်တောင်း သမီးလုပ်လို့မရဘူး၊ ဟိုကလူတွေလိုပဲ အချိန်ပိုင်းအလုပ်လုပ်၊ ကိုယ့်မုန့်ဖိုးကိုယ်ရှာ၊ ကိုယ့်တာဝန်ကိုယ် ယူရမယ်တဲ့။ (အဲဒီအချိန်တုန်းက ပိုလီဒီလောက်ခေတ်မစားသေးပါ။ လွန်ခဲ့တဲ့ ၅နှစ်ကျော်ကျော်)

ဒီစကားတွေကို အဲဒီတုန်းက နားထောင်ခဲ့ပေမယ့် သေချာစဉ်းစားခဲ့တာတော့ မဟုတ်ပါဘူး။ စွန့်စားရမယ်၊ သူများမလုပ်သေးတဲ့ အလုပ်လုပ်ရမယ် ဆိုပြီး သွားမယ်ပြောခဲ့တယ်။ ကျန်တာတွေတော့ သိပ်မစဉ်းစားခဲ့တာအမှန်ပဲ။ အခုချိန်မှာ ပြန်မြင်ကြည့်တော့ သူငယ်ချင်းတွေ ဘာလုပ်ရမှန်းမသိ ယောင်ချာချာအချိန်မှာ ကိုယ်က ညီမလေးကို ကျောင်းထားပေးနိုင်နေပြီ။ ဘာပဲပြောပြော မိဘရဲ့ဝန်ကို ပေါ့အောင်လုပ်ပေးနိုင်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် နည်းနည်းတော့ ဘ၀င်အမြင့်သား။ ဒါတွေဟာ ဖေဖေ့ကြောင့်ပါ။ ဖေဖေရဲ့ ခေတ်ကို မျက်ခြေမပြတ်ပဲ အမြဲဂရုစိုက် နေတာကြောင့်။

ရေးတာ အရမ်းရှည်သွားပြီထင်တယ်။ ဖေဖေ့အကြောင်းကတော့ အများကြီး ကျန်သေးတယ်။ ချိုကိုက ဖေဖေ့သမီးလေ။ I am a Daddy’s girl! တချိန်ချိန်မှာတော့ ဖေဖေဂုဏ်ယူရတဲ့ သမီးဖြစ်ကောင်းပါရဲ့။

ဒီစာလေးကို ဒီနှစ်ရက်အတွင်း ခဏခဏတွေ့နေရတယ်။ စာအုပ်တစ်အုပ်ကောက်ကိုင်လုပ်တော့လည်း ဒီစာသား၊ အင်တာနက်မှာ သတင်းဖတ်တော့လည်း ဒီစကားပုံ၊ အိမ်ကညီမကလည်း ပြောတာဒီစကား။

ဖတ်ဖူးတဲ့ပုံပြင်လေးတစ်ခုကို သတိရမိပါတယ်။

ရှေးတုန်းက ရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက်ရှိသတဲ့။ သူတို့ဟာ အိမ်ထောင်ကိုယ်စီ သားကျွေးမှု မယားကျွေးမှု အတွက် ရွာစဉ်လှည့်ပြီး ကုန်သွယ်မှုလုပ်ကြသတဲ့။ လမ်းခရီးမှာ သူခိုးဓါးပြ ရန်ကိုကြောက်တဲ့အတွက် အမြဲနှစ်ယောက်အတူသွားပြီး အမြတ်အစွန်းကိုလည်း သာတူညီမျှခွဲဝေကြသတဲ့။ သိပ်ချစ်ကြတဲ့သူငယ်ချင်း ဖြစ်ပေမယ့် အယူအဆချင်းကတော့ မတူဘူးတဲ့။ တစ်ယောက်က ရိုးရာနတ်ကိုးကွယ်မှုကို ယုံကြည်ပေမယ့် တစ်ယောက်ကတော့ ရတနာသုံးပါးသာ ကိုးကွယ်ရာလို့ ယုံကြည်သတဲ့။ ဒါပေမယ့် ဘယ်သူ့ဘယ်သူမှ အပြစ်မပြောကြပဲ နေလာကြရာက တစ်နေ့မှာ အရမ်းနက်တဲ့တောကို ဖြတ်ပြီးသွားရမယ့် ခရီးတစ်ခုပေါ်လာရောတဲ့။ ဘယ်သူမှမသွားရဲတဲ့ ခရီးဖြစ်တော့ အမြတ်အစွန်းကလည်း များများရနိုင်တယ်ဆိုပါတော့။ ဒါနဲ့ပဲသူငယ်ချင်းနှစ်ယောက် တိုင်ပင်ပြီး စွန့်စားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ခရီးထွက်လာကြတာ တောအုပ်အလယ်အရောက်မှ နေစောင်း လာတာကြောင့် တစ်ညတာနားဖို့ ဆုံးဖြတ်ကြသတဲ့။

ဒီမှာတင်ပဲ နတ်ကိုးကွယ်တာကို ယုံကြည်တဲ့သူငယ်ချင်းက ‘သူငယ်ချင်းရေ ဒီတောက ကျားဆိုး ပေါတယ်ပြောတယ်။ ဘာပဲပြောပြော စိတ်ချရအောင် ဒီအပင်က အရှင်ကို ပူဇော်ပသပြီး အိပ်ကြရအောင်ကွာ’ လို့ပြောသတဲ့။

ဟိုသူငယ်ချင်းကတော့ ‘ဘုရားရှိခိုးပြီးပြီပဲကွာ၊ မလိုတော့ပါဘူး’ လို့ ပြောတာပေါ့။

ပထမပြောတဲ့တစ်ယောက်က ‘ဒါဆိုလည်း မင်းထိုက်နဲ့ မင်းကံပေါ့ကွာ၊ ငါကတော့ လုပ်မှာပဲဆိုပြီး အပင်ဘက်လှည့် လက်အုပ်ချီ အရှင့်ကို အကျွန်ုပ်ရဲ့ ကိုယ်ခန္ဓာကို အပ်ပါတယ်’ လို့ ပြောပြီး စိတ်ချလက်ချ အိပ်သွားသတဲ့။

ညလယ်မှာပဲ ကျားတစ်ကောင်ဟာ သူတို့အိပ်နေတဲ့နားကို ရောက်လာပါရော။ လူနံ့ရလို့ ကြည့်လိုက်တော့ အိပ်ပျော်နေတဲ့ သူငယ်ချင်းနှစ်ယောက်ကို တွေ့ရောပေါ့။ စားရချည်သေးဆိုပြီး အနားကပ်သွားတော့မှ သူတို့အိပ်နေတဲ့အပင်က တော်တော်တန်ခိုးကြီးတဲ့ အရှင်ကြီးဆိုတာအပိုင်ဖြစ်နေပါရော။ ဒါနဲ့ကျားက အပင်ပိုင်ရှင် အရှင်ကြီးကို ‘အို သစ်ပင်ပိုင်စိုး တန်ခိုးကြီးမား အရှင်ကြီးခင်ဗျား၊ ကျွန်တော်မျိုး၏ သဘာဝအရ လူသားသတ္တ၀ါကို အနံ့လေးရရုံမျှနဲ့ သွားရည်တမျှားမျှားကျ စားလိုလှပါတယ်၊ ခွင့်ပြုတော်မူပါ’ လို့ ပြောသတဲ့။

ဒီအခါမှာ အရှင်ကြီးဆိုတဲ့ ပုဂ္ဂိုလ်က ‘အင်း… အိပ်စက်နေတဲ့ နှစ်ယောက်အနက်မှာ ဒီဘက်က ပုဂ္ဂိုလ်က ဘုရားသာရှိခိုးပြီး ငါ့ကိုဘာမှမပြောမဆို အိပ်သွားတယ်၊ ဟိုဘက်က တစ်ယောက်ကတော့ဖြင့် သူ့ကိုယ်ခန္ဓာကို ငါ့ကိုအပ်ပြီး အိပ်ရှာတယ်၊’

ဒါနဲ့ ကျားက ‘ဘယ်သူ့ကိုစားရမလဲ အရှင်ကြီး’ လို့ မေးသတဲ့။

အရှင်ကြီးက ‘ကိုယ်မပိုင်တဲ့ ပစ္စည်းကို ဘယ်ပေးလို့ကောင်းပါ့မလဲလေ၊ ငါ့ကို အပ်ပြီးအိပ်တဲ့သူကို ငါပိုင်တယ်၊ သူ့ကိုစားစေ’

ပုံပြင်လေးကတော့ ဒါပါပဲ။

ဘာကိုမှပြောချင်လို့ မဟုတ်ပါဘူး။ စိတ်ထဲ ပေါ်လာတာလေး ရေးလိုက်ခြင်းသာဖြစ်ပါတယ်။
ဒီစာလေးကို ညီမလေးတစ်ယောက်က ဖတ်ပြီး ကျားကြောက်လို့ရှင်ကြီးကိုး စကားပုံက ဒါကိုးလို့သူကပြောပါတယ်။ မဟုတ်ပါဘူးလို့ နောက်ထပ်အဲလိုထင်မိတဲ့လူတွေကိုပါ အသိပေးပါရစေ။ စကားပုံရဲ့ ဆင်းသက်လာပုံကို မသိပါဘူး။ ဒါက ဟာသလေး တစ်ခုသာဖြစ်ပါတယ်လို့။

အတွယ်အတာဆိုတာ မရှိရင် အထီးကျန်တယ်...
တွယ်တာမိတော့လည်း နာကျင်ရတယ်...

အထီးကျန်မှုက ခြောက်ခြားစေတယ်...
နာကျင်မှုကြောင့် မျက်ရည်ကျရတယ်...

ရွေးချယ်မှုကတော့ သင့်ပေါ်မှာပဲမူတည်ပါတယ်...

TV ကြည့်နေရင်း ဇာတ်လမ်းတစ်ခုမှာပြောသွားတဲ့ စကားလေးပါ။
သေသေချာချာမမှတ်မိလိုက်လို့ မှတ်မိသလောက်နားလည်သလို ဘာသာပြန်ထားတာပါ။
ကဲ ကိုယ်တို့ဘာကိုရွေးကြမလဲ... သူငယ်ချင်းတွေကြားမှာ ပို့ဖြစ်ခဲ့တဲ့ message လေး တစ်ခုကိုသတိရမိတယ်။

I would rather get hUrt than have a heart without U တဲ့...

အခုတော့ အဲလိုပြောဖို့တောင် နည်းနည်းနောက်တွန့်နေမိပြီ။ ငယ်ငယ်တုန်းကရှိခဲ့တဲ့ သတ္တိတွေ ပြန်လိုချင်ပါရဲ့။

သာဓု အင် ဆန်း၊စ်၊ ဆိုပြီး မြန်မာလိုရေးထားတဲ့ စာအုပ်လေးကို မြင်မြင်ခြင်းပဲ ဖတ်တောင်မကြည့်ပဲ ၀ယ်ခဲ့ပါတယ်။ သာဓု မျိုးဆက်ကို ချစ်တာကြောင့်ရယ်၊ သူတို့ စာတွေက ကောင်းတတ်တာကြောင့်ရယ် ဖတ်မကြည့်ပဲ ၀ယ်လိုက်မိတယ်။ စာအုပ်လေးက အတွေး ဆန်းဆန်းနဲ့ တမျိုးလေး ထူးခြားနေတယ်။ စာအုပ် ခေါင်းစဉ်အတိုင်းပါပဲ သာဓုနဲ့ သား ၃ ယောက်ရဲ့ စာတွေပါ။

တခြားသူတွေလည်း ဒီလိုပဲ စာရေးဆရာတွေ ပေါင်းပြီး စာအုပ်ထုတ်တာပဲ။ ဘာထူးခြားလို့လဲလို့ မေးကြရင်တော့ ထူးခြားပါတယ်လို့ပြောရမှာပဲ။ သာဓုရေးတာက ၀တ္ထု၊ ဆောင်းပါး မဟုတ်ပဲ သူ့သား ၃ ယောက်ရဲ့ ၀တ္ထု ၃ ပုဒ်ကို ဝေဖန်ထားတာပါ။

ပထမဆုံး အဖေတစ်ယောက်က သားနာမည်ကြီး စာရေးဆရာတွေကို ဒီလိုစာတစ်အုပ်ထဲမှာ ဝေဖန်တယ် ဆိုတာကိုက ထူးခြားပါတယ်။ သာဓုဆိုတာ ကလည်း ပွင့်ပွင့်လင်းလင်း ဘယ်သူ့မှဂရုမစိုက် မှန်တယ်ထင်တာကို ပြောတတ်တဲ့လူ။

ဒုတိယအနေနဲ့ ဝေဖန်တာမှာ တစ်ပုဒ်ကိုဖတ် ချက်ချင်းဝေဖန်၊ ပြီးမှနောက်တစ်ပုဒ်ဖတ် ဆက်ဝေဖန် ဆိုတော့ ပရိတ်သတ်လည်း နောက်ပြန်လှန်ကြည့်လိုက် ဝေဖန်တာဖတ်လိုက် လုပ်စရာမလိုအောင် ကောင်းလှပါတယ်။

သာဓုခေတ်က စာရေးပုံနဲ့ နောက်ဆုံး မင်းလူခေတ်စာရေးပုံ ပြောင်းလဲ လာတာတွေကိုလည်း မြင်နိုင်ပါသေးတယ်။ ခုခေတ်ရဲ့ စာရေးရင် စာလိုရေးလိုက် စကားပြောသလိုရေးလိုက် ရေးတာကို သာဓုက တော်တော်မုန်းပုံရတယ်။ ချိုကို့ရေးပုံကိုများ တွေ့ရင် ဘယ်လောက်များ ဆူလိုက်မလဲနော်။ ဒီလို ကပြား ရေးတာတွေကို သူသာစာပေစီစစ်ရေးဆိုရင် ထုတ်ခွင့်မပေးဘူးလို့ဆိုပါတယ်။

စာအုပ်အစမှာ သာဓုက အမှာစာရေးပါတယ်။ သူ့ရဲ့စာရေးရင် ဘယ်လိုစိတ်နဲ့ ရေးတယ်ဆိုတာ ပြောပြ ထားတယ်။ အမှာရဲ့ အဆုံးနားကိုတော့ သူ့အတိုင်းကူးပေးလိုက်ပါတယ်။

ယခု ဤစာအုပ်ထုတ်ဝေရန် အကြောင်းပေါ်လာသောအခါ သာဓုသည် စာရေးဆရာ တစ်ယောက်အနေဖြင့် မဟုတ်တော့ဘဲ အဖေ(ဖခင်) တစ်ယောက်အသွင် မြင်သမျှ တင်ပြရမည့်ကိန်းဆိုက်လာချေ၏။

ယခင့်ယခင် ရေးခဲ့သော ၀တ္ထုများမှ ဇာတ်ကောင်တို့ကို သာဓုပင် ဖန်ဆင်းပြီး သာဓုကပင် ကိုယ်စားပြုရေးခဲ့၍ ဘေးချော်ခြင်း အနည်းအကျဉ်းရှိကောင်းရှိမည်၊ အကြောင်းမကြီးလှ။

ယခု ဤစာအုပ်တွင်သော်မူ သားများနှင့် ပတ်သတ်ဆက်စပ်၍နေသည်နှင့်အမျှ တိကျရန် လိုသည်။ ဖြစ်ရပ် အမှန်လည်း ပေါ်လွင်ပြတ်သားရပေမည်

အထူးသဖြင့် ယနေ့ထိ သာဓု စွဲမြဲစွာ ဆုပ်ကိုင်ထားသော (၀ါ) နောင်တွင်လည်း လက်လွှတ်မည်မဟုတ်သော သာဓု၏ စာရှုပရိတ်သတ်အတွက် 'အကျိုးပြုမှု တစ်ခုခု ပါစေရမည်' ဟူသည့် သာဓု မူဝါဒအတိုင်း...။

သာဓုနှင့်သားများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ သားတွေငယ်စဉ်က ထူးခြားချက်တွေနဲ့ ဘယ်လိုဆုံးမ ခဲ့တယ် ဆိုတာလေးကို ရေးထားပါတယ်။ သာဓုရဲ့ ဆုံးမနည်းဟာ အဲဒီခေတ်အနေနဲ့ရော အခုခေတ်အနေနဲ့ရော တော်တော်လေး ခေတ်မှီတယ်လို့ ပြောရပါမယ်။ ဥပမာအနေနဲ့...
သုမောင်က သံပတ်ပေး မီးရထားခေါင်း အသစ်လေးကို တစ်စစီဖြုတ်လိုက်ပြီး ဖေဖေ ပြန်တပ်ပေးပါလို့ လာပြောတယ်တဲ့။ ဒါကို ကလေးဆိုတာ စူးစမ်းတတ်တာမို့ မအော်မငေါက်ခဲ့ပါဘူးတဲ့။ ချိုကိုသာဆိုရင်လေ အခုလေးတင်ဝယ်ပေးထားတဲ့ ကစားစရာ ဖျက်ဆီးရမလား ဆိုပြီးတော့ အနည်းဆုံး အော်မိမယ်ထင်တယ်။

ဝတ္ထုတွေကတော့ ကြီးစဉ်ငယ်လိုက်အတိုင်း မောင်ဝဏ္ဏ၊ သုမောင်၊ မင်းလူ အစဉ်အတိုင်းလာပါတယ်။ ၃ပုဒ် လုံးကို ဝေဖန်ထားတာ အရမ်းသဘောကျပါတယ်။ တချို့နေရာလေးတွေမှာ ခေတ်ကြောင့် ရေးပုံရေးနည်း ကွဲတာကလွဲရင် သာဓုရဲ့ ဝေဖန်ချက်တွေက စာရေးမယ့်လူတွေအတွက် အကျိုးအများကြီးရှိပါတယ်။ အကြိုက် ဆုံးကတော့ မင်းလူရဲ့ ၀တ္ထုပါ။

ဝတ္ထုအဖွင့်လေးမှာ သူက ဒီလိုရေးထားပါတယ်။ ဖြတ်ရေးရင် လိပ်ပတ်မလည်မှာဆိုးလို့ အကုန် ကူးပေးလိုက် ပါတယ်။

ကျွန်တော့်နှလုံးသား၌ ထင်ဟပ်ခဲ့သောအရိပ်များအကြောင်းကို ပြောပြပါမည်။ ၀မ်းပန်းတနည်း ပြောပြသည် ဟူ၍တော့ မထင်စေချင်ပါ။ သမိုင်းမှတ်တမ်းတစ်ခုကို ဖတ်ရသကဲ့သို့ သာ သဘောထားစေ့ချင်ပါသည်။

သမိုင်းထဲမှ ကျန်စစ်သားနှင့် မွန်မင်းသမီးခင်ဦးကဲ့သို့ ကွဲကွာသွားကြခြင်း အကြောင်းကို ဘယ်သူတွေကများ ၀မ်းနည်းခြင်း ရှိကြပါမည်နည်း။

ဘုရင် နရသီဟပတေ့ကို သားတော်ပြည်မင်းသားက လုပ်ကြံလိုက်ခြင်းအတွက်ကော ဘယ်သူတွေကများ စုတ် တသတ်သတ်ဖြစ်ပါလိမ့်မည်နည်း။

သို့ရာတွင် သမိုင်းမှတ်တမ်းဟု ဆိုသောကြောင့် ပြဿနာတစ်ခု ရှိလာလေသည်။

ဓမ္မဓိဋ္ဌာန်ကျသော သမိုင်းအမြင်တစ်ခုကို ရရှိရန်...
ဆန္ဒစွဲ ကင်းရမည်။
ဘက်လိုက်မှု ကင်းရမည်။
သမိုင်းကို လိမ်ညာ၍ မရနိုင်။
လိမ်ညာခဲ့သည် ထားဦး၊ တစ်နေ့နေ့မှာ အလိမ်ပေါ်ရမည် အမှန်။
ကျွန်တော်ကဖြင့် လိမ်လည်း မလိမ်ရဲပါ။
အတတ်နိုင်ဆုံး မှန်ကန်အောင် ကြိုးစားဖို့မှာလည်း မနည်းကြီး ဂရုစိုက်ရပါသည်။

အကြောင်းမှာ...
ဤဇာတ်လမ်းတွင် ကျွန်တော်သည် ပဓာနဇာတ်ကောင်ဖြစ်နေသောကြောင့်ပါ။

ဒါလေးကို သာဓုဝေဖန်ထားပုံလေးက...

'ဟေ့ သုမောင်...ငါ့သား၊ မင်းလူကလဲ အလာကြီးပဲကွ၊ "သမိုင်းမှတ်တမ်းကို လိမ်ညာ၍ မရနိုင်။" စာပေမှာ ဒါတွေ အရေးကြီးတယ်ကွ၊ စာရေးဆရာဆိုတာ ဆွေမျိုးမိသားစုထမင်းစားဖို့၊ ကားစီးဖို့၊ တိုက်ဆောက်ဖို့ လောက်ဆိုတဲ့ စီးပွားရေးလုပ်ငန်း မဟုတ်ဘူးနော်၊ ဒါ မင်းတို့သိတယ်၊ တိုင်းပြည်အတွက်၊ ပြည်သူအတွက်၊ ပြည်သူအတွက် နည်းညွှန်လမ်းညွှန်တင်ပြဖို့နဲ့ အမှားလုပ်နေသူတွေကို "ဒါ...အမှန်တရား" လို့ ထောက်ပြရမယ့် တာဝန်ရှိတယ်၊ အချစ်ဝတ္ထုရေးသကောရယ်လို့ တိုင်းပြည်ရေးရာ မပါစကောင်းဆိုတာ မရှိဘူး၊ သူ့နေရာနဲ့သူ အကွက်ဝင်တာနဲ့ ဒက်ခနဲ တင်ပြဖို့လိုတယ်။''

ဒီစာအုပ်လေးကို မဖတ်ရသေးရင် သာဓုနဲ့သဘာဝအုပ်စုရဲ့ စာတွေကိုလည်း ကြိုက်တတ်တဲ့သူဆိုရင် ဖတ်ကြည့် ပါလို့။ အတွေးဆန်းဆန်းနဲ့ သာဓု အင် ဆန်း၊စ်၊ ပါ။

p.s ဒီစာအုပ်လေးကို ကြိုက်လွန်းလို့သာ ဒီမှာရေးရတာပါ။ ချိုကိုပြောတာဟာ စာအုပ်ရဲ့ ဆယ်ပုံပုံတစ်ပုံတောင် မှီမှာမဟုတ်ပါဘူး။ ချိုကို့စာကြောင့် စာအုပ်ကိုဖတ်ဖူးကြတဲ့ လူတွေ ဒေါသထွက်မယ်ဆိုရင်...
သာဓုမိန်းမက 'ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့' ကို 'ပြုံးစစနဲ့' လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ ချိုကို ဖွင့်လိုက်တဲ့ အဓိပ္ပါယ်က 'စပ်ဖြီးဖြီးနဲ့' တဲ့။ ဒါလေးကိုကြည့်ပြီး ဒီကောင်မလေး အူကြောင်ကြောင်နဲ့ ဆိုပြီး ခွင့်လွှတ်ကြ ပါလို့...

ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ ဖြင့်

ချိုကို

Newer Posts Older Posts Home