မြန်မာပြည်ထဲမှာ သံဃာတော်တွေ သပိတ်ကံပြုကြပါပြီတဲ့။ နေ့စဉ်လှည့်လည် မေတ္တာပို့နေကြတယ်တဲ့။ ကြားရတဲ့သတင်းတွေနဲ့ ဓာတ်ပုံတွေက အားရစရာ၊ ကြက်သီးမွှေးညှင်းထစရာပါပဲ။ ငယ်ငယ်ကတည်းက ကြားဖူးတဲ့ သား ၃ သား မှာ ၂သားကတော့ ပူပေါင်းသွားပြီ။ ကျောင်းသားနဲ့ ဘုရားရဲ့သားတော်တွေနဲ့ပေါ့။ ကျန်တဲ့ ပြည်သူတွေရဲ့သားဖြစ်တဲ့ စစ်သားတွေကရော ဘယ်လိုလဲ ဘာလဲလို့မေးချင်ပါတယ်။ ကိုယ်တွေ့ခံစားနေရတာတွေကို စိတ်လှည့်စားသလို မဟုတ်ဘူးကွ မမှန်ဘူးကွလို့ ရွတ်ဆိုပြီး တကိုယ်ကောင်းသမားတွေရဲ့ အမိန့်ကို နာခံနေကြဦးမှာလားလို့ မေးချင်ပါရဲ့။

၈၈နောက်ပိုင်းမှာ အရွယ်ရောက်လာရတဲ့သူဆိုတော့ သပိတ်မှောက်တယ်ဆိုတာကို ကြားဖူးခဲ့တာကြာပါပြီ။ ဒါပေမယ့် အဓိပ္ပါယ်အတိအကျကို မသိခဲ့ဘူးလေ။ အဒေါ်တစ်ယောက်ဝယ်လာတဲ့ စကားတောင်စားအကြောင်း စာအုပ်ကိုဖတ်မိတော့မှ သပိတ်မှောက်တယ်ဆိုတာဒါပါလားလို့ သိရတော့တယ်။ အဲဒီစာအုပ်လေးထဲမှာ စကားတောင်စားဟာ သူစကားတတ်တိုင်း ဘုန်းကြီးတွေကို လှည့်ပတ်ဆင်ခြေပေးပြီး ဆရာတော်ကြီးတွေဟာ သူ့လောက်ကျမ်းဂန်မနှံ့စပ်ပါဘူး၊ စာမတတ်ပါဘူးလို့ ပြောတယ်ဆိုပဲ။ နောက်ဆုံးဘယ်လိုမှ ပြိုင်မငြင်းနိုင်တော့တဲ့နောက် သာသနာပိုင်ဆရာတော်ကြီးက ခေါင်းဆောင်ပြီး သပိတ်မှောက်ကံဆောင်သတဲ့။ အဲဒီအခါမှာ စကားတောင်စားဟာ တော်တော်ကို တုန်လှုပ်သွားတယ်လို့ဆိုတယ်။ သူ့အတွက်ကုသိုလ်အမှု ဘယ်လိုမှပြုမရတော့ဘူး။ သံသရာအဆက်ဆက် ဒုက္ခရောက်တော့မှာပါလားဆိုပြီး ငိုသတဲ့။ ပြီးတော့ ဘုန်းကြီးကျောင်းကိုပြေး ဆရာတော်တွေကို ၀န်ချတောင်းပန်၊ သပိတ်ကိုပြန်လှန်ပေးဖို့ ရှိခိုးဦးတင်လျှောက်ထားသတဲ့။ သံဃာတွေရဲ့ သပိတ်ကံဘယ်လောက် ကြောက်ဖို့ကောင်းတယ်ဆိုတာ သူသိတယ်လေ။

အခုတော့ မကြောက်တတ်တာလား၊ ဦးနှောက်မကောင်းတော့တာလား၊ စိန်ခေါ်တာလား ဘယ်လိုမှကို စဉ်းစားလို့မရတော့လောက်အောင်ပါပဲ။ ဗုဒ္ဓဘာသာနိုင်ငံမှာမွေးပြီး မိရိုးဖလာကိုးကွယ်တဲ့သူတောင် ဒီလောက်တော့ တွေးတတ်မယ်ထင်ပါတယ်။

သူတို့တွေဘာတွေတွေးပြီး ဘယ်လိုတုံ့ပြန်နေတယ်ဆိုတာ စဉ်းစားရကြပ်လှပါရဲ့။

0 ချက်ခုန်သွားတဲ့ ရင်ခုန်သံ:

Newer Post Older Post Home