ငယ်ငယ်ကလူကြီးတွေက အဖေနဲ့အမေဘယ်သူ့ပိုချစ်လဲ ဆိုရင် စဉ်းစားမနေပါဘူး။ ဖေဖေပေါ့လို့ဖြေမိတယ်။ မေမေကိုယ်တိုင်ကလည်း အပြုံးမပျက် အဖေ့သမီးလေ အဲဒါသာကြည့်တော့ဆိုပြီး ရယ်နေတတ်တယ်။ အစားအသောက်ကြိုက်တာ၊ တွေးခေါ်တာ၊ အကုန်နီးပါး ဖေဖေနဲ့တူတယ်။ ဖေဖေ့ကိုအားကျလို့ လိုက်တူအောင်နေရင်းပဲ တူသွားသလား၊ နဂိုကတည်းကတူနေသလားတော့ ခုထိအဖြေမရသေးဘူး။

တဖြည်းဖြည်း အသက်လေးနည်းနည်းကြီးလာတော့ အမေကိုပိုခင်တွယ်လာတတ်ပြီ။ သမီးမိန်းခလေးတွေ အမေနဲ့ပိုနီးစပ်တာ ဘာကြောင့်ဆိုတာ သဘောပေါက်လာတတ်ပြီ။ အခုလို အိမ်နဲ့ဝေးနေတဲ့အချိန်မှာ မနက်နိုးရင် မေမေ့ရင်ခွင်ထဲ ပြန်မှေးနေရတဲ့အရသာကို မက်မောတတ်ခဲ့ပြီ။ မြန်မာပြည်ခဏပြန်တုန်းက အသက် ၂၀အရွယ်သမီးကို အိပ်ရာနိုးနိုးခြင်း ပေါင်ပေါ်ထိုင်ခိုင်းပြီး ကျေနပ်နေတဲ့မေမေ့ကို လွမ်းတတ်နေပြီ။ ဒီနေ့ဆိုရင် မေမေ့အသက် ၅၃နှစ်ပြည့်ပြီလေ။

စက်မှုကျောင်းဆင်းတစ်ယောက်ပီပီ ဘယ်တော့မှမရဘူးဆိုတာ သူ့အတွက်မရှိစေရဘူး။ ဖြစ်အောင် လုပ်တတ်တဲ့မေမေ။ လူတကာလုပ်နိုင်ရင် ကိုယ်လည်းလုပ်နိုင်ရမယ်။ လုပ်နိုင်ယုံမက သာစေရမယ် ဆိုတဲ့မေမေ။ ဦးသန့်အရေးအခင်းမှာ အိမ်ပြန်မအိပ်ပဲ ထမင်းထုတ်စားခဲ့တဲ့မေမေ။ အထက်ဖားအောက်ဖိ မလုပ်တတ်လို့ အခုထိရသင့်တဲ့ရာထူးကို မရောက်နိုင်သေးတဲ့မေမေ။

ဖေဖေကတော့ ခင်ဗျားတို့အမေက 'အ'လွန်းတယ်တဲ့။ လူတွေနဲ့ပေါင်းတာသင်းတာမှာ ချက်ချက်ချာချာ မရှိဘူးတဲ့လေ။ အမှန်ပါပဲ။ မေမေကလောကွတ်စကား လုံးဝမပြောတတ်တာပါ။ စိတ်ထဲရှိတာကို အမှန်ပြောတယ်။ တုတ်ထိုးအိုးပေါက် ပြောတတ်ပါတယ်။ အဲလိုပြောတတ်သလို မေမေ့စိတ်ကလည်း ဖြောင့်ရှင်းပါတယ်။ ပွင့်လင်းပါတယ်။ ယောက်ျားသားတွေထက်တောင် ဟောဟောဒိုင်းဒိုင်း ပြောတတ်ပါသေးတယ်။

စက်ပစ္စည်းတွေနဲ့ အမြဲလုံးပန်းနေရတဲ့ မိန်းမတစ်ယောက်ပေမယ့် ဖေဖေ့အတွက်တော့ မေမေဟာ မိန်းမဆန်တဲ့ ဇနီးကောင်းတစ်ယောက်ပါ။ ဖေဖေအမြဲပြောတဲ့စကားက မေမေ့ကိုဟင်းချက်ကောင်းလို့ ကြိုက်တာတဲ့။ မေမေဟာဟင်းချက် အလွန်ကောင်းပါတယ်။ ထမင်းဟင်းတင်မကပဲ မုန့်မျိုးစုံလုပ်တတ်သလို၊ အစာတခုကို စားကြည့်ယုံနဲ့ ဘယ်လိုလုပ်တယ်ဆိုတာ မေမေကသိပါတယ်။ လူတိုင်းကိုယ့်အမေလက်ရာကို အကောင်းဆုံးထင်ကြတာချင်းတူတူ မေမေ့လက်ရာကပိုကောင်းတယ်ထင်တာပဲ။ ဟဲဟဲ

မေမေဟာပုံစံကြည့်လိုက်ရင် ရိုးရိုးအေးအေးကြီးလို့ထင်ရပေမယ့် အတွေးအခေါ်မှာ ခေတ်မှီပါတယ်။ သားသမီးတွေအတွက် ခေတ်ကိုမျက်ခြေပြတ်မခံပဲ အမြဲလေ့လာနေတတ်တဲ့သူပါ။ မေမေမှာ တခြားအိမ်နီးနားချင်းအန်တီတွေကို လိုက်မမှီတာတစ်ခုတော့ ရှိပါတယ်။ မင်းသားမင်းသမီးတွေသတင်း၊ ရပ်ကွက်ထဲကအတင်း မေမေတစ်လုံးမှမသိပါဘူး။ သူတို့တွေနဲ့တွေ့လို့များ စကားပြောရင် ဟုတ်လား ဆိုတာတစ်လုံးပဲမေမေပြောနိုင်ပါတယ်။ အဲဒီအခါမှာတော့ မေမေမယှဉ်နိုင်တော့ပြန်ပါဘူး။

မေမေ့မှာရှိတဲ့ အရည်အချင်းတွေကို လေးစားသလို အားလည်းကျမိပါတယ်။ ကိုယ်တိုင်ဝင်ငွေရှာရင်း အိမ်ထောင်ကိုနိုင်နင်းတဲ့ မိန်းမတစ်ယောက်လည်း ဖြစ်ချင်မိပါတယ်။ အလုပ်နဲ့မိသားစုကြားတင် နစ်မနေပဲ ခေတ်ကိုလည်း လေ့လာနိုင်တာကိုတော့ အံ့သြမိပါတယ်။ အလုပ်ကိစ္စတစ်ခုနဲ့တင် တစ်လောကလုံးနဲ့ အဆက်အသွယ် ပြတ်မလောက်ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်ပြန်မြင်မိပြီး ငါမေမေ့ကိုမှီအောင် ဘယ်နှစ်နှစ် လောက်များ ကြိုးစားရပါ့မလဲလို့လဲ စဉ်းစားမိပါတယ်။

ဘယ်လောက်ပဲကြိုးစားပေမယ့် မေမေကတော့အမြဲသာနေမှာပါ၊ ဘာလို့လဲဆိုတော့ သူက ကိုယ့်ကိုမွေးခဲ့တဲ့ အမေကိုး။

မေမေရေ နောင်နှစ်မွေးနေ့မှာတော့ တူတူရှိနိုင်မယ်လို့မျှော်လင့်မိပါတယ်။ မေမေအမြဲစိတ်ချမ်းသာပါစေ။ ဒီနှစ်မွေးနေ့မှာလည်း ပျော်ရွှင်နိုင်ပါစေ။

(အမှန်ကတော့ မွေးနေ့မတိုင်ခင်ချိုကို့ဆီကိုလာဖို့ပါ။ မောင်လေးကိစ္စရယ်၊ နောက်တစ်လကျော်မှာရောက်မယ့် ချိုကို့မွေးနေ့ရယ်ကို ငဲ့ပြီး အခုမလာဖြစ်ပဲ နောက်ကျမှလာဖို့ ပြောင်းလိုက်တာပါ။ မွေးနေ့ကိုတောင် သမီးမွေးနေ့ကို အရင်စဉ်းစားပေးတဲ့အတွက် ကြည်နူးရပါတယ်မေမေ။)

0 ချက်ခုန်သွားတဲ့ ရင်ခုန်သံ:

Newer Post Older Post Home