ဒီနေ့မှာ...
တခါမှမမြင်ဘူးလိုက်တဲ့ အစ်ကိုတယောက်
အန်တီ့အိမ်ကနေပျောက်သွားတယ်။
ဒီနေ့မှာ...
ဆရာဝန်ဖြစ်ချင်တယ်ပြောတဲ့
ဒေါ်လေးရဲ့တစ်ဦးတည်းသောသမီး
လူပုံမပီသွေးအလိမ်းလိမ်းနဲ့ ရင်ခွဲရုံထဲဝင်သွားတယ်။
ဒီနေ့မှာ...
ဒုလ္လဘ၀တ်နေတဲ့ ဘဘုန်းကြီး
သင်္ကန်းမချွတ်နိုင် အလံကိုင်ခဲ့လို့
အင်းစိန်ကိုအလည်သွားရင်း လမ်းမှားကာတမလွန်မြို့
အပြီးပို့ခံလိုက်ရတယ်။
ဒီနေ့မှာ...
တိုင်းပြည်ရဲ့မျက်စိတွေ exportလုပ်ခံလိုက်ရတယ်။
တိုင်းပြည်ရဲ့နားတွေ နယ်နှင်ဒဏ်ပေးခံရတယ်။
တိုင်းပြည်ရဲ့လက်တွေ စွပ်ပြုတ်လုပ်သောက်ခံရတယ်။
တိုင်းပြည်ရဲ့ဘဏ္ဍာ သူခိုးဓားပြတွေ မောင်ပိုင်စီးတယ်။
ဒီနေ့မှာ...
အမေတွေငိုကြရတယ်
ပြန်မလာတော့မယ့် လူမမယ်ကလေးတွေအတွက်။
ဒီနေ့မှာ...
တိုင်းပြည်ကိုဘယ်သူတွေချစ်သလဲ
သွေးစစ်ပွဲကျင်းပခဲ့တယ်။
ဒီနေ့ဟာ...
နောင်တခါလည်လို့လာပြန်ပေါ့
ငါတို့ရော သွေးစစ်ပွဲဝင်ရဲပါ့မလား။
နီရဲ့လားငါတို့သွေး အစစ်အဆေးခံနိုင်ကြသလား...
Subscribe to:
Post Comments (Atom)
MonsterOfRock said...
ဒီမိုကရေစီ အရေးအခင်းတုန်းက မင်းဘာလုပ်ခဲ့သလဲ ဆိုရင် သူများလုပ်သမျှ ထိုင်ကြည့်နေခဲ့ပါတယ် လို့ ဖြေပါမယ်။ ဆန္ဒပြတဲ့ သူတွေ နောက်ကို မလိုက်လို့ အမြင်စောင်းခံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ၁၀၀% ထောက်ခံခဲ့ပြီး ကိုယ့်မြို့ကိုယ့်ရွာက သပိတ်သမားတွေ ဆန္ဒပြ ခေါင်းဆောင်တွေဟာ ကိုယ့်မြို့မှာသုံးစားမရတဲ့ သူတွေ ဖြစ်နေလို့ပါ။ မကြာပါဘူး အာဏာသိမ်းလိုက်တော့ သူတို့ဟာ န၀တဘက်ရောက်သွားပါတယ်။ မျက်နှာလည်းအင်မတန်ပြောင်ပြီး မှင်ကလဲ အင်မတန်သေပါတယ်။ ကျောင်းသားထဲမှာလည်း ကျောင်းထဲမှာ Popularity အတွက် ဒီမိုကရေစီလုပ်သလိုဖြစ်နေပြီး အဲဒီထဲက ၂ ယောက်ဟာ သပိတ်ပြီးသွားတော့ ကိုယ်ဝန်ဖျက်ချရပါတယ်။ ရန်ကုန်မှာ တူတူ ကျောင်းသွားတက်တဲ့ သူငယ်ချင်းက အဲဒီသပိတ်စခန်းမှာ ကျောင်းသားခေါင်းဆောင်လုပ်ပြီး ဒီတီ ဆိုင်ကယ် စီး နဖူးမှာ ခွပ်ဒေါင်း တံဆိပ်ကပ်ပြီး ဆန္ဒပြပွဲထဲ ပါခဲ့တာကို ဘေးကနေပဲ ပြုံးပြနှုတ်ဆက်ခဲ့ပါတယ်။ သူက ချမ်းသာတဲ့မိသားစုကဖြစ်လို့ သပိတ်ပြီးသွားလဲ အိမ်မှာပဲနေပါတယ်။ မိုးကုတ်က လွှတ်တော် ကိုယ်စားလှယ် ကိုဘိုလှတင့် ကတော့ တောထဲရောက်သွားပါတယ်။ သူဘာလဲ ဆိုတာ မသိလိုက်သလို အခု သူဘယ်မှာလဲ ဆိုတာလဲ မသိလိုက်ပါဘူး။ အရှေ့ပိုင်းမှာတော့ အရှိန်အဟုန် ကြီးပါတယ်။ မိုးကုတ်မြိုကို ဒေါ်အောင်ဆန်းစုကြည် လာတော့ သူ့ကားနောက်ကို ပြေးလိုက်ပြီး သူ့ကမ်းပေးတဲ့ လက်ကို အကြာကြီးဆုတ်ကိုင်ရင်း မျက်ရည်တွေ ၀ဲလာဖူးပါတယ်။ သူပြောခဲ့တဲ မိုးကုတ်သူမိုးကုတ်သားတွေလောက် ဒီမိုကရေစီကို မြတ်နိုးမယ်ဆို ရင် ဒီမိုကရေစီ ခရီးက အနီးလေးမှာလို့ပြောခဲ့တဲ့စကားကိုမမေ့ပါဘူး။ ၁၉၉၅ မှာ အကျယ်ချုပ်က လွတ်လာတော့ သူ့အိမ်ရှေ့ကတရားပွဲတွေကို တစ်ရက်မပျက် အားပေးခဲ့တာ နောက်ဆုံး စည်းဝေးခွင့် ပိတ်ခဲ့တဲ့ တနင်္ဂနွေ တစ်ရက်ကလွဲလို့ပါပဲ။ အဲဒီထဲက ဒီမိုကရေစီ ဦးဦးဒေါ်ဒေါ်တွေနဲ့ မျက်မှန်းတမ်းမိပြီး သံယောဇဉ်တွေ တောင်ဖြစ်ခဲ့ပါတယ်။ ဒီနေ့ထိလဲ ဒီမိုကရေစီအရေးအတွက်ဘာမှလုပ်မပေးခဲ့ရသေးပါဘူး။ လုပ်ပေးဖို့ကတော့ အမြဲအဆင်သင့်လိုဖြစ်နေပါတယ်။
August 10, 2007 at 2:29 AM
Chocolaier said...
ဟုတ်ကဲ့။ ချိုကိုလည်း ၈၈အရေးတော်ပုံတုန်းက ဘာမှန်းမသိတဲ့ မူကြိုကျောင်းသူပါ။ ဖေဖေ့ပုခုံးပေါ်ထိုင်ပြီး တရားပွဲတွေသွားခဲ့တာပဲ ခပ်ရေးရေးမှတ်မိတော့တယ်။ ကိုယ်တိုင်ဘာမှမလုပ်ပေးနိုင်တာခြင်းလည်း တူတူပါပဲ။ လိုအပ်လာခဲ့ရင်တော့ အဆင်သင့်ရှိအောင်ကြိုးစားနေပါတယ်။
August 10, 2007 at 2:36 AM