အချိန်ကတော့ ဒုတိယကမ္ဘာစစ်မီးမြန်မာပြည်ကို ကူးစက်ချိန်ပေါ့။ သူ့နာမည်က ချိုတကူး။ အသက်ကတော့ ၁၃နှစ်။ ကုလားလူမျိုးတွေမြန်မာပြည်က ပြေးကြတော့ သူတို့မိသားစုလဲ သင်္ဘောနဲ့ပြေးဖို့လုပ်ကြတယ်။ ချိုတကူးနဲ့ သားအဖသုံးယောက် ဈေးဝယ်နေတုန်းမှာ အမေနဲ့ညီမကိုတင်ထားတဲ့ မြန်မာပြည်ကထွက်မယ့် နောက်ဆုံးသင်္ဘောဟာ ကမ်းကခွာသွားတယ်။ သားအဖ၃ယောက် အူလည်လည်နဲ့ ကျန်ခဲ့ပြီး ရရစားစားလုပ်ကိုင်စားသောက်ကြတယ်။ ၀မ်းရောဂါတွေဖြစ်တော့ ချိုတကူး အဖေနဲ့အစ်ကို ရှေ့ဆင့်နောက်ဆင့် ဆုံးကြတယ်။ ၁၃နှစ်ကျော်ကျော် ၁၄နှစ်သား တစ်ကောင်ကြွက်ချိုတကူးပေါ့။
သူ့က ဘယ်တော့မှကြာရှည်စိတ်မညစ်တတ်၊ အိမ်တွေရဲ့ခိုင်းတာတွေကိုလည်း မငြီးမငြူလုပ်ပေးတတ်တော့ ထမင်းတနပ်နဲ့ အ၀တ်တထည် သူ့အတွက်မရှားဘူးပေါ့။ သူကိုယ်တိုင်က ပျော်သလိုနေတတ်တော့ ပတ်ဝန်းကျင်ကလည်း ထူးပြီးသနားမနေတော့ဘူး။ ငယ်ငယ်ရွယ်ရွယ်မိဘမဲ့ တစ်ကောင်ကြွက်လေး ဆိုတာလောက်ပဲ စကားအဖြစ်ပြောကြတော့တယ်။
ဒီလိုနဲ့ ဦးသုခရိုက်တဲ့ ‘ဂုဏ်ရည်မတူ’ ဇာတ်ကားကို ချိုတကူးသွားကြည့်မိတယ်။ ရုပ်ရှင်ထဲက မေသစ်ကို သနားလို့တဲ့ သူ့ခမျာ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့။ ပြန်ထွက်လာတော့လည်း မေသစ်သနားစရာကောင်းကြောင်း ပြောမဆုံးနိုင်။
ဒါကတော့ ချိုတကူးနဲ့ဂုဏ်ရည်မတူ ဆိုတဲ့ ဆရာအောင်သင်းရဲ့ ဆောင်းပါးကို ဖေဖေပြန်ပြောသလောက် မှတ်မိတာလေးပါ။ ဆရာကတော့ တကယ့်အဖြစ်နဲ့ ရုပ်ရှင်မှာ ရုပ်ရှင်ကိုလူတွေပို ခံစားတတ်ကြတာ အနုပညာရဲ့အစွမ်းလို့ ပြောချင်တာထင်ပါတယ်။
ကိုယ်တိုင်သနားစရာဖြစ်နေတဲ့ဘ၀ကိုမမြင်ပဲ သူများကိုစုပ်တသတ်သတ်လုပ်နေရင်တော့ ဖေဖေက ချိုတကူးနဲ့ဂုဏ်ရည်မတူဟေ့ လို့ပြောတတ်ပါတယ်။ မေမေ့ကိုစချင်၊ နောက်ချင်ရင်လည်း ပြောတတ်ပါတယ်။ အထူးသဖြင့် ဇာတ်လမ်းတွေထဲက အမေတွေသားကိုအရမ်းချစ်ပြလို့ မေမေကဝေဖန်ရင် “ခင်ဗျားတို့အမေ ချိုတကူးလေ ကြည့်ကြည့်” ဆိုပြီးစတတ်ပါတယ်။
ဒီစကားလေးကိုအခုတလော ပြန်သတိရနေမိတယ်။ ကိုယ်တိုင် ချိုတကူးခဏခဏဖြစ်ပြီး သူများအပူကို လိုက်ပူပေးမိတဲ့သူတွေကို တွေ့တွေ့နေရလို့ထင်ပါရဲ့။
တရားဆွေးနွေးတဲ့သူတွေကို မြင်ရင်ပိုပြီးသတိရမိတယ်။ တကယ်ဆွေးနွေးတဲ့သူကနည်းပြီး နိုင်အောင်ငြင်းချင်တဲ့သူ၊ ငါပြောတာမှမှန်တာဆိုတဲ့ သူတွေကိုကြည့်ပြီး သူတို့ဘ၀က ချိုတကူးထက်ဆိုးပါလားလို့။ သူတပါးကိုအယူမမှားအောင် ကိုယ်တိုင်ဒေါသတွေအဖြစ်ခံပြီး ငြင်းခုန်ပေးနေကြရှာတယ်လေ။
အမှန်တော့ဘယ်သူ့ကိုမှ ပြောချင်တဲ့ဆန္ဒမရှိပါဘူး။ ရုတ်တရက်စိတ်ထဲပေါ်လာတဲ့အတွေးလေး ရေးချမိတာပါ။ သူတို့ကိုပြောမိလို့ ကိုယ်တိုင်ရော ချိုတကူးဖြစ်နေပြီလား။ သေချာဆန်းစစ်ကြည့်ဦးမှထင်ပါရဲ့။
အကန့်လေးတွေ စာအုပ်များအကြောင်း, ဒဿန
0 ချက်ခုန်သွားတဲ့ ရင်ခုန်သံ:
Post a Comment