ဒီနေ့တော့ ပုံပြင်လေးတပုဒ်ပြောချင်ပါတယ်။ ပုံပြောရင် မောင်ညီမလေးတို့ရေ...လို့ စပြောရတယ်တဲ့။ အဲလိုလေးပဲစလိုက်ရအောင်နော်။ :P

မောင်ညီမလေးတို့ရေ...

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ ကောင်းကင်နက္ခတ်ပညာကို တဖက်ကမ်းခတ်အောင်တတ်တဲ့ ပညာရှိကြီးတစ်ယောက်ရှိသတဲ့။ သူဟာ ကောင်းကင်ကကြယ်တွေ၊ ဂြိုလ်တွေကိုကြည့်ပြီး ဘယ်နေ့မှာတော့ မိုးရွာမယ်၊ ဘယ်နေ့မှာတော့နေသာမယ် ဆိုပြီးဟောကိန်းတွေ ထုတ်နိုင်သတဲ့။ သူဟောတာတွေကလည်း မှန်တော့လူတွေက သူ့ကိုအရမ်းကိုလေးစားကြသတဲ့။ တော်လိုက်တဲ့ပညာရှင်ကြီးပေါ့လေ။ သူကိုယ်တိုင်ကလည်း လူတွေချီးကျူးတာကို သာယာနေတာပေါ့။ တော်သထက်တော်အောင်လည်း အမြဲလေ့လာနေသတဲ့။ နက္ခတ်ဆုံတဲ့တစ်ညမှာ ပညာရှင်ကြီးလည်း ကောင်းကင်ကိုကြည့်ရင်း လမ်းလျှောက်ထွက်လာသတဲ့။

သူဟာကောင်းကင်က ကြယ်တွေကိုကြည့်ရင်းလျှောက်လာလိုက်တာ တစ်နေရာအရောက်မှာ တော်တော်နက်တဲ့ တွင်းကြီးတစ်ခုထဲကို ပြုတ်ကျသွားသတဲ့။ တွင်းကလည်းနက် ပြုတ်ကျထားတဲ့ ဒဏ်ရာကလည်းနာ ဆိုတော့ ပြန်မတက်နိုင်ပဲ ကယ်တော်မူကြပါ ဆိုပြီးပဲအော်နေရတာပေါ့။

ညလယ်လောက်ရောက်တဲ့အခါ အမဲပစ်ထွက်လာတဲ့ မုဆိုးတစ်ယောက်က အော်သံကြားလို့တွင်းဝကနေ ငုံ့ကြည့်ပြီးမေးလိုက်တယ်။
"တွင်းထဲကအော်နေတာ ဘယ်သူလဲဗျို့"

နက္ခတ်ပညာရှင်ကြီးဟာ ၀မ်းသာအားရပဲ
"ကျုပ်ဟာဒီတိုင်းပြည်မှာ အလွန်နာမည်ကြီးတဲ့ နက္ခတ်ပညာရှင်ပဲဗျ၊ တွင်းထဲပြုတ်ကျလို့ ကူညီပါဗျာ"
ဆိုပြီး သူဘယ်လောက်တော်ကြောင်း၊ ပြည်သူပြည်သားတွေ သူ့ကိုဘယ်လောက်လေးစားကြကြောင်း သူ့ကိုကူညီတဲ့အတွက် အကျိုးမနည်းစေရကြောင်းတွေ ရေပက်မ၀င်အောင်ပြောသတဲ့။

အဲဒီတော့ မုဆိုးကြီးက "ဒီလောက်ကြီးတဲ့တွင်းဗျာ၊ ခင်ဗျားမမြင်ဘူးလား" လို့ပြန်မေးလိုက်တယ်။

နက္ခတ်ပညာရှင်ကြီးက "ကျုပ်မှာဗျာ လူတွေအတွက် ကောင်းကင်ကိုပဲ ဂရုစိုက်ပြီးကြည့်လာတာ မြေကြီးတောင်ငုံ့မကြည့်အားပါဘူး"
လို့ပြန်ဖြေတယ်တဲ့။

အဲဒီစကားကိုကြားတဲ့ မုဆိုးကြီးလည်း "ခင်ဗျားက လမ်းသွားတာမြေပြင်မကြည့်ပဲ ကောင်းကင်မော့ကြည့် နေမှတော့ တွင်းထဲကျတာတောင်နည်းသေးတာပေါ့" လို့ပြောပြီး တောထဲကိုဝင်သွားပါလေရောတဲ့။
ပုံပြင်လေးကတော့ဒါပါပဲကွယ်...

ဒါလေးကိုသတိရမိတော့ ကိုယ်တိုင်ရော အပေါ်မော့ကြည့်ပြီးများ လမ်းလျှောက်နေမိသလားလို့။ အဲလိုလျှောက်မိလို့ တွင်းထဲကျနေရင်လည်း တွေ့တဲ့သူ ဆွဲတင်ပေးသွားကြပါနော်လို့။

0 ချက်ခုန်သွားတဲ့ ရင်ခုန်သံ:

Newer Post Older Post Home