ပထမတင်လိုက်တဲ့ စာကနည်းနည်းတိုနေလို့ ကလေးအတွေး ဟာသလေးတွေ ထပ်တင်လိုက်ပါတယ်။ Reader's Digest ကပါ။

မတက်နဲ့...
ဝိတ်လျှော့ရေး ကြိုးစားနေကြသူများ အစည်းအဝေးအပြီးမှာ ဥက္ကဋ္ဌဟာ အသင်းဝင်တစ်ဦးရဲ့ ကလေးငယ် တစ်ယောက် ပေါင်ချိန်စက် ပေါ်တက်နေတာကို တွေ့လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သူ့ထက်အသက် အနည်းငယ်ပဲကြီးမဲ့ အစ်ကိုလို့ထင်ရတဲ့ ကလေးက လှမ်းအော်ပါတယ်၊ "မတက်နဲ့ကွ။ အဲဒါက လူတွေကို ငိုအောင်လုပ်တယ်"တဲ့။ ။ ။

တူတာတခုကတော့...
အသက် ၁၀နှစ်ရှိတဲ့ လော်ရီကလေးကို မင်းအဖေနဲ့ အမေမှာ သဘောထားချင်းတိုက်ဆိုင်တာ ဘာတွေရှိလဲလို့ မေးပါတယ်။သူက "တူတာကတော့ နှစ်ယောက်လုံး နောက်ထပ်ကလေးမယူပါရစေနဲ့တော့တဲ့"။ ။ ။

ဘာလုပ်ကြသလဲ...
ပထမဆုံးချိန်းတွေတဲ့ အခါ စုံတွဲတွေဘာလုပ်ကြသလဲ။
တော်တော်များများက လိမ်ပြောကြတယ်။ အဲလိုနဲ့ပဲ တစ်ယောက်နဲ့ တစ်ယောက်နောက်တစ်ခါ ထပ်တွေ့ဖို့ စိတ်ဝင်စားသွားကြရောတဲ့။ ဖြေတဲ့သူက ၁၀နှစ်သား မာတင်ပါ။

နောက်ဆုံးတစ်ခုကတော့ အိမ်ကမောင်လေးရဲ့ ဂန္တ၀င်ဟာသပါ။
မေမေနဲ့ဖေဖေဟာ သားသမီးတွေအတွက် အကုန်အကျများကြောင်း ညည်းငြူ နေပါတယ်။အဲဒီအချိန်မှာ ချိုကိုက ၀င်ပြောလိုက်တယ် "ဒါကြောင့်ဘယ်တော့မှ ကလေးမမွေးဘူး" လို့။အဲဒီတော့ မောင်လေးက "ဟာ၊ ဘယ်ဖြစ်မလဲ၊ ကလေးမရှိရင် စိတ်တိုတဲ့အခါ၊ ဒေါသထွက်တဲ့အခါ ဘယ်သူ့ကို ဆူမလဲ" တဲ့။

အဲလိုလွတ်လွတ်လပ်လပ် စိတ်ထဲရှိတာ ပြောလို့ရတဲ့အချိန်လေးကို လွမ်းမိတယ်။ အခုတော့ ဟန်ဆောင်မျက်နှာဖုံးနဲ့ မပြုံးချင်လည်းပြုံး၊ ပြုံးချင်လည်းပြုံး...

ဒီအကြောင်းကို ရေးမလို့စဉ်းစားထားတာ ကြာပါပြီ။ ဒါပေမယ့် ကိုယ်တိုင်လည်းတခါတလေ မှားတတ်၊ လွဲတတ်လို့ ရေးဖို့လက်တွန့်နေခဲ့တာ။ ဘာအကြောင်းလည်း ဆိုတာတော့ ဖတ်ကြည့်ရင် သဘောပေါက်ကြမှာပါ။

တနေ့က အိမ်မှာရှိတဲ့ Primary တက်နေတဲ့ မောင်ဝမ်းကွဲလေးနဲ့ အေးဆေးစကားပြောဖြစ်ပါတယ်။ ခါတိုင်းဆိုသူက ဂိမ်းဆော့နေတာနဲ့ ကိုယ်ကလည်း ကွန်ပျူတာသုံးနေတာဆိုတော့ အမှတ်တမဲ့ပါပဲ။ တနေ့ကတော့ နေ့ခင်းဖက်ပျင်းလည်းပျင်းတာနဲ့ သူဂိမ်းဆော့တာထိုင်ကြည့်ရင်း စကားပြောကြတော့ ဗမာစကားတော်တော်များများကို သူမေ့နေပါပြီ။ သူဒီကိုရောက်တာ တစ်နှစ်သာသာလေး ပဲရှိပါသေးတယ်။ ဒါပေမယ့် စကားတော်တော်များများကို သူမမှတ်မိတော့ပါဘူး။ သူနဲ့စကားပြောရတာ တော်တော်လည်း ရယ်ရပါတယ်။ သူဆော့နေတဲ့ဂိမ်းထဲက အကောင်တွေက ကြောက်ဖို့ကောင်းတယ် ဆိုတာကို “အကောင်တွေက ထိတ်လန့်စရာကြီးနော်" တဲ့။ သူ့ခမျာ စကားနဲ့ စာနဲ့ မခွဲတတ်တော့ဘူး ဖြစ်နေတယ်။ ဒါတောင် အိမ်မှာဆို ဗမာလိုပဲပြောကြတာပါ။ အသုံးနည်းတဲ့ စကားလုံးတွေသူမမှတ်မိတော့ပါဘူး။ ကြာရင်ဗမာစကားကို တော်တော်ခက်ခက်ခဲခဲ ပြောယူရမယ့်ပုံရှိပါတယ်။ ဒါက ကလေးတစ်ယောက်ရဲ့ တကယ်မမှတ်မိတော့လို့ မှားတာပါ။

ဒါပေမယ့် တချို့သောသူတွေကတော့ ဖက်ရှင်လုပ်ပြီးကို မေ့ချင်ယောင် ဆောင်နေကြပါတယ်။ နိုင်ငံခြားမှာနေတာကြာလို့ ဗမာလိုတောင် မေ့နေပြီဆိုတာကို ဂုဏ်ယူပြီးပြောတတ်ကြပါတယ်။ အဲလိုလူတွေများလာရင် ဗမာစကားရဲ့ အခြေအနေရင်လေးစရာပါ။ အမျိုးထဲမှာ တစ်ယောက်ရှိပါတယ်။ နိုင်ငံခြားမှာနေတာ ၄နှစ်လောက်ရှိပါပြီ။ ၁နှစ် တစ်ခါ မြန်မာပြည်ပြန်လည်ပါတယ်။ သူက ပန်းဝယ်ချင်တာကို ပန်းသည်ကိုတောင် မခေါ်တတ်တော့လို့ပါတဲ့။ ပန်းသည်ကို ဘယ်လိုလှမ်းခေါ်လိုက်ရမလဲတဲ့။ အနားရှိတဲ့သူတွေတော့ ဘယ်လိုနေသလဲမသိပါဘူး၊ တဆင့်ပြန်ကြားရတဲ့သူတော့ တော်တော်ကို နားကြားပြင်းကပ်ရပါတယ်။ နောက်ပြီး ၀က်သားကိုလည်း သူ့ခမျာ “၀က်သာ” ပါတဲ့။ စကားမပီလို့ သူကတိုင်းရင်းသူလေးလားလို့တော့ မထင်လိုက်ကြပါနဲ့။ ဗမာပြည်မှာနေတုန်းက ၀က်သားကို ၀က်သားလို့ ပီပီသသပြောခဲ့တဲ့ ဗမာစစ်စစ်ကြီးပါ။ အင်း ဖက်ရှင်ထွင်ကြတာများ လွန်လှပါလားလို့။

အရင်ကတော့ နိုင်ငံခြားကပြန်လာလို့ မြန်မာလိုမပြောတတ်ရင် ဘိလပ်ပြန် မောင်သောင်းဖေ ဆိုပြီးဝိုင်းစကြ၊ နောက်ကြပါတယ်။ အခုတော့ ဒါကိုပဲ လူအထင်ကြီးစရာကြီး တစ်ခုလိုဖြစ်နေကြတာ နားမလည်နိုင်အောင်ပါပဲ။ ချိုကိုလည်း တခါတလေမေ့ပါတယ်။ မြန်မာလိုက အမြဲတမ်းပြောနေရတာမဟုတ်တော့ တချို့စကားလုံးတွေကို တော်တော်စဉ်းစားရပါတယ်။ ဒါပေမယ့် အဲဒါကိုတော့ မကြွားချင်ပါဘူး။ ဗမာဖြစ်ပြီး ဗမာစကားမတတ်တာ ကြွားစရာ မဟုတ်ဘူးလို့ထင်ပါတယ်။ ကျောင်းနေခဲ့တုန်းကလည်း တော်တော်တွေ့ပါတယ်။ စကားပြော မှားကြတာတွေ။ ကိုယ်တိုင်ကလည်း မနေနိုင်တော့ ပြင်ပေးမိတယ်။ သူတို့ကခေါ်ကြတယ်၊ စကားတောင်စားတဲ့။ ကိုယ်ကမှမနေတတ်တော့ ပြောလည်းခံရုံရှိတော့တာပေါ့။

မှတ်ချက်။ ။ တမင်ဘန်းစကားအနေနဲ့ပြောကြတဲ့ ရေချမ်းချမ်းတစ်ခွက်တို့လို စကားမျိုးကိုမဆိုလိုပါ။

ဒီခေါင်းစဉ်လေးကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်းအနိစ္စ ရောက်တာနဲ့ စိတ်များ ကတောက်ကတက်ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။

“ဘုန်းဘုန်း တာ့ တာ” ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲဖြစ်ဖြစ် “တာ့-တာ” လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။

မြို့ပေါ်တွင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့-တာက တောကြိုအုံကြားအထိ ပျံ့နှံ့ ဆင်းသက်လို့ နေပါတယ်။

ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီး နှုတ်ဆက်စရာစကား တစ်ခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်း ဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။

“တာ့-တာ” ဆိုတာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပါယ်ရှိတယ် ဆိုတာကို ဇာစ်ဇာစ်မြစ်မြစ်သိကြတာလဲ မဟုတ်ပါဘူး။ နို့ပေမယ့် လက်ကလေးလှုပ်ပြပြီး တွေ့ကရာလူကို “တာ့-တာ” နေကြပါတယ်။ တချို့ကများ ကဲသထက်ကဲပြီး “ဘိုင့်ဘိုင် - တာ့တာ - ချဲရီးယို” အထိ လုပ်နေကြလေရဲ့။

ကျွန်မတို့ငယ်ငယ်တုန်းကတော့ အိမ်တစ်အိမ်ကပြန်တော့မယ်ဆိုရင် အမေကသင်တာ လူကြီးတွေကို “ဦးတင်ပါသေးရဲ့” လို့ ပြောပြီး နှုတ်ဆက်ခဲ့ရမယ်တဲ့။ နည်းနည်းကြီးလာတော့ “ကျွန်မကို ခွင့်ပြုပါဦး” လို့ နှုတ်ဆက်ခဲ့ရတယ်။ နောက်တော်တော်ကြီးလာပြန်တော့ “ပြန်ပါဦးမယ်နော်” လို့ ပြောရတယ်။ ဒါမြန်မာ့နှုတ်ဆက်နည်း ဖြစ်မှာပါပဲ။ ခုခေတ်လို လက်ကလေးပြပြီး “တာ့-တာ”လို့ ဆိုမိရင် အမေက လက်များပုတ်ချမလား မသိဘူး။ ပြီးတော့ “ဘာလဲ ညည်းတို့စကားက တာတယ်ဆိုတာ ကောင်းမှတ်လို့ လူထဲသုံးနေရတာလား” လို့ ငေါက်မှာ အမှန်ပါပဲ။

မြန်မာစကားက လူပေါ်စ အဆင့်မျိုး မဟုတ်ပါဘူး။ ကြွယ်ဝပါတယ်။ ဝေါဟာရ မဆင်းရဲပါဘူး။ လူကြည့်ပြီး အသက်နဲ့အလိုက် ဂုဏ်သိက္ခာနဲ့အလိုက် သုံးနှုန်းပြောဆိုရတဲ့စကားမျိုးပါ။ ဒီလိုယဉ်ကျေးမှုဟာ လူမျိုးတိုင်း မှာတောင် မရှိပါဘူး။ လူ့ယဉ်ကျေးမှု သမနိရှည်လှတယ်ဆိုတဲ့ တရုတ်တို့လို လူမျိုးအချို့မှာသာ ရှိတာပါ။
အဖေလုပ်တဲ့လူအပေါ်ကို ကိုယ်ဘယ်လောက်ကြီး မကျေလည်ပေမယ့် “မင်းကလဲကွာ” လို့ မြန်မာစကားက ပြောလို့မရပါဘူး။ “ခင်ဗျားကြီးကလဲဗျာ” လို့ ပြောမိရင်တောင် “အဖေကို ခင်ဗျားလုံးကြီး ရိုက်ပြောတာ ရိုင်းလိုက်တာ” လို့ ဆိုပါသေးတယ်။ “ယူကလည်း ဂွကျလိုက်တာ” လို့ ပြောချင်လို့လည်း မဖြစ်ပါဘူး။ “အဖေကလည်း အဖေရာ” ဆိုတာမျိုးကို အလွန်ဆုံးပြောရတာပါ။ မြန်မာမှာ ကိုယ်ကပြောချင်တဲ့လူနဲ့ တန်ရာဝေါဟာရကို ရွေးပြီး သုံးစွဲရပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုပဲ။

ခုတော့ ရည်းစားလည်း “တာ့-တာ”၊ သူငယ်ချင်းလည်း “တာ့-တာ”၊ ဘုန်းကြီး ရဟန်းလည်း “တာ့-တာ” တဲ့။ ဘယ်လိုများ ဖြစ်နေကြတယ် မသိပါဘူး။

ကျွန်မတို့ မိုးကုတ်သွားလည်ကြတော့ မိတ်ဆွေတွေကို ပြန်မယ်လို့ နှုတ်ဆက်တဲ့အခါ အိမ်တိုင်းက ပြန်နှုတ်ဆက်တဲ့စကားက “ဖြည်းဖြည်း ပြန်ပါရှင်” တဲ့။ ဒါဟာ ပြန်ခါနီး လူကို မိုးကုတ်က နှုတ်ဆက်တဲ့စကားပါ။ မိုးကုတ်မှာ လမ်းတွေက မြေပြင်လမ်း မဟုတ်ဘူး။ အတက်အဆင်း၊ အကွေ့အကောက်တွေ၊ ကားနဲ့ခရီးသွားရတာ၊ ကားအမြန်မောင်းရင် အသက်အန္တရာယ်နဲ့ တွေ့ရတာ၊ တွေ့ပေါင်းလည်း မရေတွက်နိုင်ဘူး။ ဒါကြောင့် သူတို့ဆီမှာ ခွဲခါနီး နှုတ်ဆက်တဲ့ လူတိုင်းကို “ဖြည်းဖြည်းပဲပြန်ပါ” လို့ နှုတ်ဆက်မှာ မှာတာထင်ပါရဲ့။ မေတ္တာစေတနာ ကရုဏာအပြည့်နဲ့ နှုတ်ဆက်လိုက်တဲ့ စကားမို့ ကြားရသူရဲ့ နားထဲမှာ ချမ်းမြေ့ကြည်နူးလိုက်တာ။ တာ့-တာ နဲ့ မကွာလား။

မြန်မာမှာ နှုတ်ဆက်စကားတွေ ကြွယ်ကြွယ်၀၀ ရှိပြီးသားပါ။

လူထုဒေါ်အမာ(သောင်းပြောင်းထွေလာမဂ္ဂဇင်း)


-----။-----
ဒါလေးကို ဖတ်မိတော့ ကိုယ်တိုင်ကလည်း တာ့-တာ နေမိတာကို သတိရပါတယ်။ ဘယ်တုန်းက စသုံးခဲ့မှန်းမမှတ်မိပေမယ့် ဘိုင့်ဘိုင် လို့မပြောပဲ တာ့တာ လို့ပြောလာတာ တော်တော်ကြာပါပြီ။ သိမိသလောက်တော့ တာ့တာဆိုတာ British အသုံးပါ။ “Ta Ta” လို့ သူတို့စာလုံးပေါင်းကြပါတယ်။ ဒါပေမယ့် စာလုံးရဲ့အတိအကျ အဓိပ္ပါယ်ဆိုပြီးတော့ ရေးသားထားတာတော့ မတွေ့မိသလိုပါပဲ။ ကလေးတွေ အဖွားကို “Na Na” လို့ခေါ်သလို ကလေးပြောတာကို လိုက်တုပြောကြတဲ့ နှုတ်ဆက်စကားလို့ထင်ပါတယ်။

တာ့တာဆိုတဲ့ စကားလေးကို ကြိုက်ပါတယ်။ ဒါပေမယ့် အဖွားမာ ပြောသလို နေရတကာတိုင်း တာ့တာနေတာတော့ တော်တော်ကြားရဆိုးပါတယ်။ အမှန်ပါပဲ။ ငယ်ငယ်ကပြန်မယ်ဆိုရင် အိမ်ကလူကြီးတွေ ပြောခိုင်းတာက “အန်တီ၊ဦး ပြန်လိုက်ပါဦးမယ်ရှင်”။ အဖွားမာပြောသလို “ဦးတင်ပါသေးရဲ့” ဆိုတာလေးကို အရမ်းသဘောကျမိပါတယ်။ မိုးကုတ်ကပြောတဲ့ ‘ဖြည်းဖြည်းပြန်ပါရှင်” ဆိုတဲ့ စကားလေးကိုလည်း နှစ်သက်မိပါတယ်။ အခုတော့ ဆရာ၊ဆရာမ အိမ်သွားလည်ပြီး ပြန်လဲ တာ့တာ၊ အဖိုးအဖွားအိမ်လည်း တာ့တာ။ ရင်းနှီးတဲ့ ဦးပဇင်းတချို့ကိုတောင် တာ့တာ လုပ်ကြတာ မြင်ဖူးပါတယ်။
လူထုဦးလှရဲ့ တပည့်တော်မကြွပါဦးမယ်ဘုရား ဆိုတဲ့ ပုံပြင်လေးကိုပါ ထပ်ပြီးသတိရမိ ပါတယ်။
-----။-----
ရွာတစ်ရွာမှာ သားအမိ၊သားအဖ သုံးယောက်ရှိသတဲ့။ တစ်မိသားစုလုံးဟာ ဘာသာတရားကိုင်းရှိုင်းပြီး ရွာဦးကျောင်းရဲ့ နေ့စဉ်ဆွမ်းတကာ၊တကာမတွေပေါ့။ သမီးဖြစ်သူဟာ နေ့စဉ်ဆွမ်းချိုင့်ပို့တဲ့ ကုသိုလ်ကို ယူသတဲ့။ ဆရာတော်ကြီး ဆွမ်းဘုဉ်းပေးတာကို ကြည်ကြိုပြီးမှ ဆွမ်းချိုင့်အလွတ်ကိုယူပြီး ပြန်တာပေါ့။ အဲဒီကောင်မလေးဟာ ပြန်ခါနီးတိုင်း ဆရာတော်ကြီးကို “တပည့်တော်မ ကြွပါဦးမယ် ဘုရား”လို့ နေ့တိုင်းလျှောက်တယ်တဲ့။ ဆရာတော်လည်း ဒီကလေးမ မဟုတ်သေးပါဘူး။ သူ့အမေလာမှ ပြောဦးမှပါ။ မသိလို့နေပါလိမ့်မယ် လို့ တွေးသတဲ့။

ဒီလိုနဲ့ တရက်မှတော့ သမီးဖြစ်သူမအားတာနဲ့ အမေကိုယ်တိုင်ဆွမ်းချိုင့် လာပို့သတဲ့။ ဆရာတော်လည်း ဒီတခါတော့ ပြောလိုက်မှပဲ ဆိုပြီး “တကာမကြီး၊ တကာမကြီး သမီးဟာ ဘုန်းကြီးကို ပြန်ခါနီးတိုင်း တပည့်တော်မ ကြွပါဦးမယ် ဘုရား လို့ချည်းလျှောက်နေတယ်ကွယ့်”လို့ ပြောလိုက်သတဲ့။ အမေလုပ်တဲ့သူဟာ အရမ်းကို ဒေါသထွက်သွားသတဲ့။ ရှက်လည်းရှက်သွားတာပေါ့။ ဒါနဲ့ပဲ ဆရာတော်ကို “တင်ပါ့ဘုရား၊ တပည့်တော်မ အပြစ်ပါပဲ၊ နောက်ဆို အဲလို မိန့်တော်မမူအောင် ဆုံးမလိုက်ပါ့မယ် ဘုရား”လို့ ပြန်လျှောက်သတဲ့။ ဆရာတော်လည်း ဘာပြန်ပြောရမှန်းကို မသိတော့ဘူးပေါ့ကွယ်။ နောက်ဆုံးတော့ တကာကြီးကို ပြောမှပဲလို့ စဉ်းစားမိသတဲ့။

ဥပုသ်နေ့မှာတော့ ဆွမ်းတကာဟာ သီလယူဖို့ ကျောင်းကိုလာပါတယ်။ ဒီအချိန်မှာ ဆရာတော်ကြီးက သီလမပေးခင် တကာကြီး၊ တကာကြီးသမီးက ဒီလိုလျှောက်လို့ တကာကြီးဇနီးကို ဘုန်းကြီးမိန့်တာကို ဇနီးက ဒီလိုပြန်ပြောသကွဲ့လို့ အကြောင်းစုံရှင်း သတဲ့။ အဲဒီအခါမှာ ဆွမ်းတကာဟာ ဒေါသထွက်လွန်းလို့ သီလတောင်မယူနိုင်ပဲ ဘုန်းကြီးကို အမြန်လျှောက်ပြီး အိမ်ကို ဒေါနဲ့မောနဲ့ ပြန်သွားသတဲ့။ သူဆရာတော်ကို လျှောက်သွားတာက “ဒီလောက်ဖြစ်လှတဲ့ သားအမိ နောက်ဆို အရှင်ဘုရားကျောင်းဝင်းထဲ ခြေတော်ရာတောင် မချစေရပါဘူး ဘုရား”တဲ့။
လူထုဦးလှ(ကျောင်းကန်အနီးမှ မြန်မာပုံပြင်များ)
-----။-----
TA TA ဆိုတာလေးကို ရှာကြည့်တော့ ဒီနှစ်ခုပဲ တိတိကျကျတွေ့ရပါတယ်။
တာ့-တာ ၁
တာ့-တာ ၂

ဘလော့ကိုလာဖတ်တဲ့ သူတွေကပြောတယ်။ စာရေးကြဲတယ်တဲ့။ မပျင်းနဲ့တဲ့။ ဟုတ်ကဲ့ ပျင်းတာတော့အမှန်ပဲ။ ဒါပေမယ့် စာရေးကြဲတာ ပျင်းတာတစ်ခုထဲကြောင့်တော့ မဟုတ်ပါဘူး။ ဘာရေးရမှန်းကို မသိလို့ပါ။

သူများတွေရေးကြသလို ကဗျာ ရေးရအောင်လည်း မော်ဒန်ကဗျာဆိုတာကို ဖတ်ရင်တောင်နားမလည်တာ။ ကိုယ်တိုင်ရေးဖို့ဆို ဝေလာဝေး။ ဒါဆို ကာရံနဲ့ကဗျာရော... ပိုဆိုးပါသေးတယ်။ ကာရံလှလှမယူတတ်... စာလုံးကျစ်ကျစ်မသုံးတတ်... ဘယ်လိုလုပ် ကဗျာရေးမလဲ။

ဒါဆို ခံစားချက်လေးတွေ၊ ရင်တွင်းဖြစ်လေးတွေ... အင်း ကဗျာထက် ပိုဆိုးမယ်ထင်တယ်။ အိမ်မှာဆို ဖေဖေက ခံစားချက်မရှိလွန်းလို့ သွေးအေးသတ္တ၀ါတဲ့။ တခါတလေများ သွေးကအေးရုံမဟုတ်ပဲ ခဲများနေလား သမီးရယ်တဲ့။ ကဲ... ဘယ်လိုလုပ် ရင်တွင်းဖြစ်ဆိုတာ ထွက်ပါတော့မလဲ။

ပညာရပ်ဆိုင်ရာတွေရော... ရေးချင်ပါတယ်။ ဖတ်တဲ့သူအကျိုးရှိတာပေါ့။ ဟဲဟဲ... တခုပဲ။ ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မသိ၊ နားမလည်။ ဖတ်တဲ့သူကို ဘယ်လိုရှင်းမလဲ။

နောက်တမျိုး... သတင်းတွေကို စုံအောင်လိုက်မဖတ်နိုင်သူအတွက် သတင်းလေးတွေ အမြည်းသဘော ရေးရင်ရော။ ကိုယ်တိုင်တောင် နှစ်ရက်တခါလောက် အလျင်မီအောင် မနည်းရယ်။ အဲဒီတော့ မဖြစ်ပြန်ဘူး။

ဒါနဲ့ပဲ သုံးရက်မှတခါလောက် လာလည်တတ်တဲ့ အတွေးလေးတွေကို အမိအရ ရေးနေရတာကို ခွင့်လွှတ်ကြပါလို့။ ဘာရေးသင့်လဲ အကြံလေးများရှိရင်လည်း ပေးကြပါလို့။ (ငပျင်း လို့ခေါ်သူများကိုတော့ ဟင်းဟင်း)

ကိုကြီးကလိုစေးထူးရဲ့ မရယ်ရသော ပြက်လုံး… ဆိုတဲ့ပို့စ်လေးကို ဖတ်မိတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ဖေဖေပြောခဲ့ဖူးတဲ့ အဖြစ်လေးကို သွားသတိရမိတယ်။

YITက ကျောင်းပြီးကာစ သူငယ်ချင်း အင်ဂျင်နီယာပေါက်စ နှစ်ယောက်ဟာ ကျောင်းပြီးတော့ အလုပ်ရှာမရလို့ မိဘဆီက ငွေလေးနဲ့ ကုန်စုံဆိုင်လေး တစ်ခုဖွင့်ကြပါတယ်။ တနေ့မှာတော့ ဈေးဝယ်မိန်းမတစ်ယောက်ဟာ ကလေးကိုကျောင်းကြိုပြီး အပြန်ဈေးဝင်ဝယ်ပါတယ်။ ဈေးဝယ်ပြီးလို့ ပြန်အထွက်မှာတော့ ကျောင်းတက် ပျင်းပုံရတဲ့ သူ့ကလေးကို "ကျောင်းမှန်မှန်တက်နော်၊ ပညာမတတ်ရင်တွေ့လား ဒီလိုပဲ ဈေးရောင်းစားရမယ်" တဲ့။

ဒီလိုအဖြစ်လေးကိုပဲ စာရေးဆရာမ မစန္ဒာကတော့ မစပ်သောငရုတ် တဲ့။ စက်မှုလက်မှု RIT ကျောင်းဆင်း အင်ဂျင်နီယာတစ်ယောက် ငါးဒိုင်လုပ်နေတဲ့ ဇာတ်လမ်းလေးပါ။ ငရုတ်ဖြစ်ပေမယ့် တာဝန်မကျေတဲ့ ငရုတ်၊ မစပ်တဲ့ ငရုတ်လို သင်ခဲ့တဲ့ပညာနဲ့ တိုင်းပြည်အကျိုးမပြုနိုင်တဲ့ ဘ၀ကို စိတ်ညစ်ပေမယ့် ၀မ်းရေးအတွက် လုပ်ကိုင်နေရတဲ့အကြောင်းလေးပါ။

ဒီအကြောင်းတွေဟာ မြန်မာနိုင်ငံကလူတွေ တခြားနိုင်ငံကိုဘာလို့ ထွက်ပြီးအလုပ်လုပ်ကြသလဲဆိုတဲ့ မေးခွန်းကို ဖြေနေသလိုပါပဲ။ ကိုယ်နိုင်ငံမှာ တ၀မ်းတခါးလှလို့ကတော့ ဘယ်သူမှ တခြားနိုင်ငံမှာ အောက်ကျနောက်ကျခံ မနေပါဘူး။ ယဉ်ကျေးမှုရော၊ တန်ဖိုးထားတဲ့စံတွေပါ ကွာခြားလှတဲ့ နိုင်ငံမှာ ပျော်နေနိုင်ကြမယ်လို့ ထင်နေကြရင် မှားပါလိမ့်မယ်။

ပညာနဲ့ထိုက်တဲ့ အလုပ်သာရပါစေ၊ မချမ်းသာဘူးဆိုရင်တောင် ပြန်လာလုပ်ကြမယ့်သူတွေ အပုံကြီးပါ။ အခုတော့ စက်ရုံကြီးတစ်ခုမှာ စက်ရုံမှူးဆိုတာက ရှေ့တန်းမှာ နိုင်ငံတော်အတွက် ခြေလက်အဂါင်္ကိုစွန့်လှူခဲ့ရတဲ့ ပုဂ္ဂိုလ်၊ တကယ်စက်ရုံကို လည်ပတ်နိုင်အောင်လုပ်ပေးနေတဲ့ သူတွေကတော့ ပင်စင်ယူတဲ့အထိ လက်ထောက်ဘ၀က မတက်နိုင်၊ စက်ရုံမှူးတွေသာ တစ်ယောက်ပြီး တစ်ယောက်ပြောင်းသွားတယ် လက်ထောက်ကတော့ မပြောင်းနိုင်၊ သူမရှိရင် စက်ရုံကမလည်နိုင်တော့တဲ့ အထိ ကျွမ်းကျင်နေခဲ့တယ်။ ဒါပေမယ့် အဲဒီလူခမျာ ဘယ်တော့မှ စက်ရုံမှူးဆိုတာ ဖြစ်လာမှာမဟုတ်သလို သူကိုယ်တိုင်ကိုက မမျှော်လင့်တော့ပါတဲ့။ ကဲ ဒီနိုင်ငံကြီးထဲ ဘယ်ပညာတတ်က လုပ်ချင်ပါတော့မလဲ။

ငရုတ်ဖြစ်မှတော့ စပ်ချင်ကြတာ သဘာဝပါ။ တချိန်ချိန်မှာတော့ ချိုကိုလည်း တိုင်းပြည်အတွက် ငရုတ်စပ်စပ်လေး တစ်တောင့်ဖြစ်ခွင့်ရချင်ပါသေးတယ်။ အခုများတော့…


ကြာဖြူရဲ့ Flyer လေးပါ။ ဆက်သွယ်ချင်တဲ့ သူများအတွက် အဆင်ပြေမယ် ထင်ပါတယ်။

မိုးနဲ့ပတ်သက်တဲ့ အကြောင်းတဲ့။ မမဆိုးဝှက်က ရေးခိုင်းပါတယ်။ နဂိုကမှ ရေးစရာမရှိလို့ ရှာနေတာဆိုတော့ ရေးလိုက်ပါပြီ။

ရွာတဲ့မိုးက မိုးတွင်းမိုးလို့တော့ ပြောလို့မရတော့တဲ့ အချိန်ပေါ့။ သီတင်းကျွတ်တော့မယ် ဆိုတော့ မိုးတော်တော်ပါးနေပါပြီ။ ဒါပေမယ့်ပေါ့လေ။ ညတစ်ည တိတိကျကျဆိုရင်တော့ သီတင်းကျွတ်လဆန်း x ရက်နေ့ညပေါ့။ ည၃နာရီလောက်မှာ မိုးကသည်းကြီးမည်းကြီး ရွာပါတော့တယ်။ နေ့စေ့လစေ့ကိုယ်ဝန်ဆောင် တစ်ယောက်ဟာ အဲဒီအချိန်မှာ ဗိုက်နာလာပါတယ်။ တစ်အိမ်လုံးပြာယာခတ်ကုန်ပါတယ်။ ဇနီးမောင်နှံအတွက် သားဦးဖြစ်သလို အဖိုးအဖွားအတွက်လည်း မြေးဦးပါ။ ဆေးရုံသွားဖို့အတွက် ကိုယ်ပိုင်ကားရှိတဲ့ ခေါင်းရင်းအိမ်ကို နှိုးကြပါတယ်။ မိုးကလည်း အငြိုးနဲ့ရွာ သလားမှတ်ရအောင် သည်းလွန်းလှတယ်။ မိုးသံလေသံကြားမှာ ဘယ်လိုအော်အော် ကားပိုင်ရှင်လင်မယားက မနိုးပါဘူး။ အိမ်ခေါင်မိုးကို ခဲနဲ့တောင်ပေါက်နှိုးကြတယ်။ ကလေးရဲ့ကုသိုလ်ကံပဲလား မိုးကြောင့်ပဲလား မပြောတတ်ပေမယ့် ကားရှင်လင်မယားကတော့ လုံးဝမနိုးပါဘူး။ နှိုးမရတဲ့အဆုံးမှာ အိမ်သားတစ်ယောက်ဟာ လမ်းမကြီးပေါ်ထွက် ကားငှားရပါတော့တယ်။ အချိန်ကတော့ ည၃နာရီခွဲ သာသာလေးဖြစ်နေပါပြီ။ လမ်းပေါ်မှာကားဆိုလို့ တစ်စီးမှမရှိအောင် ပြောင်ရှင်းနေပါတယ်။ နေတဲ့ရပ်ကွက်ကလည်း ဆိတ်ငြိမ်ရပ်ကွက်ဖြစ်လေတော့ မိုးသည်းသည်းထဲ တစ်အိမ်သားလုံးစိတ်ပူပန်စွာ ကားငှားထွက်တဲ့သူပြန်အလာကို စောင့်နေကြရုံပဲ တတ်နိုင်တာပေါ့။

နာရီဝက်လောက် အကြာမှာ လေးဘီးကားတစ်စီးနဲ့ ပြန်ရောက်လာပါတယ်။ မိုးရွာကြီးထဲ လေးဘီးနဲ့ကိုယ်ဝန်ဆောင်ကို သယ်ရမှာ မဖြစ်သင့်ပေမယ့် ကြာလေစိုးရိမ်ရလေဖြစ်တာကြောင့် ကားနောက်ခန်းမှာ မိုးကာတွေနဲ့ တင်ခဲ့ရပါတယ်။ ကလေးကိုကပဲ ကံဆိုးတယ်ထင်ပါရဲ့။ လမ်းထိပ်အရောက် ကားကချိုင့်ထဲအကျမှာ ကားထဲကိုရေ၀င်ပြီး ကားကထိုးရပ်သွားပါတယ်။ ဒါပေမယ့် ဘယ်ကရောက်လာမှန်းမသိတဲ့ ကားတစ်စင်းဟာ နောက်မှာလာရပ်ပါတယ်။ ဒီလိုနဲ့ အဲဒီကိုယ်ဝန်ဆောင်မိခင်ဟာ ဆေးရုံကို ရောက်သွားခဲ့ပါတယ်။ ဆေးရုံကိုရောက်တဲ့ အချိန်မှာပဲ မိုးဟာ သည်းကြီးမည်းကြီးရွာခဲ့တာ သူမဟုတ်သလို တိတ်သွားပါတယ်။ ကလေးလေးကိုတော့ ဆေးရုံရောက်ပြီး ညနေမှ မွေးခဲ့တာပါ။ တစ်နေကုန် အမေကို ဒုက္ခပေးပြီး ဗိုက်နာအောင်လုပ်နေခဲ့ပြီး ညနေစောင်းမှ ခက်ခက်ခဲခဲမွေးခဲ့ရပါတယ်။ ကျန်တဲ့အိမ်သားတွေလည်း ထမင်းတနေ့စာ လွတ်ပါတယ်။ အဲဒီကလေးကတော့ ဟဲဟဲ ချိုကိုပါတဲ့ရှင်။

ဒါကတော့ ချိုကို့ကို ကြိုတဲ့မိုးလို့ပြောလို့ရမယ် ထင်ပါရဲ့။ နောက်မိုးနဲ့ ပတ်သတ်ပြီး မှတ်မိတာတစ်ခုက...

ဒီနိုင်ငံကိုထွက်လာဖို့ ကျောင်းတက်ခွင့်ကြိုးစားနေချိန်မှာ၊ ပန်းဆိုးတန်းအောက်ဘလောက်ကနေ အောင်ဆန်းကွင်းကို သင်တန်းတက်ဖို့နေ့တိုင်း လမ်းလျှောက်သွားပါတယ်။ မိုးတွေရွာနေတဲ့ တစ်နေ့မှာပေါ့၊ အဖွားကြီးတစ်ယောက် သမီးရယ် မိုးခိုပါရစေဆိုပြီး ထီးအောက်ကိုဝင်လာပါတယ်။ အိမ်ကအဖွားအရွယ်မြင်ရင် သနားနေကျအကျင့်အတိုင်း အဖွားဘက်ကို ထီးပိုဆောင်းပေးလိုက်ပါတယ်။ ဘယ်အထိအသွားမလဲလို့ မေးတော့ တစ်ဘလောက် ပါပဲတဲ့။ ကားဂိတ်အထိလိုက်ပို့ဖို့ စိတ်ကူးလိုက်ပါတယ်။ ထီးတူတူဆောင်းလာလို့ ခြေလှမ်း ၄၊၅ လှမ်းလောက်ရောက်တော့ အဖွားကြီးက စကားစပြောပါတယ်။ သူနေမကောင်းလို့ အားဆေးထိုးချင်ပါတယ်တဲ့၊ ပိုက်ဆံတတ်နိုင်သလောက် လှူခဲ့ပါတဲ့။ ကားဂိတ်အထိလိုက်ပို့ပေးမယ့် စိတ်ဘယ်လွင့်သွားမှန်းမသိပါဘူး။ ဖြစ်နိုင်ရင်လေ ဆေးခန်းတစ်ခုခေါ်သွားပြီး မျက်စိရှေ့မှာ ချက်ချင်းထိုးခိုင်းလိုက်ချင်တယ်။ အိပ်ထဲမှာကလည်း ပိုက်ဆံကမပါ၊ အဖွားကြီးကို မိုးရွာထဲမောင်းထုတ်ရအောင်လည်း အသဲကမမာ၊ တော်တော်ကို စိတ်ဓာတ်ကျသွားပါတယ်။ စေတနာထားရတာကိုတောင် စိတ်ပျက်လာမိတယ်။ ဒါနဲ့ပဲ ပိုက်ဆံ ၅၀ပေးလိုက်တော့ သာဓုပါဆိုပြီး အနီးနားက အမိုးတစ်ခုအောက် ၀င်သွားပါတယ်။ ဘာမှမပြောချင်ပေမယ့် ရင်ထဲမှာ တော်တော်မကျေမနပ်ဖြစ်ပါတယ်။ ဘာကိုမှန်းမသိသလို ဘယ်သူ့ကိုမှန်းလဲမသိပါဘူး။ ကိုယ်လိုလူ ဘယ်နှစ်ယောက်ဖြစ်ဖူးပြီး ဘယ်လိုခံစားရလဲ သိချင်ပေမယ့် မပြောဖြစ်ခဲ့ပါဘူး။ အခု မိုးအကြောင်း စဉ်းစားမိလို့ ပြန်သတိရသွားမိတာပါ။ အခုအချိန်ဆို ဒီလိုအဖြစ်မျိုးတွေ ပိုဆိုးနေပြီလားတောင် မပြောတတ်ဘူး။

ဒါတွေကတော့ အခုလောလောဆယ် စဉ်းစားမိသလောက်ပါ။ နောက်မှသတိရရင် နောက်ပို့စ်တစ်ခုတင်တာပေါ့။ =)


ကြာဖြူ ဖောင်ဒေးရှင်း ရဲ့ ပထမဦးဆုံး ပညာသင်ထောက်ပံ့ကြေးဆုချီးမြင့်ခြင်းကို ကို ဇွန်လ ၄ ရက်နေ့က တောင်ကြီးမြို့နယ် ထုံးဖို အမက မူလွန်ကျောင်းနဲ့ အမှတ်(၃) မူလွန်ကျောင်း အေးသာယာ မြို့သစ် တို့မှာ ပြုလုပ်ခဲ့ပါတယ်။ ငွေကြေးပမာဏ နည်းနည်း နဲ့ စတင်လှူဒါန်းတဲ့ အလှူဖြစ်ပေမယ့် အလှူလက်ခံသူ လေးတွေနဲ့ ရိုးသားဖြူစင်တဲ့ မျက်နှာလေးတွေနဲ့ ကျေးဇူးစကားလေးတွေကို မြင်ရဖတ်ရချိန်မှာတော့ တကယ့်ကိုခံစားခဲ့ရပါတယ်။

ပထမဦးဆုံးအကြိမ်မှာ

ထုံးဖို မူလွန်ကျောင်းက ကလေးငါးယောက်အတွက် ပထမဆုံးလ ထောက်ပံ့ပစ္စည်း - ၆၂၂၀၀/-
အမှတ် (၃) အေးသာယာ မူလွန်ကျောင်းက ကလေး ငါးယောက် အတွက် ပထမဆုံးထောက်ပံ့ငွေပစ္စည်း - ၄၂၆၅၀/-

ဖြစ်ပါတယ်။ ဒီငွေပမာဏအတိုင်း ကလေး ၁၀ ယောက်ကို လစဉ် တစ်နှစ် ပတ်လုံးထောက်ပံ့မှာဖြစ်သလို၊ နောင်နှစ်အတွက် လဲ သူတို့လေးတွေကို စာကြိုးစားတဲ့ အဆင့်အတိုင်း ဆက်ပြီး ထောက်ပံ့မှာပါ။

ကြာဖြူ ဖောင်ဒေးရှင်းအနေနဲ့ သူတို့လေးတွေအတွက် စေတနာရေစီးကို မပြတ်စီး နေနိုင်အောင် အမြဲကြိုးစားပေးနေမှာပါ။ ကြာဖြူအတွက် ပါဝင်လှူဒါန်းကြတဲ့ မောင်နှမများ အားလုံးကို မိမိတို့ အလှူအတွက် ၀မ်းသာပီတိ ဖြစ်စေဖို့ ဓာတ်ပုံလေးတွေကို တင်ပေးပါမယ်။ တောင်ကြီးက အင်တာနက် ဈေးနှုန်းကြီးမြင့်မှုရယ်၊ အဲဒီကနေ အင်တာနက်ကိုတင်ပေးဖို့ အချိန်မပေးနိုင်မှုတွေကြောင့် လူကြုံနဲ့ စင်္ကာပူကို နောက်ကျရောက်ရတဲ့ ဒီသတင်း ဓာတ်ပုံလေးများအတွက် တောင်းပန်အပ်ပါတယ်။ အမှန်ကတော့ နေ့ဘက်က အက်ရှင်လေးတွေကို ညဘက်ကို ချက်ခြင်းဝေမျှချင်သူကိုး။ ကြာဖြူ ဖောင်ဒေးရှင်းကို ထောက်ပံ့အားပေးကြသော ပဒုမ္မာဖိုရမ်မှ မောင်နှမများ အားလုံးကို အခုလို လူသားဆန်တဲ့ အလှူဒါနများအတွက် ကျွန်တော်တို့ လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်ဗျာ။
ပဒုမ္မာလို့ခေါ်တဲ့ မိသားစုဖိုရမ်လေးထဲမှာ ကြာဖြူ ဆိုတဲ့ ပန်းလေးတစ်ပွင့်အတွက်
တက်တက်ကြွကြွလုပ်ကိုင် နေကြတာလေးဖြစ်ပါတယ်။
--------------------

စည်းကမ်းလေးက ဒီလိုရှိပါတယ်။
--------------------
သာဓုခေါ်လို့ရအောင်... ပထမဆုံးခြေလှမ်းလေးပါ။
--------------------

သူတို့လေးတွေ ပညာရေး နဲ့ အနာဂတ်အတွက် ကြာဖြူက အားအင်လေးတွေ ပေးမယ်။
--------------------
ပညာဒါနအတွက် ဂါရ၀တရား၊ ပီတိမျက်ရည် ချိုလိုက်တာ...
--------------------
ပထမခြေလှမ်းကနေ နောက်ထပ်ခြေလှမ်းပေါင်းများစွာ ထပ်လှမ်းဦးမှာပါ။

ငါတို့ဟာ အနာဂတ်ကိုတော့ ရေးရေးလေးမြင်နေကြရပြီ။
အနာဂတ်ဆိုတာ ဘာမှန်းသိခွင့်မရရှာသေးတဲ့ ကလေးငယ်လေးတွေကို လက်တွဲကူလို့ ဖေးမကြရအောင်... ... ...

ဒီနေ့ စိတ်လိုလက်ရရှိတာနဲ့ ဗြောင်းဆန်နေတဲ့ စာအုပ်စင်ကို ရှင်းမိတယ်။ စာအုပ်စင်ကိုရှင်းလိုက်တာ မရှင်းတဲ့အပြင်ပိုတောင်ပွသွား ပါတော့တယ်။ စာအုပ်လေးတစ်အုပ် ထွက်လာလိုက် ၀မ်းသာအားရ မဖတ်တာတောင် ကြာပါလားဆိုပြီး ထိုင်ဖတ်လိုက်၊ နောက်တစ်အုပ် ထွက်လာလိုက်နဲ့ အချိန်တော်တော် သာကုန်သွားတယ် စာအုပ်စင်ကတော့ ပွမြဲပါပဲ။ ဒါနဲ့ပဲ မဖြစ်ချေဘူး ပြီးအောင်တော့ ရှင်းမှဆိုပြီး မျက်စိမှတ်ရှင်းတာတောင် ဖတ်ချင်စရာစာအုပ်တွေက ထွက်ထွက်လာသေးတယ်။

ဘာလိုလိုနဲ့ စုထားတဲ့စာအုပ်လေးတွေတောင် တော်တော်များနေပါလားလို့ တွေးမိတယ်။ အခုအချိန်များ တခြားနေရာသွားရမယ်ဆိုရင် မခွဲနိုင်ဆုံးက စာအုပ်လေးတွေပဲနေမှာ။ စာအုပ်လေးတွေကို ၀ယ်ခဲ့တဲ့နှစ်တွေ ပြန်ကြည့်ပြီး အသက်အလိုက်ပြောင်းလာတဲ့ အကြိုက်တွေကို စဉ်းစားနေမိသေးတယ်။

ငယ်ငယ်တုန်းကတည်းက စာဖတ်ဝါသနာပါခဲ့ပေမယ့် အပြင်သိပ်မထွက်တတ်တဲ့ အကျင့်ရယ်၊ အိမ်ကလူကြီးတွေကလည်း စာအုပ်မ၀ယ်တာရယ် ပေါင်းပြီး စာအုပ်မ၀ယ်တတ်ခဲ့ဘူး။ သူငယ်ချင်းအမေရဲ့ စာအုပ်သေတ္တာကို ကျောင်းပိတ်ရက် သွားမွှေရတာကိုကပဲ နိဗ္ဗာန်ပါ။ မေမေကတော့ ငယ်ငယ်ကစာအုပ်တွေ ၀ယ်ပြီးသိမ်းခဲ့ဖူးတယ်တဲ့။ နယ်ကို အလုပ်နဲ့ပြောင်းရတဲ့ အချိန်မှာ အိမ်မှာကျန်ခဲ့တာတွေကို ခြ ကိုက်သွားလို့တဲ့။ နှမြောစရာကောင်းလိုက်တာ။

ရှားရှားပါးပါး ခြမကိုက်ပဲကျန်ခဲ့တဲ့ တစ်အုပ်ကတော့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်ခိုင် ဆိုတဲ့စာအုပ်လေးပါ။ ဘ၀မှာ ပထမဆုံးဖတ်ဖူးတဲ့ ၀တ္ထုလို့လဲ ပြောလို့ရတယ်။ အဲဒီစာအုပ်စဖတ်တုန်းက ၃ တန်းကျောင်းသူပါ။ ပီယာနိုဆိုတာတောင် ဘာမှန်းမသိလို့ တော်တော် စုံစမ်းလိုက်ရပါသေးတယ်။ စာအုပ်ကြားထဲမှာ စွယ်တော်ရွက်လေး တစ်ရွက်လည်း ညှပ်လျက်သားတွေ့ပါတယ်။ တော်တော်ကို ခြောက်နေပါပြီ။ မေမေလည်း အရင်က တော်တော်ကြိုက်ခဲ့မယ်ထင်ပါရဲ့။ ပြီးတော့ တိုက်ဆိုင်တာက သန်လျှင်ဘီအိုစီဝင်းလို့ အရင်ကခေါ်တဲ့ အရာရှိတွေ နေတဲ့ဝင်းထဲမှာ နေနေရတဲ့အချိန်လေ။ ဘယ်နားလေးကတော့ဖြင့် ၀တ္ထုထဲက ဘယ်နေရာနဲ့တူတယ်ထင်ရဲ့ ဆိုပြီး စိတ်ကူးယဉ်လို့လည်း ကောင်းပါ့။ ၃ တန်းကျောင်းသူ ချိုကိုအဲဒီစာအုပ်ကို ဖတ်တာ သုံးလကျော်ကျော်လောက်ကြာပါတယ်။ အဲဒီအချိန်ကတည်းက တက္ကသိုလ်ဘုန်းနိုင်ကို ကြိုက်ခဲ့တာ အခုထိပါပဲ။

သူပြီးတော့ ဒုတိယသိခဲ့တာက မင်းသိင်္ခ။ မာလိန်မှူးထူးစိန် ၀တ္ထုကို ဘကြီးဆီကငှားဖတ်ရင်း မင်းသိင်္ခကိုလည်း စွဲသွားပါတယ်။ အဲဒါကတော့ ၅တန်းမှာပါ။ အဲဒီကစပြီး ဖေဖေနဲ့ ဦးလေးတွေ စနေ မောင်မောင်၊ ဆားပုလင်းနှင်းမောင် အကြောင်းပြောကြရင် ၀င်ပြောတတ်လာတဲ့ ကောင်မလေး ဖြစ်လာခဲ့ပါတယ်။

တာရာမင်းဝေနဲ့ မိတ်ဆက်ပေးခဲ့တာကတော့ သချာင်္ဆရာ။ ဆရာ့ကိုအရမ်းချစ်ပါတယ်။ စာသင်တာကောင်းပြီး စေတနာလည်းအရမ်းပါတယ်ထင်လို့ပါ။ ဆရာက ငါ့တပည့်ဖြစ်ပြီး တာရာမင်းဝေမဖတ်ဖူးဘူးလား လို့ မေးတာနဲ့ လိုက်ရှာပါတယ်။ ပထမဆုံးဖတ်မိတာက ပန်းလက်ဖ၀ါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေး တဲ့။ သဘောကျသွားပါတယ်။ နောက်တစ်အုပ် ငါ့ရင်ခွင်ကြားကနှင်းဆီ ဓားသွားတစ်လက်။ တာရာမင်းဝေမှ တာရာမင်းဝေ… အရမ်းကြိုက်သွားပါတယ်။ နောက်ပိုင်းတဖြည်းဖြည်း စာအုပ်လေးတွေပါးလာ၊ ပြောတာတွေ နားမလည်ဖြစ်တဲ့ထိ ၀ယ်တုန်းပါပဲ။ အခုထိပေါ့လေ

နောက်ထပ် ဘုန်းနိုင်နဲ့ တန်းတူကြိုက်တာကတော့ မင်းလူပါ။ သူ့ဝတ္ထုကို အဟမ်း… ကောင်လေးတစ်ယောက်က ဖတ်ကြည့်ပါတဲ့။ ၀တ္ထုလေးနာမည်က ရေတမာ တဲ့။ ရေးပုံလေးက သွက်ပြီး လိုချင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘ၀။ အဖွားလေးအိမ်ကို သွားကန်တော့ရင်း သဘာဝကျကျ ဟာသရသ ဆိုတဲ့ စာအုပ်ထူထူကြီးကိုတွေ့ပါတယ်။ စာအုပ်မြင်ရင် မနေနိုင်တဲ့ထုံးစံ ချောင်ထဲကဆွဲထုတ်ပြီး ဖတ်မိပါတယ်။ အဲဒီအချိန်မှာပဲ မင်းလူဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာစသိတယ်လို့ ပြောရမှာပဲ။ အတွေးအခေါ်လေးတွေက ဆန်းတယ်။ ဟာသဥာဏ်ကလည်း လန်းတယ်။ အဲဒီအချိန်ကစပြီး မင်းလူ ပရိသတ်ဖြစ်လာတာ အခုဆို သူ့စာအုပ်အကုန်နီးပါး အိမ်မှာရှိပါတယ်။

စာအုပ်စင်ရှင်းလိုက်တာ စာအုပ်စင်လည်း မရှင်းတဲ့အပြင် ဘလော့ဂ်မှာပါ လာပွကုန်ပါရောလား။ ခင်နှင်းယုရဲ့ မြကြာဖြူတို့၊ ရွှေဥဒေါင်းရဲ့ ဦးစံရှားတို့၊ ဂျာနယ်ကျော်မမလေးရဲ့ မုန်း၍မဟူတို့၊ မောင်ထွန်းသူရဲ့ ဘာသာပြန်တွေ၊ မိုးမိုး(အင်းလျား)ရဲ့ နာမကျန်းသည် အိုနှင်းဆီတို့… ဒီနေ့ရှင်းလို့ပြီးပါဦးတော့မလား မသိ…

လာမယ့် ၁၇ ရက် တနင်္ဂနွေနေ့ဟာ အဖေများနေ့တဲ့။

မြန်မာပြည်မှာ အမေများနေ့၊ အမေနေ့ တော်တော်ကို ခေတ်စားပါတယ်။ ကာတွန်းတစ်ခုမှာဆိုရင် ပစ္စည်းတစ်ခုချင်းစီကို လက်ညှိးထိုးပြီး အမေ့ဓာတ်ပုံ၊ အမေ့ခြေရာ၊ နောက်ဆုံး အမေ့ယောက်ျားဆိုတော့ အဖေကွ အဖေ ဆိုပြီးထအော်ပါတယ်။

ဖတ်ခဲ့ဖူးတဲ့စာတစ်ပုဒ်ထဲမှာ ကလေးတွေဟာ ငယ်စဉ်မှာ ယောက်ျားလေးတွေက မိခင်ကိုခင်တွယ်ပြီး မိန်းခလေးတွေက ဖခင်ကိုပိုခင်တွယ်ကြတယ်တဲ့။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ သဘောအရဖြစ်ပြီး အသက်ကြီးလာတဲ့အချိန်မှာ သိပ်မသိသာ တော့ဘူးလို့ ဆိုပါတယ်။ အကယ်၍ပုံမှန်မဖြစ်သေးဘူး ဆိုရင်တော့ နည်းနည်းလွဲနေပြီလို့ ဆိုပါတယ်။

အိမ်မှာဆိုရင် မောင်လေးနဲ့ မေမေနဲ့က အမြဲတမ်း တကျက်ကျက်ပါ။ ဘယ်တော့မှ မတည့်ပါဘူး။ ဒါပေမယ့် သူ့သားမှသူ့သားပါ။ တခါတလေ မနာလိုတောင်ဖြစ်ရပါတယ်။ အဲဒီလိုပါပဲ ဖေဖေကလည်း သမီးတွေမှ သမီးတွေပါ။ သူနဲ့တော်တော်များများမှာတူတဲ့ ချိုကို့ကို အသည်းဆုံးလို့ ထင်ပါတယ်။ ဒီနေ့တော့ အဖေများနေ့အကြို ဖေဖေ့အကြောင်း နည်းနည်းလေးရေးရင် ကောင်းမလားစဉ်းစားမိလို့ပါ။

ဖေဖေဟာ မောင်နှမတွေထဲ အကြီးဆုံး၊ အလိုလိုက်ခံရဆုံး၊ အဆိုးဆုံးပါ။ အိမ်ကိုလည်း သိပ်ခင်တွယ်တတ်တဲ့သူ မဟုတ်ဘူးတဲ့။ ဒါပေမယ့် မေမေနဲ့ ယူပြီးလို့ ချိုကို့ကိုမွေးတဲ့အချိန်မှာ ဖေဖေလောက် အိမ်ကိုခင်တဲ့လူ မရှိတော့ဘူးထင်ရအောင်ပါပဲ။ မေမေနဲ့ ဖေဖေဟာ အစိုးရ၀န်ထမ်းတွေဆိုတော့ အတူမနေနိုင်ပါဘူး။ မေမေက တာဝန်ကျတဲ့နေရာမှာ ကလေးတွေကို အဖိုးအဖွားတွေ အကူအညီနဲ့ ခေါ်ထားပြီး ဖေဖေကတော့ တစ်ယောက်တည်းဖြစ်သလိုနေရပါတယ်။ ဖေဖေဟာအလုပ်အားလို့ ခွင့်ရတာနဲ့ အိမ်ပြန်လာပြီး သားသမီးတွေနဲ့ လုံးထွေးနေတော့တာပါ။ သားသမီးတွေအကုန်လုံးကို ကိုယ်တိုင်ရေးချိုးပေးပါတယ်။ ထမင်းစားပြီးရင် ကွပ်ပြစ်ပေါ်မှာ တန်းစီအိပ်ကြပြီး ပုံပြောပါတော့တယ်။ ဖေဖေပြောလေ့ရှိတဲ့ ပုံပြင်တွေက သရဲအကြောင်းပါ။ ဒါပေမယ့် သရဲဆိုတာ တစ်ကယ်မရှိဘူး ဆိုတာကို ပုံလေးတွေနဲ့ပြောတာပါ။ ပုံထဲက ဇာတ်လိုက်ကတော့ မောင်လေးပေါ့။

တခါတလေ နောက် ချင်တဲ့အခါဆိုရင်တော့ ပုံအရှည်ကြီး ပြောရမလား၊ တိုတိုလေး ပြောရမလားလို့ မေးတတ်ပါတယ်။ အရှည်ကြီးပြောဆိုရင်တော့ ဟိုးရှေးရှေးတုန်းက ကိုရှည်လမျောကြီး ဆိုတာရှိသတဲ့။ သူ့ကို ဘယ်လောက်ရှည်လဲမေးရင် သူက ဆန့်ထုတ်လိုက်တာ ရှည်ရှည်လာသတဲ့။ ဒါအကုန်ပဲလားဆိုရင် ဆန့်ထုတ်လိုက်၊ ဒါအကုန်ပဲလားဆို ဆန့်ထုတ်လိုက်… ဖေဖေပုံပြင်က ဒါပါပဲ။ ဆန့်နေတာ မပြီးတော့ပါဘူး။ ချိုကိုတို့လည်း ဘယ်ရမလဲ ဒါဆိုတိုတဲ့ပုံပြောဆိုတော့ အဲဒီကိုရှည်လမျောကြီးက ဆန့်နေတာကနေ ပြန်ကျူံ့လိုက်တာ တိုတို တိုတိုလာရော ဆိုပြီး ဆက်ပြန်ပါတယ်။ ဒါကတော့ ဖေဖေ့ပုံပြင်တွေပါ။

ဖေဖေဟာ ချိုကိုတို့ကို ငယ်ငယ်ကတည်းက ကျူရှင်တို့ဘာတို့လည်း မယူခိုင်းပါဘူး။ သူငယ်ချင်းတွေ ကျူရှင်ယူကြမယ်၊ အတူတူယူမလားလို့မေးရင် ဖေဖေက သမီးကြီးက ကျူရှင်ယူစရာလိုလား၊ လိုရင်ယူ၊ အမှတ်ကောင်းဖို့လား၊ စာမလိုက်နိုင်လို့လား၊ စာလိုက်နိုင်တယ်၊ သင်တာတွေနားလည်တယ်ဆို ဘာလို့ယူနေမလဲ၊ ကျူရှင်ယူမှ အမှတ်ကောင်းမယ် ဆိုရင်တော့ ယူမနေနဲ့ ကိုယ့်အခြေအနေကိုယ်သိရင် ပြီးရော သူများအထင်ကြီးစရာမလိုဘူးတဲ့။ အဲဒီကတည်းက ကျူရှင်ဆိုတာ မယူခဲ့တာ ဆယ်တန်းမှပဲ ၀ိုင်းကျူရှင်တက်ခဲ့တာပါ။ အဲလောက်ပြောခဲ့တဲ့ ဖေဖေလည်း အခုတော့ မပြောနိုင်ရှာတော့ပါဘူး။ မောင်လေးကျောင်းက ဆရာမက ကျူရှင်တက်ရမယ်လို့ Vito နဲ့ ပြောလာတော့ စာမေးပွဲအောင်ဖို့တောင် ကျူရှင်တက်နေရတယ် သမီးကြီးရဲ့လို့ ပြောလာပါတယ်။

ဖေဖေဟာ သူငယ်ချင်းတွေရဲ့ အဖေတွေနဲ့ ယှဉ်ရင် တော်တော်ခေတ်မှီပါတယ်။ ကွန်ပျူတာပေါ်ကာစမှာ သားသမီးတွေကို အခြေခံတော့ သိအောင်ဆိုပြီး သင်တန်းအပ်ပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်ုးက သင်တန်းတွေဘာတွေ ခေတ်မစား သေးပါဘူး။ ချိုကို့ပတ်ဝန်းကျင်မှာ အစောဆုံးကွန်ပျူတာနဲ့ ထိတွေ့ဖူးတာ ချိုကိုပါလို့ ပြောလို့ရပါတယ်။ အဲဒီအချိန်က အင်တာနက်ဆိုတာ ဘာမှန်းတောင်မသိကြသေးတာပါ။ ကွန်ပျူတာနဲ့ စာရိုက်တယ်၊ စာရင်းဇယားတွေသိမ်းတယ်၊ ပုံဆွဲတယ်၊ ဒီဇိုင်းဆွဲတယ်။ ဒီလောက်ပါပဲ။

ခေတ်မှီတဲ့ဖေဖေဟာ ချိုကို့ကို ဆယ်တန်း ပြီးပြီးခြင်းမှာပဲ စင်္ကာပူပိုလီတက်ဖို့ လုပ်ခိုင်းပါတယ်။ အဲဒီအချိန်က ဘေးပတ်ဝန်းကျင်က တော်တော်ပြောကြပါတယ်။ ကလေးကငယ်သေးတယ်။ သူများနိုင်ငံကို တစ်ယောက်တည်း လွှတ်ရင် ဘာဖြစ်မယ်ညာဖြစ်မယ်ပေါ့။ ဖေဖေက ချိုကို့ကိုမေးပါတယ်။ သမီးကြီးသွားချင်လားတဲ့။ ဖေဖေတို့ ကျောင်းပြီးကာစက အင်ဂျင်နီယာဆိုတာ ရှားသေးတယ်တဲ့။ အဲဒီတော့ အလုပ်ထဲဝင်လိုက်ရင် လူတွေကအထင်ကြီးကြတယ်။ အလုပ်ကကားလေးနဲ့ ဟိုသွားလိုက်ဒီသွားလိုက်၊ အဲဒီအချိန်မှာ တစ်ချို့သူငယ်ချင်းတွေကို လွယ်အိပ်လေးလွယ်ပြီး passport ရုံးကိုဝင်လိုက်ထွက်လိုက်နဲ့ လမ်းမှာတွေ့ရင်တောင် ဖေဖေကကားနဲ့ လိုက်ပို့သေးတယ်တဲ့။ အခုတော့ သူတို့ဘာဖြစ်နေလဲ။ ဖေဖေတို့ဘာဖြစ်နေလဲတဲ့။ ချမ်းသာတယ်၊ မချမ်းသာတယ်ဆိုတာ ကံတရား။ လူတန်းစေ့နေနိုင်ဖို့ အရေးကြီးတယ်တဲ့။ သူတို့မှာ ဘ၀အတွက် အာမခံချက်တွေရှိတယ်။ ဖေဖေတို့မှာမရှိဘူးတဲ့။ သင်ခဲ့တဲ့ပညာတွေကို အရေးပေးမခံရဘူးတဲ့။ သမီးကြီးကို ချမ်းသာအောင် လွှတ်တာမဟုတ်ဘူးတဲ့။ တတ်သင့်တဲ့ပညာကို သင်ပေးတဲ့နေရာကို လွှတ်တာတဲ့။ သမီးကြီးသွားမလားတဲ့။ သွားရင်တော့ ဟိုမှာပင်ပန်းမယ်၊ ဒီကသူငယ်ချင်းတွေလို အပြင်သွားပြန်လာ လက်ဆေး၊ ထမင်းစားလုပ်သလို သမီးမနေရဘူး၊ အချိန်တန် မိဘကိုမုန့်ဖိုးလက်ဖြန့်တောင်း သမီးလုပ်လို့မရဘူး၊ ဟိုကလူတွေလိုပဲ အချိန်ပိုင်းအလုပ်လုပ်၊ ကိုယ့်မုန့်ဖိုးကိုယ်ရှာ၊ ကိုယ့်တာဝန်ကိုယ် ယူရမယ်တဲ့။ (အဲဒီအချိန်တုန်းက ပိုလီဒီလောက်ခေတ်မစားသေးပါ။ လွန်ခဲ့တဲ့ ၅နှစ်ကျော်ကျော်)

ဒီစကားတွေကို အဲဒီတုန်းက နားထောင်ခဲ့ပေမယ့် သေချာစဉ်းစားခဲ့တာတော့ မဟုတ်ပါဘူး။ စွန့်စားရမယ်၊ သူများမလုပ်သေးတဲ့ အလုပ်လုပ်ရမယ် ဆိုပြီး သွားမယ်ပြောခဲ့တယ်။ ကျန်တာတွေတော့ သိပ်မစဉ်းစားခဲ့တာအမှန်ပဲ။ အခုချိန်မှာ ပြန်မြင်ကြည့်တော့ သူငယ်ချင်းတွေ ဘာလုပ်ရမှန်းမသိ ယောင်ချာချာအချိန်မှာ ကိုယ်က ညီမလေးကို ကျောင်းထားပေးနိုင်နေပြီ။ ဘာပဲပြောပြော မိဘရဲ့ဝန်ကို ပေါ့အောင်လုပ်ပေးနိုင်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် နည်းနည်းတော့ ဘ၀င်အမြင့်သား။ ဒါတွေဟာ ဖေဖေ့ကြောင့်ပါ။ ဖေဖေရဲ့ ခေတ်ကို မျက်ခြေမပြတ်ပဲ အမြဲဂရုစိုက် နေတာကြောင့်။

ရေးတာ အရမ်းရှည်သွားပြီထင်တယ်။ ဖေဖေ့အကြောင်းကတော့ အများကြီး ကျန်သေးတယ်။ ချိုကိုက ဖေဖေ့သမီးလေ။ I am a Daddy’s girl! တချိန်ချိန်မှာတော့ ဖေဖေဂုဏ်ယူရတဲ့ သမီးဖြစ်ကောင်းပါရဲ့။

ဒီစာလေးကို ဒီနှစ်ရက်အတွင်း ခဏခဏတွေ့နေရတယ်။ စာအုပ်တစ်အုပ်ကောက်ကိုင်လုပ်တော့လည်း ဒီစာသား၊ အင်တာနက်မှာ သတင်းဖတ်တော့လည်း ဒီစကားပုံ၊ အိမ်ကညီမကလည်း ပြောတာဒီစကား။

ဖတ်ဖူးတဲ့ပုံပြင်လေးတစ်ခုကို သတိရမိပါတယ်။

ရှေးတုန်းက ရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက်ရှိသတဲ့။ သူတို့ဟာ အိမ်ထောင်ကိုယ်စီ သားကျွေးမှု မယားကျွေးမှု အတွက် ရွာစဉ်လှည့်ပြီး ကုန်သွယ်မှုလုပ်ကြသတဲ့။ လမ်းခရီးမှာ သူခိုးဓါးပြ ရန်ကိုကြောက်တဲ့အတွက် အမြဲနှစ်ယောက်အတူသွားပြီး အမြတ်အစွန်းကိုလည်း သာတူညီမျှခွဲဝေကြသတဲ့။ သိပ်ချစ်ကြတဲ့သူငယ်ချင်း ဖြစ်ပေမယ့် အယူအဆချင်းကတော့ မတူဘူးတဲ့။ တစ်ယောက်က ရိုးရာနတ်ကိုးကွယ်မှုကို ယုံကြည်ပေမယ့် တစ်ယောက်ကတော့ ရတနာသုံးပါးသာ ကိုးကွယ်ရာလို့ ယုံကြည်သတဲ့။ ဒါပေမယ့် ဘယ်သူ့ဘယ်သူမှ အပြစ်မပြောကြပဲ နေလာကြရာက တစ်နေ့မှာ အရမ်းနက်တဲ့တောကို ဖြတ်ပြီးသွားရမယ့် ခရီးတစ်ခုပေါ်လာရောတဲ့။ ဘယ်သူမှမသွားရဲတဲ့ ခရီးဖြစ်တော့ အမြတ်အစွန်းကလည်း များများရနိုင်တယ်ဆိုပါတော့။ ဒါနဲ့ပဲသူငယ်ချင်းနှစ်ယောက် တိုင်ပင်ပြီး စွန့်စားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ခရီးထွက်လာကြတာ တောအုပ်အလယ်အရောက်မှ နေစောင်း လာတာကြောင့် တစ်ညတာနားဖို့ ဆုံးဖြတ်ကြသတဲ့။

ဒီမှာတင်ပဲ နတ်ကိုးကွယ်တာကို ယုံကြည်တဲ့သူငယ်ချင်းက ‘သူငယ်ချင်းရေ ဒီတောက ကျားဆိုး ပေါတယ်ပြောတယ်။ ဘာပဲပြောပြော စိတ်ချရအောင် ဒီအပင်က အရှင်ကို ပူဇော်ပသပြီး အိပ်ကြရအောင်ကွာ’ လို့ပြောသတဲ့။

ဟိုသူငယ်ချင်းကတော့ ‘ဘုရားရှိခိုးပြီးပြီပဲကွာ၊ မလိုတော့ပါဘူး’ လို့ ပြောတာပေါ့။

ပထမပြောတဲ့တစ်ယောက်က ‘ဒါဆိုလည်း မင်းထိုက်နဲ့ မင်းကံပေါ့ကွာ၊ ငါကတော့ လုပ်မှာပဲဆိုပြီး အပင်ဘက်လှည့် လက်အုပ်ချီ အရှင့်ကို အကျွန်ုပ်ရဲ့ ကိုယ်ခန္ဓာကို အပ်ပါတယ်’ လို့ ပြောပြီး စိတ်ချလက်ချ အိပ်သွားသတဲ့။

ညလယ်မှာပဲ ကျားတစ်ကောင်ဟာ သူတို့အိပ်နေတဲ့နားကို ရောက်လာပါရော။ လူနံ့ရလို့ ကြည့်လိုက်တော့ အိပ်ပျော်နေတဲ့ သူငယ်ချင်းနှစ်ယောက်ကို တွေ့ရောပေါ့။ စားရချည်သေးဆိုပြီး အနားကပ်သွားတော့မှ သူတို့အိပ်နေတဲ့အပင်က တော်တော်တန်ခိုးကြီးတဲ့ အရှင်ကြီးဆိုတာအပိုင်ဖြစ်နေပါရော။ ဒါနဲ့ကျားက အပင်ပိုင်ရှင် အရှင်ကြီးကို ‘အို သစ်ပင်ပိုင်စိုး တန်ခိုးကြီးမား အရှင်ကြီးခင်ဗျား၊ ကျွန်တော်မျိုး၏ သဘာဝအရ လူသားသတ္တ၀ါကို အနံ့လေးရရုံမျှနဲ့ သွားရည်တမျှားမျှားကျ စားလိုလှပါတယ်၊ ခွင့်ပြုတော်မူပါ’ လို့ ပြောသတဲ့။

ဒီအခါမှာ အရှင်ကြီးဆိုတဲ့ ပုဂ္ဂိုလ်က ‘အင်း… အိပ်စက်နေတဲ့ နှစ်ယောက်အနက်မှာ ဒီဘက်က ပုဂ္ဂိုလ်က ဘုရားသာရှိခိုးပြီး ငါ့ကိုဘာမှမပြောမဆို အိပ်သွားတယ်၊ ဟိုဘက်က တစ်ယောက်ကတော့ဖြင့် သူ့ကိုယ်ခန္ဓာကို ငါ့ကိုအပ်ပြီး အိပ်ရှာတယ်၊’

ဒါနဲ့ ကျားက ‘ဘယ်သူ့ကိုစားရမလဲ အရှင်ကြီး’ လို့ မေးသတဲ့။

အရှင်ကြီးက ‘ကိုယ်မပိုင်တဲ့ ပစ္စည်းကို ဘယ်ပေးလို့ကောင်းပါ့မလဲလေ၊ ငါ့ကို အပ်ပြီးအိပ်တဲ့သူကို ငါပိုင်တယ်၊ သူ့ကိုစားစေ’

ပုံပြင်လေးကတော့ ဒါပါပဲ။

ဘာကိုမှပြောချင်လို့ မဟုတ်ပါဘူး။ စိတ်ထဲ ပေါ်လာတာလေး ရေးလိုက်ခြင်းသာဖြစ်ပါတယ်။
ဒီစာလေးကို ညီမလေးတစ်ယောက်က ဖတ်ပြီး ကျားကြောက်လို့ရှင်ကြီးကိုး စကားပုံက ဒါကိုးလို့သူကပြောပါတယ်။ မဟုတ်ပါဘူးလို့ နောက်ထပ်အဲလိုထင်မိတဲ့လူတွေကိုပါ အသိပေးပါရစေ။ စကားပုံရဲ့ ဆင်းသက်လာပုံကို မသိပါဘူး။ ဒါက ဟာသလေး တစ်ခုသာဖြစ်ပါတယ်လို့။

အတွယ်အတာဆိုတာ မရှိရင် အထီးကျန်တယ်...
တွယ်တာမိတော့လည်း နာကျင်ရတယ်...

အထီးကျန်မှုက ခြောက်ခြားစေတယ်...
နာကျင်မှုကြောင့် မျက်ရည်ကျရတယ်...

ရွေးချယ်မှုကတော့ သင့်ပေါ်မှာပဲမူတည်ပါတယ်...

TV ကြည့်နေရင်း ဇာတ်လမ်းတစ်ခုမှာပြောသွားတဲ့ စကားလေးပါ။
သေသေချာချာမမှတ်မိလိုက်လို့ မှတ်မိသလောက်နားလည်သလို ဘာသာပြန်ထားတာပါ။
ကဲ ကိုယ်တို့ဘာကိုရွေးကြမလဲ... သူငယ်ချင်းတွေကြားမှာ ပို့ဖြစ်ခဲ့တဲ့ message လေး တစ်ခုကိုသတိရမိတယ်။

I would rather get hUrt than have a heart without U တဲ့...

အခုတော့ အဲလိုပြောဖို့တောင် နည်းနည်းနောက်တွန့်နေမိပြီ။ ငယ်ငယ်တုန်းကရှိခဲ့တဲ့ သတ္တိတွေ ပြန်လိုချင်ပါရဲ့။

သာဓု အင် ဆန်း၊စ်၊ ဆိုပြီး မြန်မာလိုရေးထားတဲ့ စာအုပ်လေးကို မြင်မြင်ခြင်းပဲ ဖတ်တောင်မကြည့်ပဲ ၀ယ်ခဲ့ပါတယ်။ သာဓု မျိုးဆက်ကို ချစ်တာကြောင့်ရယ်၊ သူတို့ စာတွေက ကောင်းတတ်တာကြောင့်ရယ် ဖတ်မကြည့်ပဲ ၀ယ်လိုက်မိတယ်။ စာအုပ်လေးက အတွေး ဆန်းဆန်းနဲ့ တမျိုးလေး ထူးခြားနေတယ်။ စာအုပ် ခေါင်းစဉ်အတိုင်းပါပဲ သာဓုနဲ့ သား ၃ ယောက်ရဲ့ စာတွေပါ။

တခြားသူတွေလည်း ဒီလိုပဲ စာရေးဆရာတွေ ပေါင်းပြီး စာအုပ်ထုတ်တာပဲ။ ဘာထူးခြားလို့လဲလို့ မေးကြရင်တော့ ထူးခြားပါတယ်လို့ပြောရမှာပဲ။ သာဓုရေးတာက ၀တ္ထု၊ ဆောင်းပါး မဟုတ်ပဲ သူ့သား ၃ ယောက်ရဲ့ ၀တ္ထု ၃ ပုဒ်ကို ဝေဖန်ထားတာပါ။

ပထမဆုံး အဖေတစ်ယောက်က သားနာမည်ကြီး စာရေးဆရာတွေကို ဒီလိုစာတစ်အုပ်ထဲမှာ ဝေဖန်တယ် ဆိုတာကိုက ထူးခြားပါတယ်။ သာဓုဆိုတာ ကလည်း ပွင့်ပွင့်လင်းလင်း ဘယ်သူ့မှဂရုမစိုက် မှန်တယ်ထင်တာကို ပြောတတ်တဲ့လူ။

ဒုတိယအနေနဲ့ ဝေဖန်တာမှာ တစ်ပုဒ်ကိုဖတ် ချက်ချင်းဝေဖန်၊ ပြီးမှနောက်တစ်ပုဒ်ဖတ် ဆက်ဝေဖန် ဆိုတော့ ပရိတ်သတ်လည်း နောက်ပြန်လှန်ကြည့်လိုက် ဝေဖန်တာဖတ်လိုက် လုပ်စရာမလိုအောင် ကောင်းလှပါတယ်။

သာဓုခေတ်က စာရေးပုံနဲ့ နောက်ဆုံး မင်းလူခေတ်စာရေးပုံ ပြောင်းလဲ လာတာတွေကိုလည်း မြင်နိုင်ပါသေးတယ်။ ခုခေတ်ရဲ့ စာရေးရင် စာလိုရေးလိုက် စကားပြောသလိုရေးလိုက် ရေးတာကို သာဓုက တော်တော်မုန်းပုံရတယ်။ ချိုကို့ရေးပုံကိုများ တွေ့ရင် ဘယ်လောက်များ ဆူလိုက်မလဲနော်။ ဒီလို ကပြား ရေးတာတွေကို သူသာစာပေစီစစ်ရေးဆိုရင် ထုတ်ခွင့်မပေးဘူးလို့ဆိုပါတယ်။

စာအုပ်အစမှာ သာဓုက အမှာစာရေးပါတယ်။ သူ့ရဲ့စာရေးရင် ဘယ်လိုစိတ်နဲ့ ရေးတယ်ဆိုတာ ပြောပြ ထားတယ်။ အမှာရဲ့ အဆုံးနားကိုတော့ သူ့အတိုင်းကူးပေးလိုက်ပါတယ်။

ယခု ဤစာအုပ်ထုတ်ဝေရန် အကြောင်းပေါ်လာသောအခါ သာဓုသည် စာရေးဆရာ တစ်ယောက်အနေဖြင့် မဟုတ်တော့ဘဲ အဖေ(ဖခင်) တစ်ယောက်အသွင် မြင်သမျှ တင်ပြရမည့်ကိန်းဆိုက်လာချေ၏။

ယခင့်ယခင် ရေးခဲ့သော ၀တ္ထုများမှ ဇာတ်ကောင်တို့ကို သာဓုပင် ဖန်ဆင်းပြီး သာဓုကပင် ကိုယ်စားပြုရေးခဲ့၍ ဘေးချော်ခြင်း အနည်းအကျဉ်းရှိကောင်းရှိမည်၊ အကြောင်းမကြီးလှ။

ယခု ဤစာအုပ်တွင်သော်မူ သားများနှင့် ပတ်သတ်ဆက်စပ်၍နေသည်နှင့်အမျှ တိကျရန် လိုသည်။ ဖြစ်ရပ် အမှန်လည်း ပေါ်လွင်ပြတ်သားရပေမည်

အထူးသဖြင့် ယနေ့ထိ သာဓု စွဲမြဲစွာ ဆုပ်ကိုင်ထားသော (၀ါ) နောင်တွင်လည်း လက်လွှတ်မည်မဟုတ်သော သာဓု၏ စာရှုပရိတ်သတ်အတွက် 'အကျိုးပြုမှု တစ်ခုခု ပါစေရမည်' ဟူသည့် သာဓု မူဝါဒအတိုင်း...။

သာဓုနှင့်သားများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ သားတွေငယ်စဉ်က ထူးခြားချက်တွေနဲ့ ဘယ်လိုဆုံးမ ခဲ့တယ် ဆိုတာလေးကို ရေးထားပါတယ်။ သာဓုရဲ့ ဆုံးမနည်းဟာ အဲဒီခေတ်အနေနဲ့ရော အခုခေတ်အနေနဲ့ရော တော်တော်လေး ခေတ်မှီတယ်လို့ ပြောရပါမယ်။ ဥပမာအနေနဲ့...
သုမောင်က သံပတ်ပေး မီးရထားခေါင်း အသစ်လေးကို တစ်စစီဖြုတ်လိုက်ပြီး ဖေဖေ ပြန်တပ်ပေးပါလို့ လာပြောတယ်တဲ့။ ဒါကို ကလေးဆိုတာ စူးစမ်းတတ်တာမို့ မအော်မငေါက်ခဲ့ပါဘူးတဲ့။ ချိုကိုသာဆိုရင်လေ အခုလေးတင်ဝယ်ပေးထားတဲ့ ကစားစရာ ဖျက်ဆီးရမလား ဆိုပြီးတော့ အနည်းဆုံး အော်မိမယ်ထင်တယ်။

ဝတ္ထုတွေကတော့ ကြီးစဉ်ငယ်လိုက်အတိုင်း မောင်ဝဏ္ဏ၊ သုမောင်၊ မင်းလူ အစဉ်အတိုင်းလာပါတယ်။ ၃ပုဒ် လုံးကို ဝေဖန်ထားတာ အရမ်းသဘောကျပါတယ်။ တချို့နေရာလေးတွေမှာ ခေတ်ကြောင့် ရေးပုံရေးနည်း ကွဲတာကလွဲရင် သာဓုရဲ့ ဝေဖန်ချက်တွေက စာရေးမယ့်လူတွေအတွက် အကျိုးအများကြီးရှိပါတယ်။ အကြိုက် ဆုံးကတော့ မင်းလူရဲ့ ၀တ္ထုပါ။

ဝတ္ထုအဖွင့်လေးမှာ သူက ဒီလိုရေးထားပါတယ်။ ဖြတ်ရေးရင် လိပ်ပတ်မလည်မှာဆိုးလို့ အကုန် ကူးပေးလိုက် ပါတယ်။

ကျွန်တော့်နှလုံးသား၌ ထင်ဟပ်ခဲ့သောအရိပ်များအကြောင်းကို ပြောပြပါမည်။ ၀မ်းပန်းတနည်း ပြောပြသည် ဟူ၍တော့ မထင်စေချင်ပါ။ သမိုင်းမှတ်တမ်းတစ်ခုကို ဖတ်ရသကဲ့သို့ သာ သဘောထားစေ့ချင်ပါသည်။

သမိုင်းထဲမှ ကျန်စစ်သားနှင့် မွန်မင်းသမီးခင်ဦးကဲ့သို့ ကွဲကွာသွားကြခြင်း အကြောင်းကို ဘယ်သူတွေကများ ၀မ်းနည်းခြင်း ရှိကြပါမည်နည်း။

ဘုရင် နရသီဟပတေ့ကို သားတော်ပြည်မင်းသားက လုပ်ကြံလိုက်ခြင်းအတွက်ကော ဘယ်သူတွေကများ စုတ် တသတ်သတ်ဖြစ်ပါလိမ့်မည်နည်း။

သို့ရာတွင် သမိုင်းမှတ်တမ်းဟု ဆိုသောကြောင့် ပြဿနာတစ်ခု ရှိလာလေသည်။

ဓမ္မဓိဋ္ဌာန်ကျသော သမိုင်းအမြင်တစ်ခုကို ရရှိရန်...
ဆန္ဒစွဲ ကင်းရမည်။
ဘက်လိုက်မှု ကင်းရမည်။
သမိုင်းကို လိမ်ညာ၍ မရနိုင်။
လိမ်ညာခဲ့သည် ထားဦး၊ တစ်နေ့နေ့မှာ အလိမ်ပေါ်ရမည် အမှန်။
ကျွန်တော်ကဖြင့် လိမ်လည်း မလိမ်ရဲပါ။
အတတ်နိုင်ဆုံး မှန်ကန်အောင် ကြိုးစားဖို့မှာလည်း မနည်းကြီး ဂရုစိုက်ရပါသည်။

အကြောင်းမှာ...
ဤဇာတ်လမ်းတွင် ကျွန်တော်သည် ပဓာနဇာတ်ကောင်ဖြစ်နေသောကြောင့်ပါ။

ဒါလေးကို သာဓုဝေဖန်ထားပုံလေးက...

'ဟေ့ သုမောင်...ငါ့သား၊ မင်းလူကလဲ အလာကြီးပဲကွ၊ "သမိုင်းမှတ်တမ်းကို လိမ်ညာ၍ မရနိုင်။" စာပေမှာ ဒါတွေ အရေးကြီးတယ်ကွ၊ စာရေးဆရာဆိုတာ ဆွေမျိုးမိသားစုထမင်းစားဖို့၊ ကားစီးဖို့၊ တိုက်ဆောက်ဖို့ လောက်ဆိုတဲ့ စီးပွားရေးလုပ်ငန်း မဟုတ်ဘူးနော်၊ ဒါ မင်းတို့သိတယ်၊ တိုင်းပြည်အတွက်၊ ပြည်သူအတွက်၊ ပြည်သူအတွက် နည်းညွှန်လမ်းညွှန်တင်ပြဖို့နဲ့ အမှားလုပ်နေသူတွေကို "ဒါ...အမှန်တရား" လို့ ထောက်ပြရမယ့် တာဝန်ရှိတယ်၊ အချစ်ဝတ္ထုရေးသကောရယ်လို့ တိုင်းပြည်ရေးရာ မပါစကောင်းဆိုတာ မရှိဘူး၊ သူ့နေရာနဲ့သူ အကွက်ဝင်တာနဲ့ ဒက်ခနဲ တင်ပြဖို့လိုတယ်။''

ဒီစာအုပ်လေးကို မဖတ်ရသေးရင် သာဓုနဲ့သဘာဝအုပ်စုရဲ့ စာတွေကိုလည်း ကြိုက်တတ်တဲ့သူဆိုရင် ဖတ်ကြည့် ပါလို့။ အတွေးဆန်းဆန်းနဲ့ သာဓု အင် ဆန်း၊စ်၊ ပါ။

p.s ဒီစာအုပ်လေးကို ကြိုက်လွန်းလို့သာ ဒီမှာရေးရတာပါ။ ချိုကိုပြောတာဟာ စာအုပ်ရဲ့ ဆယ်ပုံပုံတစ်ပုံတောင် မှီမှာမဟုတ်ပါဘူး။ ချိုကို့စာကြောင့် စာအုပ်ကိုဖတ်ဖူးကြတဲ့ လူတွေ ဒေါသထွက်မယ်ဆိုရင်...
သာဓုမိန်းမက 'ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့' ကို 'ပြုံးစစနဲ့' လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ ချိုကို ဖွင့်လိုက်တဲ့ အဓိပ္ပါယ်က 'စပ်ဖြီးဖြီးနဲ့' တဲ့။ ဒါလေးကိုကြည့်ပြီး ဒီကောင်မလေး အူကြောင်ကြောင်နဲ့ ဆိုပြီး ခွင့်လွှတ်ကြ ပါလို့...

ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ ဖြင့်

ချိုကို

အိမ်မှာ ညီမ၀မ်းကွဲတစ်ယောက်က ကျောင်းပွဲအတွက် အငြိမ့်ကပေးဖို့ အကကျင့်နေတယ်။ သူကနေတာကိုကြည့်ရင်း အငြိမ့်အကြောင်း စဉ်းစားမိတယ်။ အခုခေတ်မှာ အငြိမ့်ဆိုတာနဲ့ လူရွှင်တော် ဘယ်သူတွေလဲလို့ အရင်မေးကြတယ်။ မင်းသမီးကို စိတ်မ၀င်စားကြတော့ဘူး။ မင်းသမီးကတဲ့ အခန်းကိုလည်း ကျော်ကြည့်လိုက်ကြတာများတယ်။ ဘာလို့ပါလိမ့်။ အခုမင်းသမီးနဲ့ အရင်မင်းသမီးတွေ ဘာကွာလို့ပါလိမ့်။

မင်းသမီးအကဆိုတာလည်း ကကြည့်မှ တော်တော်ခက်မှန်းသိရတာပါ။ သူတို့ ကနေကြတာတော့ ပေါ့ပေါ့လေးနဲ့ ကြွကြွရွရွ လှနေတာပဲ။ တကယ်ကဖို့သင်ရတော့မှ ချွေးပြိုက်ပြိုက်ကျရတော့တာပဲ။ ဒီလောက် ပင်ပင်ပန်းပန်းသင်ထားရတဲ့ အကကို ကြည့်တဲ့သူတွေက ကျော်ကြည့်တယ်ဆိုတော့ စိတ်မကောင်းစရာပါ။ အငြိမ့်မှာ လူရွှင်တော်တွေသာ အရေးပါတဲ့အရာတစ်ခု ဖြစ်လာနေပါတယ်။

အရင်ကရော ဒီလိုပဲလား။ အငြိမ့်မင်းသမီးကြီးတွေ ဘယ်လောက်ကျော်ကြားခဲ့လဲ၊ သူတို့သီချင်းတွေ အကတွေ အခုထိရှိနေသေးတာကို ကြည့်ရင်သိသာပါတယ်။
လေဘာတီမမြရင်၊ မြခြေကျင်းမငွေမြိုင်၊ ယူနီဗာစတီ မြသန်းကြည်၊ ဆီးမီးခွက်မငွေလှိုင် အများကြီးပါ။
သူတို့ကို မမှီလိုက်ပေမယ့် ယိုးဒယားပြန်အမာစိန်၊ ဆိုဗီယက်ပြန်နွဲ့နွဲ့စန်းတို့ရဲ့ အငြိမ့်တွေကို ငယ်ငယ်က ကြည့်ရဖူးပါတယ်။
နောက်တော့ အေးအေးမြင့်၊ သီတာဝင်း။

အားလုံးထဲမှာ မှတ်မှတ်ရရရှိခဲ့တာက နွဲ့နွဲ့စန်းအငြိမ့် မြန်မာ့ရုပ်မြင်သံကြားက လွှင့်တာပါ။ အဲဒီအငြိမ့်လေးမှာ သူကတာကို အစအဆုံးကြည့်မိပါတယ်။ ကိုယ့်ကိုကိုယ်တောင် အံ့သြသွားပါတယ်။ ဘာကများ ဒီလောက်စွဲဆောင်နိုင်ခဲ့လဲလို့ ပြန်တွေးမိတော့...
နွဲ့နွဲ့စန်းက အကလေးကို အပိုင်းလေးတွေခွဲပြီးတော့ ကပြပါတယ်။
ပထမဆုံးမှာ မျက်နှာကို အသားပေးတဲ့ အက...
နောက်တော့ ပုခုံး...
နောက် လက်... ၊ ခါး... ၊ ခြေထောက်...
အဲလိုခွဲခွဲပြီးတော့ ကသွားပါတယ်။ အဲဒီတော့ ကြည့်တဲ့လူကလည်း ဘာများကွာသလဲ။ ဘာများထူးခြားသလဲနဲ့ စိတ်ဝင်စားမိပါတယ်။ အဲဒါကိုက မင်းသမီးတွေရဲ့ ပညာနဲ့တူတယ်။ အခုမင်းသမီးတွေမှာတော့ မတွေ့ရတော့ပါဘူး။ ရှားရှားပါးပါး တစ်ခါတော့ တွေ့လိုက်ရပါတယ်။

ရှုမ၀အငြိမ့်ဆိုပြီး နာမည်စကြီးတဲ့ နံပါတ် ၁ မှာထင်ပါတယ်။ မင်းသမီးက ယူနီဗာစတီရွှေနှင်းဆီရဲ့ မှုန်ရွှေရည် မိုင်ဒါလင်ဆွိတီ ဆိုတဲ့ သီချင်းကို အသက်အရွယ် (၃)မျိုးမှာ ကပုံသုံးမျိုးဆိုပြီး ကပြသွားပါတယ်။
ပထမဆုံး မင်းသမီးဖြစ်ကာစ ငယ်ရွယ်ဖြတ်လတ်တဲ့ အရွယ်ရဲ့ သွက်သွက်လက်လက် အက...
ဒုတိယ နာမည်ကြီးပြီး တည်ငြိမ်လာတဲ့ အရွယ်ရဲ့ ငြိမ့်ငြိမ့်လေးနဲ့ လှလှလေးအက...
နောက်ဆုံး အသက်ကြီးလာပြီး သိပ်မကနိုင်တော့တဲ့ အရွယ်ရဲ့ ခေါင်းလေးခါခါနဲ့ သီချင်းကိုပါ အသံကိုတုန်ပြီး ဆိုပြသွားတဲ့အက...
အခုထက်ထိ အဲဒီအကကို မမေ့ပါဘူး။

အဲလိုမင်းသမီးမျိုးတွေ ရှိရင်တော့ အငြိမ့်တွေမှာ အကတွေကို ကျော်မကြည့်လောက်ဘူးလို့ ထင်ပါတယ်။ ဘာပဲပြောပြော အငြိမ့်ဆိုတဲ့ သဘင်ပညာကိုတော့ မပပျောက်စေချင်တာ အမှန်ပါ။ မင်းသမီးကောင်းကောင်းနဲ့ သီချင်းကောင်းကောင်းလေးတွေ ကနိုင် ဆိုနိုင်ကြရင် ဘယ်လောက်များ ကောင်းလိမ့်မလဲနော်။

P.S. ချိုကိုဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အတွေးနဲ့ ခံစားချက်တွေပါ။ ပညာရှင် ရှုထောင့်ကကြည့်လို့ ရယ်ချင်စရာ ဖြစ်နေရင် ခွင့်လွှတ်ပါလို့။ အငြိမ့်မင်းသမီးတွေ ကတာကို မကြည့်ချင်ကြတာဘာလို့ပါလိမ့်လို့ စဉ်းစားမိပြီး ရေးလိုက်တာပါ။ လိုတာရှိရင် ပြောနိုင် ဆူနိုင်ပါတယ်။

လွန်ခဲ့တဲ့ တစ်လ ကျော်ကျော်လောက်က သူငယ်ချင်းတစ်ယောက်က Harry Potter နောက်ဆုံးစာအုပ် e-book ထွက်နေတယ်တဲ့။ ဘယ်ကဘယ်လို ထွက်လာတယ်မသိဘူး။ အရမ်းဂရုစိုက်တယ်လို့ ကြားဖူးပါတယ်လို့။ သူကလည်း မသိဘူးတဲ့။ စိတ်ထဲမှာ ၀မ်းနည်းသွားတယ်။

ဒီစာအုပ် Series ရဲ့ ပထမဆုံးစာအုပ် Philosopher's Stone ကို ၁၀တန်းတက်နေတုန်း Time's မဂ္ဂဇင်းမှာ တော်တော်လေး လူကြိုက်များနေတဲ့ စာအုပ်တအုပ်လို့ ဖတ်လိုက်ရတယ်။ ရေးထားတာကတော့ ကလေးအကြိုက် စာအုပ်တအုပ်တင်မကပဲ လူငယ်တွေ၊ လူလတ်ပိုင်းတွေပါ စိတ်ဝင်စားအောင် မြှုပ်ကွက်လေးတွေနဲ့ ရေးထားလို့ စုံထောက်ဆန်ဆန် သဘာဝလွန် တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်ပါတဲ့။ ငယ်ငယ်ကတည်းက သဘာဝလွန်ကိစ္စတွေကို စိတ်ဝင်စားတတ်တော့ ဇာတ်လိုက်ကောင်လေးက စုန်းအတတ် တတ်တယ်ဆိုတာနဲ့တင် တော်တော်ဖတ်ချင် နေမိတယ်။

စာမေးပွဲဖြေခါနီး ကျူရှင်တွေလည်းပိတ်၊ ကျောင်းလည်းပိတ်ထားတဲ့ တနေ့မှာ ပျင်းပျင်းနဲ့ ဦးလေးရဲ့ စာအုပ်ပုံကိုမွှေမိရင်း Harry Potter ဆိုတာလေးကိုတွေ့လိုက်တယ်။ ဘယ်လိုပျော်သွားမှန်းကို မသိတာပါ။ ကိုယ့်ကိုကိုယ် ၁၀တန်းဆိုတာမေ့၊ မကြာတော့တဲ့ အချိန်မှာ ရောက်လာမယ့် စာမေးပွဲဆိုတာကြီးကိုမေ့၊ ထမင်းလည်းမေ့၊ ဟင်းလည်းမေ့ ပါပဲ။

ပထမတအုပ်နဲ့တင် ဒီစာအုပ်ဘာလို့ နာမည်ကြီးသလဲ သဘောပေါက်သွားခဲ့တယ်။ J.K.Rowling ဟာ တော်တော်ကို စေ့စေ့စပ်စပ်ရေးနိုင်တာပဲ။ ဇာတ်လမ်းမှာ ဘယ်နေရာမှ ဟာကွက်ဆိုတာမရှိပါဘူး။ ရှေ့ပိုင်းမှာ အမှတ်မထင်ရေးထားတယ် ထင်ရတာလေးတွေက နောက်ပိုင်း ပြဿနာတွေကို ဖြေရှင်းတဲ့အချိန်မှာ ပြန်အသုံးပြုဖို့ အစီအစဉ်တကျ ရေးခဲ့တာလေ။ အဲဒါလေးတွေကို အရမ်းသဘောကျမိတယ်။ စုန်းအတတ်မှာလည်း လူကောင်းနဲ့ လူဆိုးရှိပြီး လူတွေမသိတဲ့ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေလည်းရှိတယ် ဆိုတာကို သေသေချာချာ ပီပီပြင်ပြင် ရေးထားနိုင်တာကိုး။ ဖတ်ရင်းနဲ့တောင် စိတ်ကူးယဉ်မိ ပါသေးတယ်။ ချိုကို့ကိုလည်း အဲလို စုန်းပညာ သင်တဲ့ကျောင်းက လာခေါ်ရင် ဘယ်လိုများနေမလဲလို့လေ။ အော် ရူးခဲ့တဲ့ အချိန်တွေများ ပျော်စရာ တော်တော်ကောင်း။

ကျောင်းတက်ဖို့ သူများနိုင်ငံကိုထွက်လာရတော့ ဟယ်ရီ့ လိုပဲ အခုတော့ တစ်ယောက်တည်းပါလားဆိုပြီး ပိုကြိုက်မိပြန်ပါရော။ ဒီလိုနဲ့ စာအုပ်လေးထွက်တိုင်း နေ့မကူးခင် ၀ယ်ဖတ်လာတာ အခုနောက်ဆုံးတစ်အုပ်တဲ့။ သူငယ်ချင်းကပေးလာတယ်။ ဖတ်လည်းဖတ်ချင်တယ်။ ဖတ်လည်းမဖတ်ရက်ဘူး။ J.K.Rowling က ဇူလိုင် ၂၁ရက်မှ ဖြန့်မှာတဲ့။ သူက ကိုယ့်ဆီ ကြိုရောက်နှင့်နေပေါ့။ ဖတ်လိုက်လို့ပြီးသွားရင်လည်း နောက်တစ်အုပ်ဆိုတာက မရှိတော့ဘူး။ ဖတ်မယ်ဆိုပြီး ကွန်ပျူတာရှေ့ထိုင် မဖတ်သေးပါဘူးလေဆိုပြီး ထသွားနဲ့ ၄၊ ၅ ညလောက် လုပ်လိုက်ပါသေးတယ်။ နောက်တော့လည်းမနေနိုင်တာနဲ့ ဖတ်မဟဲ့။ စာအုပ်ထွက်တော့မှ ၀ယ်သိမ်းမယ်ဆိုပြီး ဖတ်လိုက်တာစာမျက်နှာက ၆၅၀ ကျော်ကျော်ရှိတယ်။ ဆက်တိုက်မဖတ်နိုင်တော့ တစ်ပတ်လောက် ဖတ်လိုက်ရတယ်။ ဒါပေမယ့် ဇာတ်သိမ်းကြီးကို လုံးဝမကျေနပ်နိုင်ဘူး ဖြစ်နေတယ်။ ဖတ်ဖူးနေကြ ဇာတ်ကွက်မျိုးမဟုတ်သလိုလို ခံစားရတယ်။ ထင်မိတာက ကိုယ်တိုင်ပဲ ဇာတ်လမ်းပြီးသွားတာကို လက်မခံနိုင်လို့ စိတ်ထဲမှာ ငြင်းနေမိတာလားပေါ့။

အခုတော့ မဟုတ်ပါဘူးတဲ့ရှင်။ အဲဒီ ကြိုထွက်နေတယ်ဆိုတာက အစစ်မဟုတ်ပါဘူးတဲ့။ သိသိခြင်းမှာ ရသမျိုးစုံ ခံစားလိုက်ရတယ်။ အချိန်ကုန်ခံ၊ မျက်စိအညောင်းခံ ဖတ်ခဲ့တာတွေကို နှမြောသလိုလို၊ အစစ်ကို ဖတ်ရဦးမယ် ဆိုလို့ ပြီးပြီထင်ပြီး စိတ်ညစ်ခဲ့ရာကနေ ပျော်ပျော်သလိုလို၊ မကြိုက်တဲ့ဇာတ်သိမ်းက အစစ်မဟုတ်ဘူး ဆိုတော့ ဘယ်လိုဇာတ်သိမ်းလေးများ လာမလဲဟဲ့လို့ စဉ်းစားပြီး ရင်ခုန်သလိုလို၊ တော်တော်ကို ဂနာမငြိမ် ဖြစ်သွားပါတယ်။ ဒါကြောင့် ဒီပို့စ်လေးကို ကောက်ရေးမိတာပါ။

ဘယ်လိုပဲပြောပြော ဒီစာကိုရေးတဲ့ ပရိသတ်တစ်ယောက် ဆိုတဲ့သူကိုလည်း တော်တယ်လို့ထင်ပါတယ်။ စာမျက်နှာ ၆၅၀ကျော်မှာ နောက်ဆုံးနားလောက်ပဲ မူရင်းရေးဟန်နဲ့နည်းနည်းကွဲလွဲသွားပြီး ကျန်တာတွေပီပီပြင်ပြင် ရေးနိုင်တာ မသေးတဲ့အရည်အချင်းပါ။ တဖက်ကကြည့်ရင်တော့ ၀တ္ထုရဲ့ နာမည်ကြီးမှုကို အလွဲသုံးစားလုပ်လိုက်သလို မြင်မိပြန်ပါတယ်။ ဘယ်လိုပဲပြောပြော ဖတ်နေတုန်းကတော့ တကယ်ခံစားခဲ့ရပါတယ်။ ကျန်တဲ့သူတွေလည်း တကယ့်စာအုပ်မထွက်ခင် ဖတ်ကြည့်ချင်တယ်ဆိုရင် Harry Potter and The Deathly Hollows/ The Seventh Horcrux (Fan's Work) .

ဒီလိုဆိုရင်တော့ ထွက်တဲ့နေ့မှာ စာအုပ်ဆိုင်သွား တန်းစီရဦးတော့မှာပါလား။ ပျော်စရာကြီး။

Newer Posts Older Posts Home