ဒီနေ့ စိတ်လိုလက်ရရှိတာနဲ့ ဗြောင်းဆန်နေတဲ့ စာအုပ်စင်ကို ရှင်းမိတယ်။ စာအုပ်စင်ကိုရှင်းလိုက်တာ မရှင်းတဲ့အပြင်ပိုတောင်ပွသွား ပါတော့တယ်။ စာအုပ်လေးတစ်အုပ် ထွက်လာလိုက် ၀မ်းသာအားရ မဖတ်တာတောင် ကြာပါလားဆိုပြီး ထိုင်ဖတ်လိုက်၊ နောက်တစ်အုပ် ထွက်လာလိုက်နဲ့ အချိန်တော်တော် သာကုန်သွားတယ် စာအုပ်စင်ကတော့ ပွမြဲပါပဲ။ ဒါနဲ့ပဲ မဖြစ်ချေဘူး ပြီးအောင်တော့ ရှင်းမှဆိုပြီး မျက်စိမှတ်ရှင်းတာတောင် ဖတ်ချင်စရာစာအုပ်တွေက ထွက်ထွက်လာသေးတယ်။
ဘာလိုလိုနဲ့ စုထားတဲ့စာအုပ်လေးတွေတောင် တော်တော်များနေပါလားလို့ တွေးမိတယ်။ အခုအချိန်များ တခြားနေရာသွားရမယ်ဆိုရင် မခွဲနိုင်ဆုံးက စာအုပ်လေးတွေပဲနေမှာ။ စာအုပ်လေးတွေကို ၀ယ်ခဲ့တဲ့နှစ်တွေ ပြန်ကြည့်ပြီး အသက်အလိုက်ပြောင်းလာတဲ့ အကြိုက်တွေကို စဉ်းစားနေမိသေးတယ်။
ငယ်ငယ်တုန်းကတည်းက စာဖတ်ဝါသနာပါခဲ့ပေမယ့် အပြင်သိပ်မထွက်တတ်တဲ့ အကျင့်ရယ်၊ အိမ်ကလူကြီးတွေကလည်း စာအုပ်မ၀ယ်တာရယ် ပေါင်းပြီး စာအုပ်မ၀ယ်တတ်ခဲ့ဘူး။ သူငယ်ချင်းအမေရဲ့ စာအုပ်သေတ္တာကို ကျောင်းပိတ်ရက် သွားမွှေရတာကိုကပဲ နိဗ္ဗာန်ပါ။ မေမေကတော့ ငယ်ငယ်ကစာအုပ်တွေ ၀ယ်ပြီးသိမ်းခဲ့ဖူးတယ်တဲ့။ နယ်ကို အလုပ်နဲ့ပြောင်းရတဲ့ အချိန်မှာ အိမ်မှာကျန်ခဲ့တာတွေကို ခြ ကိုက်သွားလို့တဲ့။ နှမြောစရာကောင်းလိုက်တာ။ရှားရှားပါးပါး ခြမကိုက်ပဲကျန်ခဲ့တဲ့ တစ်အုပ်ကတော့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်ခိုင် ဆိုတဲ့စာအုပ်လေးပါ။ ဘ၀မှာ ပထမဆုံးဖတ်ဖူးတဲ့ ၀တ္ထုလို့လဲ ပြောလို့ရတယ်။ အဲဒီစာအုပ်စဖတ်တုန်းက ၃ တန်းကျောင်းသူပါ။ ပီယာနိုဆိုတာတောင် ဘာမှန်းမသိလို့ တော်တော် စုံစမ်းလိုက်ရပါသေးတယ်။ စာအုပ်ကြားထဲမှာ စွယ်တော်ရွက်လေး တစ်ရွက်လည်း ညှပ်လျက်သားတွေ့ပါတယ်။ တော်တော်ကို ခြောက်နေပါပြီ။ မေမေလည်း အရင်က တော်တော်ကြိုက်ခဲ့မယ်ထင်ပါရဲ့။ ပြီးတော့ တိုက်ဆိုင်တာက သန်လျှင်ဘီအိုစီဝင်းလို့ အရင်ကခေါ်တဲ့ အရာရှိတွေ နေတဲ့ဝင်းထဲမှာ နေနေရတဲ့အချိန်လေ။ ဘယ်နားလေးကတော့ဖြင့် ၀တ္ထုထဲက ဘယ်နေရာနဲ့တူတယ်ထင်ရဲ့ ဆိုပြီး စိတ်ကူးယဉ်လို့လည်း ကောင်းပါ့။ ၃ တန်းကျောင်းသူ ချိုကိုအဲဒီစာအုပ်ကို ဖတ်တာ သုံးလကျော်ကျော်လောက်ကြာပါတယ်။ အဲဒီအချိန်ကတည်းက တက္ကသိုလ်ဘုန်းနိုင်ကို ကြိုက်ခဲ့တာ အခုထိပါပဲ။
သူပြီးတော့ ဒုတိယသိခဲ့တာက မင်းသိင်္ခ။ မာလိန်မှူးထူးစိန် ၀တ္ထုကို ဘကြီးဆီကငှားဖတ်ရင်း မင်းသိင်္ခကိုလည်း စွဲသွားပါတယ်။ အဲဒါကတော့ ၅တန်းမှာပါ။ အဲဒီကစပြီး ဖေဖေနဲ့ ဦးလေးတွေ စနေ မောင်မောင်၊ ဆားပုလင်းနှင်းမောင် အကြောင်းပြောကြရင် ၀င်ပြောတတ်လာတဲ့ ကောင်မလေး ဖြစ်လာခဲ့ပါတယ်။
တာရာမင်းဝေနဲ့ မိတ်ဆက်ပေးခဲ့တာကတော့ သချာင်္ဆရာ။ ဆရာ့ကိုအရမ်းချစ်ပါတယ်။ စာသင်တာကောင်းပြီး စေတနာလည်းအရမ်းပါတယ်ထင်လို့ပါ။ ဆရာက ငါ့တပည့်ဖြစ်ပြီး တာရာမင်းဝေမဖတ်ဖူးဘူးလား လို့ မေးတာနဲ့ လိုက်ရှာပါတယ်။ ပထမဆုံးဖတ်မိတာက ပန်းလက်ဖ၀ါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေး တဲ့။ သဘောကျသွားပါတယ်။ နောက်တစ်အုပ် ငါ့ရင်ခွင်ကြားကနှင်းဆီ ဓားသွားတစ်လက်။ တာရာမင်းဝေမှ တာရာမင်းဝေ… အရမ်းကြိုက်သွားပါတယ်။ နောက်ပိုင်းတဖြည်းဖြည်း စာအုပ်လေးတွေပါးလာ၊ ပြောတာတွေ နားမလည်ဖြစ်တဲ့ထိ ၀ယ်တုန်းပါပဲ။ အခုထိပေါ့လေနောက်ထပ် ဘုန်းနိုင်နဲ့ တန်းတူကြိုက်တာကတော့ မင်းလူပါ။ သူ့ဝတ္ထုကို အဟမ်း… ကောင်လေးတစ်ယောက်က ဖတ်ကြည့်ပါတဲ့။ ၀တ္ထုလေးနာမည်က ရေတမာ တဲ့။ ရေးပုံလေးက သွက်ပြီး လိုချင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘ၀။ အဖွားလေးအိမ်ကို သွားကန်တော့ရင်း သဘာဝကျကျ ဟာသရသ ဆိုတဲ့ စာအုပ်ထူထူကြီးကိုတွေ့ပါတယ်။ စာအုပ်မြင်ရင် မနေနိုင်တဲ့ထုံးစံ ချောင်ထဲကဆွဲထုတ်ပြီး ဖတ်မိပါတယ်။ အဲဒီအချိန်မှာပဲ မင်းလူဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာစသိတယ်လို့ ပြောရမှာပဲ။ အတွေးအခေါ်လေးတွေက ဆန်းတယ်။ ဟာသဥာဏ်ကလည်း လန်းတယ်။ အဲဒီအချိန်ကစပြီး မင်းလူ ပရိသတ်ဖြစ်လာတာ အခုဆို သူ့စာအုပ်အကုန်နီးပါး အိမ်မှာရှိပါတယ်။
အကန့်လေးတွေ စာအုပ်များအကြောင်း
Thet Htoo@Myat Lone said...
စာအုပ်စာရင်းကြည့်ပြီး အားကျတယ်ဗျာ။ စာအုပ်လဲဖတ်ရင် ကောင်းမလားလို့။ ကျွန်တော့်ဆီမှာ ဘာသာပြန်တချို့နဲ့ ကိုတာ၊ ဘိုးလှိုင်၊ ဒေါက်တာခင်မောင်ဝင်း၊ မြန်မာဝတ္ထုတို ၁၀၀ စာရေးဆရာ ၁၀၀ စသည်ဖြင့် အနည်းငယ်တော့ ရှိပါတယ်။
June 17, 2007 at 3:48 AM
Chocolaier said...
စာပေမိတ်ဆွေဆိုတော့ အချိန်မရွေးကြိုဆိုပါတယ်ရှင်။ စာအုပ်လဲဖတ်ကြတာပေါ့။ ကိုတာ့စာတွေ သိပ်မဖတ်ဖူးဘူး။
June 18, 2007 at 3:59 PM
ဇေယျာဆယ်လံသား said...
စာအုပ်ဖတ်မယ်ဆိုရင်တစ်ခုလောက်တော့ပြောပါရစေ
လူ့လောကအကြောင်းသိချင်ရင် ဆရာမင်းသိင်္ခကိုဖတ်ပါ
စာပေရဲ့အနှစ်သာရကိုသိချင်ရင် ဆရာရွှေဥဒေါင်းကို
ဖတ်ပါ
သမိုင်းကိုလေ့လာချင်ရင်စွယ်စုံကျမ်းကိုဖတ်ပါ
ပညာလိုချင်ရင် ဆော့ခရက်တိ ကိုဖတ်ပါ
November 21, 2015 at 9:05 PM