ဘုန်းဘုန်း တာ့ တာ

ဒီခေါင်းစဉ်လေးကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်းအနိစ္စ ရောက်တာနဲ့ စိတ်များ ကတောက်ကတက်ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။

“ဘုန်းဘုန်း တာ့ တာ” ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲဖြစ်ဖြစ် “တာ့-တာ” လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။

မြို့ပေါ်တွင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့-တာက တောကြိုအုံကြားအထိ ပျံ့နှံ့ ဆင်းသက်လို့ နေပါတယ်။

ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီး နှုတ်ဆက်စရာစကား တစ်ခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်း ဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။

“တာ့-တာ” ဆိုတာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပါယ်ရှိတယ် ဆိုတာကို ဇာစ်ဇာစ်မြစ်မြစ်သိကြတာလဲ မဟုတ်ပါဘူး။ နို့ပေမယ့် လက်ကလေးလှုပ်ပြပြီး တွေ့ကရာလူကို “တာ့-တာ” နေကြပါတယ်။ တချို့ကများ ကဲသထက်ကဲပြီး “ဘိုင့်ဘိုင် - တာ့တာ - ချဲရီးယို” အထိ လုပ်နေကြလေရဲ့။

ကျွန်မတို့ငယ်ငယ်တုန်းကတော့ အိမ်တစ်အိမ်ကပြန်တော့မယ်ဆိုရင် အမေကသင်တာ လူကြီးတွေကို “ဦးတင်ပါသေးရဲ့” လို့ ပြောပြီး နှုတ်ဆက်ခဲ့ရမယ်တဲ့။ နည်းနည်းကြီးလာတော့ “ကျွန်မကို ခွင့်ပြုပါဦး” လို့ နှုတ်ဆက်ခဲ့ရတယ်။ နောက်တော်တော်ကြီးလာပြန်တော့ “ပြန်ပါဦးမယ်နော်” လို့ ပြောရတယ်။ ဒါမြန်မာ့နှုတ်ဆက်နည်း ဖြစ်မှာပါပဲ။ ခုခေတ်လို လက်ကလေးပြပြီး “တာ့-တာ”လို့ ဆိုမိရင် အမေက လက်များပုတ်ချမလား မသိဘူး။ ပြီးတော့ “ဘာလဲ ညည်းတို့စကားက တာတယ်ဆိုတာ ကောင်းမှတ်လို့ လူထဲသုံးနေရတာလား” လို့ ငေါက်မှာ အမှန်ပါပဲ။

မြန်မာစကားက လူပေါ်စ အဆင့်မျိုး မဟုတ်ပါဘူး။ ကြွယ်ဝပါတယ်။ ဝေါဟာရ မဆင်းရဲပါဘူး။ လူကြည့်ပြီး အသက်နဲ့အလိုက် ဂုဏ်သိက္ခာနဲ့အလိုက် သုံးနှုန်းပြောဆိုရတဲ့စကားမျိုးပါ။ ဒီလိုယဉ်ကျေးမှုဟာ လူမျိုးတိုင်း မှာတောင် မရှိပါဘူး။ လူ့ယဉ်ကျေးမှု သမနိရှည်လှတယ်ဆိုတဲ့ တရုတ်တို့လို လူမျိုးအချို့မှာသာ ရှိတာပါ။
အဖေလုပ်တဲ့လူအပေါ်ကို ကိုယ်ဘယ်လောက်ကြီး မကျေလည်ပေမယ့် “မင်းကလဲကွာ” လို့ မြန်မာစကားက ပြောလို့မရပါဘူး။ “ခင်ဗျားကြီးကလဲဗျာ” လို့ ပြောမိရင်တောင် “အဖေကို ခင်ဗျားလုံးကြီး ရိုက်ပြောတာ ရိုင်းလိုက်တာ” လို့ ဆိုပါသေးတယ်။ “ယူကလည်း ဂွကျလိုက်တာ” လို့ ပြောချင်လို့လည်း မဖြစ်ပါဘူး။ “အဖေကလည်း အဖေရာ” ဆိုတာမျိုးကို အလွန်ဆုံးပြောရတာပါ။ မြန်မာမှာ ကိုယ်ကပြောချင်တဲ့လူနဲ့ တန်ရာဝေါဟာရကို ရွေးပြီး သုံးစွဲရပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုပဲ။

ခုတော့ ရည်းစားလည်း “တာ့-တာ”၊ သူငယ်ချင်းလည်း “တာ့-တာ”၊ ဘုန်းကြီး ရဟန်းလည်း “တာ့-တာ” တဲ့။ ဘယ်လိုများ ဖြစ်နေကြတယ် မသိပါဘူး။

ကျွန်မတို့ မိုးကုတ်သွားလည်ကြတော့ မိတ်ဆွေတွေကို ပြန်မယ်လို့ နှုတ်ဆက်တဲ့အခါ အိမ်တိုင်းက ပြန်နှုတ်ဆက်တဲ့စကားက “ဖြည်းဖြည်း ပြန်ပါရှင်” တဲ့။ ဒါဟာ ပြန်ခါနီး လူကို မိုးကုတ်က နှုတ်ဆက်တဲ့စကားပါ။ မိုးကုတ်မှာ လမ်းတွေက မြေပြင်လမ်း မဟုတ်ဘူး။ အတက်အဆင်း၊ အကွေ့အကောက်တွေ၊ ကားနဲ့ခရီးသွားရတာ၊ ကားအမြန်မောင်းရင် အသက်အန္တရာယ်နဲ့ တွေ့ရတာ၊ တွေ့ပေါင်းလည်း မရေတွက်နိုင်ဘူး။ ဒါကြောင့် သူတို့ဆီမှာ ခွဲခါနီး နှုတ်ဆက်တဲ့ လူတိုင်းကို “ဖြည်းဖြည်းပဲပြန်ပါ” လို့ နှုတ်ဆက်မှာ မှာတာထင်ပါရဲ့။ မေတ္တာစေတနာ ကရုဏာအပြည့်နဲ့ နှုတ်ဆက်လိုက်တဲ့ စကားမို့ ကြားရသူရဲ့ နားထဲမှာ ချမ်းမြေ့ကြည်နူးလိုက်တာ။ တာ့-တာ နဲ့ မကွာလား။

မြန်မာမှာ နှုတ်ဆက်စကားတွေ ကြွယ်ကြွယ်၀၀ ရှိပြီးသားပါ။

လူထုဒေါ်အမာ(သောင်းပြောင်းထွေလာမဂ္ဂဇင်း)


-----။-----
ဒါလေးကို ဖတ်မိတော့ ကိုယ်တိုင်ကလည်း တာ့-တာ နေမိတာကို သတိရပါတယ်။ ဘယ်တုန်းက စသုံးခဲ့မှန်းမမှတ်မိပေမယ့် ဘိုင့်ဘိုင် လို့မပြောပဲ တာ့တာ လို့ပြောလာတာ တော်တော်ကြာပါပြီ။ သိမိသလောက်တော့ တာ့တာဆိုတာ British အသုံးပါ။ “Ta Ta” လို့ သူတို့စာလုံးပေါင်းကြပါတယ်။ ဒါပေမယ့် စာလုံးရဲ့အတိအကျ အဓိပ္ပါယ်ဆိုပြီးတော့ ရေးသားထားတာတော့ မတွေ့မိသလိုပါပဲ။ ကလေးတွေ အဖွားကို “Na Na” လို့ခေါ်သလို ကလေးပြောတာကို လိုက်တုပြောကြတဲ့ နှုတ်ဆက်စကားလို့ထင်ပါတယ်။

တာ့တာဆိုတဲ့ စကားလေးကို ကြိုက်ပါတယ်။ ဒါပေမယ့် အဖွားမာ ပြောသလို နေရတကာတိုင်း တာ့တာနေတာတော့ တော်တော်ကြားရဆိုးပါတယ်။ အမှန်ပါပဲ။ ငယ်ငယ်ကပြန်မယ်ဆိုရင် အိမ်ကလူကြီးတွေ ပြောခိုင်းတာက “အန်တီ၊ဦး ပြန်လိုက်ပါဦးမယ်ရှင်”။ အဖွားမာပြောသလို “ဦးတင်ပါသေးရဲ့” ဆိုတာလေးကို အရမ်းသဘောကျမိပါတယ်။ မိုးကုတ်ကပြောတဲ့ ‘ဖြည်းဖြည်းပြန်ပါရှင်” ဆိုတဲ့ စကားလေးကိုလည်း နှစ်သက်မိပါတယ်။ အခုတော့ ဆရာ၊ဆရာမ အိမ်သွားလည်ပြီး ပြန်လဲ တာ့တာ၊ အဖိုးအဖွားအိမ်လည်း တာ့တာ။ ရင်းနှီးတဲ့ ဦးပဇင်းတချို့ကိုတောင် တာ့တာ လုပ်ကြတာ မြင်ဖူးပါတယ်။
လူထုဦးလှရဲ့ တပည့်တော်မကြွပါဦးမယ်ဘုရား ဆိုတဲ့ ပုံပြင်လေးကိုပါ ထပ်ပြီးသတိရမိ ပါတယ်။
-----။-----
ရွာတစ်ရွာမှာ သားအမိ၊သားအဖ သုံးယောက်ရှိသတဲ့။ တစ်မိသားစုလုံးဟာ ဘာသာတရားကိုင်းရှိုင်းပြီး ရွာဦးကျောင်းရဲ့ နေ့စဉ်ဆွမ်းတကာ၊တကာမတွေပေါ့။ သမီးဖြစ်သူဟာ နေ့စဉ်ဆွမ်းချိုင့်ပို့တဲ့ ကုသိုလ်ကို ယူသတဲ့။ ဆရာတော်ကြီး ဆွမ်းဘုဉ်းပေးတာကို ကြည်ကြိုပြီးမှ ဆွမ်းချိုင့်အလွတ်ကိုယူပြီး ပြန်တာပေါ့။ အဲဒီကောင်မလေးဟာ ပြန်ခါနီးတိုင်း ဆရာတော်ကြီးကို “တပည့်တော်မ ကြွပါဦးမယ် ဘုရား”လို့ နေ့တိုင်းလျှောက်တယ်တဲ့။ ဆရာတော်လည်း ဒီကလေးမ မဟုတ်သေးပါဘူး။ သူ့အမေလာမှ ပြောဦးမှပါ။ မသိလို့နေပါလိမ့်မယ် လို့ တွေးသတဲ့။

ဒီလိုနဲ့ တရက်မှတော့ သမီးဖြစ်သူမအားတာနဲ့ အမေကိုယ်တိုင်ဆွမ်းချိုင့် လာပို့သတဲ့။ ဆရာတော်လည်း ဒီတခါတော့ ပြောလိုက်မှပဲ ဆိုပြီး “တကာမကြီး၊ တကာမကြီး သမီးဟာ ဘုန်းကြီးကို ပြန်ခါနီးတိုင်း တပည့်တော်မ ကြွပါဦးမယ် ဘုရား လို့ချည်းလျှောက်နေတယ်ကွယ့်”လို့ ပြောလိုက်သတဲ့။ အမေလုပ်တဲ့သူဟာ အရမ်းကို ဒေါသထွက်သွားသတဲ့။ ရှက်လည်းရှက်သွားတာပေါ့။ ဒါနဲ့ပဲ ဆရာတော်ကို “တင်ပါ့ဘုရား၊ တပည့်တော်မ အပြစ်ပါပဲ၊ နောက်ဆို အဲလို မိန့်တော်မမူအောင် ဆုံးမလိုက်ပါ့မယ် ဘုရား”လို့ ပြန်လျှောက်သတဲ့။ ဆရာတော်လည်း ဘာပြန်ပြောရမှန်းကို မသိတော့ဘူးပေါ့ကွယ်။ နောက်ဆုံးတော့ တကာကြီးကို ပြောမှပဲလို့ စဉ်းစားမိသတဲ့။

ဥပုသ်နေ့မှာတော့ ဆွမ်းတကာဟာ သီလယူဖို့ ကျောင်းကိုလာပါတယ်။ ဒီအချိန်မှာ ဆရာတော်ကြီးက သီလမပေးခင် တကာကြီး၊ တကာကြီးသမီးက ဒီလိုလျှောက်လို့ တကာကြီးဇနီးကို ဘုန်းကြီးမိန့်တာကို ဇနီးက ဒီလိုပြန်ပြောသကွဲ့လို့ အကြောင်းစုံရှင်း သတဲ့။ အဲဒီအခါမှာ ဆွမ်းတကာဟာ ဒေါသထွက်လွန်းလို့ သီလတောင်မယူနိုင်ပဲ ဘုန်းကြီးကို အမြန်လျှောက်ပြီး အိမ်ကို ဒေါနဲ့မောနဲ့ ပြန်သွားသတဲ့။ သူဆရာတော်ကို လျှောက်သွားတာက “ဒီလောက်ဖြစ်လှတဲ့ သားအမိ နောက်ဆို အရှင်ဘုရားကျောင်းဝင်းထဲ ခြေတော်ရာတောင် မချစေရပါဘူး ဘုရား”တဲ့။
လူထုဦးလှ(ကျောင်းကန်အနီးမှ မြန်မာပုံပြင်များ)
-----။-----
TA TA ဆိုတာလေးကို ရှာကြည့်တော့ ဒီနှစ်ခုပဲ တိတိကျကျတွေ့ရပါတယ်။
တာ့-တာ ၁
တာ့-တာ ၂

7 ချက်ခုန်သွားတဲ့ ရင်ခုန်သံ:

သမီးရေ..စကားလုံးတွေမှာ ဂယက်အနက်ရှိပါတယ်။
အမေမာကတော့ သူ့ခေတ်အရ တွေးတာပေါ့.. ခံစားတာပေါ့။ဘုန်းဘုန်း တာ့တာကတော့ ဆိုးတာ အမှန်ပါပဲ။ဒါမဲ့ လူသာမန်တွေ ကြားမှာတော့ တာ့တာဆိုတာ ချစ်စရာကောင်းတဲ့ ဂယက်အနက်ထင်တဲ့ နှုတ်ဆက်စကားလေးပါ..။မချစ်မခင်တဲ့သူတွေကို တာ့တာလို့ သိပ်မသုံးဖြစ်ကြပါဘူး။ဒါကြောင့် ကိုယ့်အချင်းချင်း တာ့တာတာ ကောင်းပါတယ်ကွာနော်..တာ့တာ။

June 27, 2007 at 8:38 PM  

ဆရာမရေ ဟုတ်ပါတယ်။ ချိုကိုလဲ တာ့တာ ဆိုတာလေးကိုကြိုက်ပါတယ်။ အဖွားမာရဲ့ နှုတ်ဆက်စကားလေးတွေကို ချစ်လို့တင်လိုက်တာပါ။ အရမ်းသဘောကျလို့ပါ။ ခင်တဲ့သူတွေကိုတော့ တာ့တာ လို့ပဲပြောပါတယ်... တာ့တာနော် ဆရာမ =)

June 27, 2007 at 10:55 PM  

“ဒီလောက်ဖြစ်လှတဲ့ သားအမိ နောက်ဆို အရှင်ဘုရားကျောင်းဝင်းထဲ ခြေတော်ရာတောင် မချစေရပါဘူး ဘုရား”တဲ့။
လူထုဦးလှ(ကျောင်းကန်အနီးမှ မြန်မာပုံပြင်များ)
Ma Choko, i didnt understand this part, any one explain about it will be much appreciated.

June 28, 2007 at 2:13 AM  

မင်းမင်းရေ...
ကြွပါဦးမယ်တို့... မိန့်တော်မူတယ်တို့... ခြေတော်ရာတို့... ဆိုတာက လူတွေအတွက်သုံးရတာမဟုတ်ဘူးလေ။ ပြီးတော့ ပြောတာက ဘုန်းကြီးကိုလေ။ သားအဖသုံးယောက်လုံး အပြောမတတ်တာကို ပြောချင်တာပါ။

June 28, 2007 at 5:53 AM  

ထူးခြားတယ်။ ဒီညီအမ နှစ်ယောက်လုံး ဘာသာရေးနဲ့ ဆိုင်တဲ့ ပို့စ်တွေ တင်ကြလို့။ ဘုန်းဘုန်း တာ့တာ လို့ နှုတ်ဆက်တာ မသင့်တော်ပါဘူး။ ခက်တာက (သိပ်တော့လဲ မပြောရဲဘူး) တချို့ ဘုန်းကြီးတွေကလဲ အနေအထိုင်က မတတ်တာတွေ ရှိတယ်ကွာ။

June 28, 2007 at 10:23 AM  

ညီမလေးရေ...ဟုတ်တယ် "တာ့တာ" ဆိုတာ အင်္ဂလိပ်စကားက လာတာ...မမ အင်္ဂလိပ်ဆရာမ ပြောဖူးတာကတော့ ၄၊ ၅နှစ်အရွယ်က ခင်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေ ကြီးလို့ ပြန်တွေ့တဲ့အခါ Bye Bye လို့ မသုံးဘဲ Ta Ta လို့နှုတ်ဆက်တယ်လို့ ပြောတယ်... လူတိုင်း မသုံးဘဲ ငယ်သူငယ်ချင်းတွေမှ သုံးတယ်လို့ ပြောရမှာပေါ့...

June 28, 2007 at 12:34 PM  

Ta Ta ရဲ့ တကယ့်တကယ်တမ်း အသံထွက်က ထာ ထား ပဲ ဖြစ်ပါတယ်ရှန်.. အဲလေ ခင်ဗျာ
သူက အာမေဋိတ်အဖြစ်သုံးတဲ့ စကားပါ။ ကလေးတွေရဲ့ တီတီတာတာနဲ့ ပြောတဲ့အသံကို တုပြီး စကားလုံးထွင်တာဖြစ်ကြောင်း ဖတ်မိဖူးပါရဲ့။

ကဒေါင်းညင်သာ

June 28, 2007 at 11:58 PM  

Newer Post Older Post Home