သာဓု အင် ဆန်း၊စ်၊ ဆိုပြီး မြန်မာလိုရေးထားတဲ့ စာအုပ်လေးကို မြင်မြင်ခြင်းပဲ ဖတ်တောင်မကြည့်ပဲ ၀ယ်ခဲ့ပါတယ်။ သာဓု မျိုးဆက်ကို ချစ်တာကြောင့်ရယ်၊ သူတို့ စာတွေက ကောင်းတတ်တာကြောင့်ရယ် ဖတ်မကြည့်ပဲ ၀ယ်လိုက်မိတယ်။ စာအုပ်လေးက အတွေး ဆန်းဆန်းနဲ့ တမျိုးလေး ထူးခြားနေတယ်။ စာအုပ် ခေါင်းစဉ်အတိုင်းပါပဲ သာဓုနဲ့ သား ၃ ယောက်ရဲ့ စာတွေပါ။

တခြားသူတွေလည်း ဒီလိုပဲ စာရေးဆရာတွေ ပေါင်းပြီး စာအုပ်ထုတ်တာပဲ။ ဘာထူးခြားလို့လဲလို့ မေးကြရင်တော့ ထူးခြားပါတယ်လို့ပြောရမှာပဲ။ သာဓုရေးတာက ၀တ္ထု၊ ဆောင်းပါး မဟုတ်ပဲ သူ့သား ၃ ယောက်ရဲ့ ၀တ္ထု ၃ ပုဒ်ကို ဝေဖန်ထားတာပါ။

ပထမဆုံး အဖေတစ်ယောက်က သားနာမည်ကြီး စာရေးဆရာတွေကို ဒီလိုစာတစ်အုပ်ထဲမှာ ဝေဖန်တယ် ဆိုတာကိုက ထူးခြားပါတယ်။ သာဓုဆိုတာ ကလည်း ပွင့်ပွင့်လင်းလင်း ဘယ်သူ့မှဂရုမစိုက် မှန်တယ်ထင်တာကို ပြောတတ်တဲ့လူ။

ဒုတိယအနေနဲ့ ဝေဖန်တာမှာ တစ်ပုဒ်ကိုဖတ် ချက်ချင်းဝေဖန်၊ ပြီးမှနောက်တစ်ပုဒ်ဖတ် ဆက်ဝေဖန် ဆိုတော့ ပရိတ်သတ်လည်း နောက်ပြန်လှန်ကြည့်လိုက် ဝေဖန်တာဖတ်လိုက် လုပ်စရာမလိုအောင် ကောင်းလှပါတယ်။

သာဓုခေတ်က စာရေးပုံနဲ့ နောက်ဆုံး မင်းလူခေတ်စာရေးပုံ ပြောင်းလဲ လာတာတွေကိုလည်း မြင်နိုင်ပါသေးတယ်။ ခုခေတ်ရဲ့ စာရေးရင် စာလိုရေးလိုက် စကားပြောသလိုရေးလိုက် ရေးတာကို သာဓုက တော်တော်မုန်းပုံရတယ်။ ချိုကို့ရေးပုံကိုများ တွေ့ရင် ဘယ်လောက်များ ဆူလိုက်မလဲနော်။ ဒီလို ကပြား ရေးတာတွေကို သူသာစာပေစီစစ်ရေးဆိုရင် ထုတ်ခွင့်မပေးဘူးလို့ဆိုပါတယ်။

စာအုပ်အစမှာ သာဓုက အမှာစာရေးပါတယ်။ သူ့ရဲ့စာရေးရင် ဘယ်လိုစိတ်နဲ့ ရေးတယ်ဆိုတာ ပြောပြ ထားတယ်။ အမှာရဲ့ အဆုံးနားကိုတော့ သူ့အတိုင်းကူးပေးလိုက်ပါတယ်။

ယခု ဤစာအုပ်ထုတ်ဝေရန် အကြောင်းပေါ်လာသောအခါ သာဓုသည် စာရေးဆရာ တစ်ယောက်အနေဖြင့် မဟုတ်တော့ဘဲ အဖေ(ဖခင်) တစ်ယောက်အသွင် မြင်သမျှ တင်ပြရမည့်ကိန်းဆိုက်လာချေ၏။

ယခင့်ယခင် ရေးခဲ့သော ၀တ္ထုများမှ ဇာတ်ကောင်တို့ကို သာဓုပင် ဖန်ဆင်းပြီး သာဓုကပင် ကိုယ်စားပြုရေးခဲ့၍ ဘေးချော်ခြင်း အနည်းအကျဉ်းရှိကောင်းရှိမည်၊ အကြောင်းမကြီးလှ။

ယခု ဤစာအုပ်တွင်သော်မူ သားများနှင့် ပတ်သတ်ဆက်စပ်၍နေသည်နှင့်အမျှ တိကျရန် လိုသည်။ ဖြစ်ရပ် အမှန်လည်း ပေါ်လွင်ပြတ်သားရပေမည်

အထူးသဖြင့် ယနေ့ထိ သာဓု စွဲမြဲစွာ ဆုပ်ကိုင်ထားသော (၀ါ) နောင်တွင်လည်း လက်လွှတ်မည်မဟုတ်သော သာဓု၏ စာရှုပရိတ်သတ်အတွက် 'အကျိုးပြုမှု တစ်ခုခု ပါစေရမည်' ဟူသည့် သာဓု မူဝါဒအတိုင်း...။

သာဓုနှင့်သားများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ သားတွေငယ်စဉ်က ထူးခြားချက်တွေနဲ့ ဘယ်လိုဆုံးမ ခဲ့တယ် ဆိုတာလေးကို ရေးထားပါတယ်။ သာဓုရဲ့ ဆုံးမနည်းဟာ အဲဒီခေတ်အနေနဲ့ရော အခုခေတ်အနေနဲ့ရော တော်တော်လေး ခေတ်မှီတယ်လို့ ပြောရပါမယ်။ ဥပမာအနေနဲ့...
သုမောင်က သံပတ်ပေး မီးရထားခေါင်း အသစ်လေးကို တစ်စစီဖြုတ်လိုက်ပြီး ဖေဖေ ပြန်တပ်ပေးပါလို့ လာပြောတယ်တဲ့။ ဒါကို ကလေးဆိုတာ စူးစမ်းတတ်တာမို့ မအော်မငေါက်ခဲ့ပါဘူးတဲ့။ ချိုကိုသာဆိုရင်လေ အခုလေးတင်ဝယ်ပေးထားတဲ့ ကစားစရာ ဖျက်ဆီးရမလား ဆိုပြီးတော့ အနည်းဆုံး အော်မိမယ်ထင်တယ်။

ဝတ္ထုတွေကတော့ ကြီးစဉ်ငယ်လိုက်အတိုင်း မောင်ဝဏ္ဏ၊ သုမောင်၊ မင်းလူ အစဉ်အတိုင်းလာပါတယ်။ ၃ပုဒ် လုံးကို ဝေဖန်ထားတာ အရမ်းသဘောကျပါတယ်။ တချို့နေရာလေးတွေမှာ ခေတ်ကြောင့် ရေးပုံရေးနည်း ကွဲတာကလွဲရင် သာဓုရဲ့ ဝေဖန်ချက်တွေက စာရေးမယ့်လူတွေအတွက် အကျိုးအများကြီးရှိပါတယ်။ အကြိုက် ဆုံးကတော့ မင်းလူရဲ့ ၀တ္ထုပါ။

ဝတ္ထုအဖွင့်လေးမှာ သူက ဒီလိုရေးထားပါတယ်။ ဖြတ်ရေးရင် လိပ်ပတ်မလည်မှာဆိုးလို့ အကုန် ကူးပေးလိုက် ပါတယ်။

ကျွန်တော့်နှလုံးသား၌ ထင်ဟပ်ခဲ့သောအရိပ်များအကြောင်းကို ပြောပြပါမည်။ ၀မ်းပန်းတနည်း ပြောပြသည် ဟူ၍တော့ မထင်စေချင်ပါ။ သမိုင်းမှတ်တမ်းတစ်ခုကို ဖတ်ရသကဲ့သို့ သာ သဘောထားစေ့ချင်ပါသည်။

သမိုင်းထဲမှ ကျန်စစ်သားနှင့် မွန်မင်းသမီးခင်ဦးကဲ့သို့ ကွဲကွာသွားကြခြင်း အကြောင်းကို ဘယ်သူတွေကများ ၀မ်းနည်းခြင်း ရှိကြပါမည်နည်း။

ဘုရင် နရသီဟပတေ့ကို သားတော်ပြည်မင်းသားက လုပ်ကြံလိုက်ခြင်းအတွက်ကော ဘယ်သူတွေကများ စုတ် တသတ်သတ်ဖြစ်ပါလိမ့်မည်နည်း။

သို့ရာတွင် သမိုင်းမှတ်တမ်းဟု ဆိုသောကြောင့် ပြဿနာတစ်ခု ရှိလာလေသည်။

ဓမ္မဓိဋ္ဌာန်ကျသော သမိုင်းအမြင်တစ်ခုကို ရရှိရန်...
ဆန္ဒစွဲ ကင်းရမည်။
ဘက်လိုက်မှု ကင်းရမည်။
သမိုင်းကို လိမ်ညာ၍ မရနိုင်။
လိမ်ညာခဲ့သည် ထားဦး၊ တစ်နေ့နေ့မှာ အလိမ်ပေါ်ရမည် အမှန်။
ကျွန်တော်ကဖြင့် လိမ်လည်း မလိမ်ရဲပါ။
အတတ်နိုင်ဆုံး မှန်ကန်အောင် ကြိုးစားဖို့မှာလည်း မနည်းကြီး ဂရုစိုက်ရပါသည်။

အကြောင်းမှာ...
ဤဇာတ်လမ်းတွင် ကျွန်တော်သည် ပဓာနဇာတ်ကောင်ဖြစ်နေသောကြောင့်ပါ။

ဒါလေးကို သာဓုဝေဖန်ထားပုံလေးက...

'ဟေ့ သုမောင်...ငါ့သား၊ မင်းလူကလဲ အလာကြီးပဲကွ၊ "သမိုင်းမှတ်တမ်းကို လိမ်ညာ၍ မရနိုင်။" စာပေမှာ ဒါတွေ အရေးကြီးတယ်ကွ၊ စာရေးဆရာဆိုတာ ဆွေမျိုးမိသားစုထမင်းစားဖို့၊ ကားစီးဖို့၊ တိုက်ဆောက်ဖို့ လောက်ဆိုတဲ့ စီးပွားရေးလုပ်ငန်း မဟုတ်ဘူးနော်၊ ဒါ မင်းတို့သိတယ်၊ တိုင်းပြည်အတွက်၊ ပြည်သူအတွက်၊ ပြည်သူအတွက် နည်းညွှန်လမ်းညွှန်တင်ပြဖို့နဲ့ အမှားလုပ်နေသူတွေကို "ဒါ...အမှန်တရား" လို့ ထောက်ပြရမယ့် တာဝန်ရှိတယ်၊ အချစ်ဝတ္ထုရေးသကောရယ်လို့ တိုင်းပြည်ရေးရာ မပါစကောင်းဆိုတာ မရှိဘူး၊ သူ့နေရာနဲ့သူ အကွက်ဝင်တာနဲ့ ဒက်ခနဲ တင်ပြဖို့လိုတယ်။''

ဒီစာအုပ်လေးကို မဖတ်ရသေးရင် သာဓုနဲ့သဘာဝအုပ်စုရဲ့ စာတွေကိုလည်း ကြိုက်တတ်တဲ့သူဆိုရင် ဖတ်ကြည့် ပါလို့။ အတွေးဆန်းဆန်းနဲ့ သာဓု အင် ဆန်း၊စ်၊ ပါ။

p.s ဒီစာအုပ်လေးကို ကြိုက်လွန်းလို့သာ ဒီမှာရေးရတာပါ။ ချိုကိုပြောတာဟာ စာအုပ်ရဲ့ ဆယ်ပုံပုံတစ်ပုံတောင် မှီမှာမဟုတ်ပါဘူး။ ချိုကို့စာကြောင့် စာအုပ်ကိုဖတ်ဖူးကြတဲ့ လူတွေ ဒေါသထွက်မယ်ဆိုရင်...
သာဓုမိန်းမက 'ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့' ကို 'ပြုံးစစနဲ့' လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ ချိုကို ဖွင့်လိုက်တဲ့ အဓိပ္ပါယ်က 'စပ်ဖြီးဖြီးနဲ့' တဲ့။ ဒါလေးကိုကြည့်ပြီး ဒီကောင်မလေး အူကြောင်ကြောင်နဲ့ ဆိုပြီး ခွင့်လွှတ်ကြ ပါလို့...

ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ ဖြင့်

ချိုကို

4 ချက်ခုန်သွားတဲ့ ရင်ခုန်သံ:

ဟုတ်တယ်ဗျ။ ကျွန်တော်လဲ အဲဒီစာအုပ်ကို ဖတ်ပြီးပြီ။ အရမ်းကောင်းပါတယ်။ ချိုကို့စာကြောင့် စာအုပ်ဖတ်ဖူးတဲ့ ကျွန်တော်တော့ ဘာအကြောင်းကြောင့်မှ ဒေါသမထွက်မိကြောင်းပါ။

June 9, 2007 at 5:00 AM  

"သာဓု မျိုးဆက်ကို ချစ်တာကြောင့်ရယ်၊ သူတို့ စာတွေက ကောင်းတတ်တာကြောင့်ရယ် ဖတ်မကြည့်ပဲ ၀ယ်လိုက်မိတယ်။ "

ဩော်...ဒါကြောင့် သူ့ဂျီတော့ခ်မှာ ဖိုးသောကြာပုံ အမြဲတွေ့နေရတာကိုး...

ညီမလေး ညွှန်းလို့ သွားဝယ်ဦးမယ်...

June 9, 2007 at 10:08 AM  

ကိုဇင်ကိုလတ်
စာအုပ်အကောင်းကို အရသာပျက်အောင်ရေးလို့ ဒေါသထွက်မှာဆိုးလို့ပါ၊ ဒေါသမထွက်ဘူးဆိုတော့ ၀မ်းသာကြောင်းပါ။

အစ်မ
ဟီးဟီး လျှောက်ပြောရဘူးလေ၊ ကြိုက်တာကတော့ အဖိုးသာဓုကအစကြိုက်တာပါ။ သာဓုရဲ့ လူပါးဝတယ် ဆိုတဲ့စာအုပ်ဆိုရင် အသေကြိုက်၊

June 9, 2007 at 2:23 PM  

ချောက်ချတာတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ရင် အဲဒီအထဲက အကောင်းဆုံးလို့ ညီမလေးထင်တဲ့ စာတပုဒ်တလေဖြစ်ဖြစ် အမှတ်စဉ်တွေနဲ့ စာရိုက်ပြီး တင်စေချင်တယ်။ အခုက ကိုယ်တိုင် သွားဝယ်ဖို့ကလဲ အခြေအနေမပေးတော့ ဘာနဲ့တူသလဲဆိုရင် သိပ်ကောင်းတဲ့ အစားတခုကို တလုပ်သာ ကျွေးပြီး တော်ပြီနော်လို့ ပြောပြီး ပန်းကန်ပြန်ဆွဲယူ ခံရသလိုဖြစ်နေတယ်။

June 13, 2007 at 6:29 AM  

Newer Post Older Post Home