ဟယ်ရီပေါ်တာ ရောဂါ

လွန်ခဲ့တဲ့ တစ်လ ကျော်ကျော်လောက်က သူငယ်ချင်းတစ်ယောက်က Harry Potter နောက်ဆုံးစာအုပ် e-book ထွက်နေတယ်တဲ့။ ဘယ်ကဘယ်လို ထွက်လာတယ်မသိဘူး။ အရမ်းဂရုစိုက်တယ်လို့ ကြားဖူးပါတယ်လို့။ သူကလည်း မသိဘူးတဲ့။ စိတ်ထဲမှာ ၀မ်းနည်းသွားတယ်။

ဒီစာအုပ် Series ရဲ့ ပထမဆုံးစာအုပ် Philosopher's Stone ကို ၁၀တန်းတက်နေတုန်း Time's မဂ္ဂဇင်းမှာ တော်တော်လေး လူကြိုက်များနေတဲ့ စာအုပ်တအုပ်လို့ ဖတ်လိုက်ရတယ်။ ရေးထားတာကတော့ ကလေးအကြိုက် စာအုပ်တအုပ်တင်မကပဲ လူငယ်တွေ၊ လူလတ်ပိုင်းတွေပါ စိတ်ဝင်စားအောင် မြှုပ်ကွက်လေးတွေနဲ့ ရေးထားလို့ စုံထောက်ဆန်ဆန် သဘာဝလွန် တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်ပါတဲ့။ ငယ်ငယ်ကတည်းက သဘာဝလွန်ကိစ္စတွေကို စိတ်ဝင်စားတတ်တော့ ဇာတ်လိုက်ကောင်လေးက စုန်းအတတ် တတ်တယ်ဆိုတာနဲ့တင် တော်တော်ဖတ်ချင် နေမိတယ်။

စာမေးပွဲဖြေခါနီး ကျူရှင်တွေလည်းပိတ်၊ ကျောင်းလည်းပိတ်ထားတဲ့ တနေ့မှာ ပျင်းပျင်းနဲ့ ဦးလေးရဲ့ စာအုပ်ပုံကိုမွှေမိရင်း Harry Potter ဆိုတာလေးကိုတွေ့လိုက်တယ်။ ဘယ်လိုပျော်သွားမှန်းကို မသိတာပါ။ ကိုယ့်ကိုကိုယ် ၁၀တန်းဆိုတာမေ့၊ မကြာတော့တဲ့ အချိန်မှာ ရောက်လာမယ့် စာမေးပွဲဆိုတာကြီးကိုမေ့၊ ထမင်းလည်းမေ့၊ ဟင်းလည်းမေ့ ပါပဲ။

ပထမတအုပ်နဲ့တင် ဒီစာအုပ်ဘာလို့ နာမည်ကြီးသလဲ သဘောပေါက်သွားခဲ့တယ်။ J.K.Rowling ဟာ တော်တော်ကို စေ့စေ့စပ်စပ်ရေးနိုင်တာပဲ။ ဇာတ်လမ်းမှာ ဘယ်နေရာမှ ဟာကွက်ဆိုတာမရှိပါဘူး။ ရှေ့ပိုင်းမှာ အမှတ်မထင်ရေးထားတယ် ထင်ရတာလေးတွေက နောက်ပိုင်း ပြဿနာတွေကို ဖြေရှင်းတဲ့အချိန်မှာ ပြန်အသုံးပြုဖို့ အစီအစဉ်တကျ ရေးခဲ့တာလေ။ အဲဒါလေးတွေကို အရမ်းသဘောကျမိတယ်။ စုန်းအတတ်မှာလည်း လူကောင်းနဲ့ လူဆိုးရှိပြီး လူတွေမသိတဲ့ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေလည်းရှိတယ် ဆိုတာကို သေသေချာချာ ပီပီပြင်ပြင် ရေးထားနိုင်တာကိုး။ ဖတ်ရင်းနဲ့တောင် စိတ်ကူးယဉ်မိ ပါသေးတယ်။ ချိုကို့ကိုလည်း အဲလို စုန်းပညာ သင်တဲ့ကျောင်းက လာခေါ်ရင် ဘယ်လိုများနေမလဲလို့လေ။ အော် ရူးခဲ့တဲ့ အချိန်တွေများ ပျော်စရာ တော်တော်ကောင်း။

ကျောင်းတက်ဖို့ သူများနိုင်ငံကိုထွက်လာရတော့ ဟယ်ရီ့ လိုပဲ အခုတော့ တစ်ယောက်တည်းပါလားဆိုပြီး ပိုကြိုက်မိပြန်ပါရော။ ဒီလိုနဲ့ စာအုပ်လေးထွက်တိုင်း နေ့မကူးခင် ၀ယ်ဖတ်လာတာ အခုနောက်ဆုံးတစ်အုပ်တဲ့။ သူငယ်ချင်းကပေးလာတယ်။ ဖတ်လည်းဖတ်ချင်တယ်။ ဖတ်လည်းမဖတ်ရက်ဘူး။ J.K.Rowling က ဇူလိုင် ၂၁ရက်မှ ဖြန့်မှာတဲ့။ သူက ကိုယ့်ဆီ ကြိုရောက်နှင့်နေပေါ့။ ဖတ်လိုက်လို့ပြီးသွားရင်လည်း နောက်တစ်အုပ်ဆိုတာက မရှိတော့ဘူး။ ဖတ်မယ်ဆိုပြီး ကွန်ပျူတာရှေ့ထိုင် မဖတ်သေးပါဘူးလေဆိုပြီး ထသွားနဲ့ ၄၊ ၅ ညလောက် လုပ်လိုက်ပါသေးတယ်။ နောက်တော့လည်းမနေနိုင်တာနဲ့ ဖတ်မဟဲ့။ စာအုပ်ထွက်တော့မှ ၀ယ်သိမ်းမယ်ဆိုပြီး ဖတ်လိုက်တာစာမျက်နှာက ၆၅၀ ကျော်ကျော်ရှိတယ်။ ဆက်တိုက်မဖတ်နိုင်တော့ တစ်ပတ်လောက် ဖတ်လိုက်ရတယ်။ ဒါပေမယ့် ဇာတ်သိမ်းကြီးကို လုံးဝမကျေနပ်နိုင်ဘူး ဖြစ်နေတယ်။ ဖတ်ဖူးနေကြ ဇာတ်ကွက်မျိုးမဟုတ်သလိုလို ခံစားရတယ်။ ထင်မိတာက ကိုယ်တိုင်ပဲ ဇာတ်လမ်းပြီးသွားတာကို လက်မခံနိုင်လို့ စိတ်ထဲမှာ ငြင်းနေမိတာလားပေါ့။

အခုတော့ မဟုတ်ပါဘူးတဲ့ရှင်။ အဲဒီ ကြိုထွက်နေတယ်ဆိုတာက အစစ်မဟုတ်ပါဘူးတဲ့။ သိသိခြင်းမှာ ရသမျိုးစုံ ခံစားလိုက်ရတယ်။ အချိန်ကုန်ခံ၊ မျက်စိအညောင်းခံ ဖတ်ခဲ့တာတွေကို နှမြောသလိုလို၊ အစစ်ကို ဖတ်ရဦးမယ် ဆိုလို့ ပြီးပြီထင်ပြီး စိတ်ညစ်ခဲ့ရာကနေ ပျော်ပျော်သလိုလို၊ မကြိုက်တဲ့ဇာတ်သိမ်းက အစစ်မဟုတ်ဘူး ဆိုတော့ ဘယ်လိုဇာတ်သိမ်းလေးများ လာမလဲဟဲ့လို့ စဉ်းစားပြီး ရင်ခုန်သလိုလို၊ တော်တော်ကို ဂနာမငြိမ် ဖြစ်သွားပါတယ်။ ဒါကြောင့် ဒီပို့စ်လေးကို ကောက်ရေးမိတာပါ။

ဘယ်လိုပဲပြောပြော ဒီစာကိုရေးတဲ့ ပရိသတ်တစ်ယောက် ဆိုတဲ့သူကိုလည်း တော်တယ်လို့ထင်ပါတယ်။ စာမျက်နှာ ၆၅၀ကျော်မှာ နောက်ဆုံးနားလောက်ပဲ မူရင်းရေးဟန်နဲ့နည်းနည်းကွဲလွဲသွားပြီး ကျန်တာတွေပီပီပြင်ပြင် ရေးနိုင်တာ မသေးတဲ့အရည်အချင်းပါ။ တဖက်ကကြည့်ရင်တော့ ၀တ္ထုရဲ့ နာမည်ကြီးမှုကို အလွဲသုံးစားလုပ်လိုက်သလို မြင်မိပြန်ပါတယ်။ ဘယ်လိုပဲပြောပြော ဖတ်နေတုန်းကတော့ တကယ်ခံစားခဲ့ရပါတယ်။ ကျန်တဲ့သူတွေလည်း တကယ့်စာအုပ်မထွက်ခင် ဖတ်ကြည့်ချင်တယ်ဆိုရင် Harry Potter and The Deathly Hollows/ The Seventh Horcrux (Fan's Work) .

ဒီလိုဆိုရင်တော့ ထွက်တဲ့နေ့မှာ စာအုပ်ဆိုင်သွား တန်းစီရဦးတော့မှာပါလား။ ပျော်စရာကြီး။

0 ချက်ခုန်သွားတဲ့ ရင်ခုန်သံ:

Newer Post Older Post Home