ဒီစာလေးကို ဒီနှစ်ရက်အတွင်း ခဏခဏတွေ့နေရတယ်။ စာအုပ်တစ်အုပ်ကောက်ကိုင်လုပ်တော့လည်း ဒီစာသား၊ အင်တာနက်မှာ သတင်းဖတ်တော့လည်း ဒီစကားပုံ၊ အိမ်ကညီမကလည်း ပြောတာဒီစကား။

ဖတ်ဖူးတဲ့ပုံပြင်လေးတစ်ခုကို သတိရမိပါတယ်။

ရှေးတုန်းက ရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက်ရှိသတဲ့။ သူတို့ဟာ အိမ်ထောင်ကိုယ်စီ သားကျွေးမှု မယားကျွေးမှု အတွက် ရွာစဉ်လှည့်ပြီး ကုန်သွယ်မှုလုပ်ကြသတဲ့။ လမ်းခရီးမှာ သူခိုးဓါးပြ ရန်ကိုကြောက်တဲ့အတွက် အမြဲနှစ်ယောက်အတူသွားပြီး အမြတ်အစွန်းကိုလည်း သာတူညီမျှခွဲဝေကြသတဲ့။ သိပ်ချစ်ကြတဲ့သူငယ်ချင်း ဖြစ်ပေမယ့် အယူအဆချင်းကတော့ မတူဘူးတဲ့။ တစ်ယောက်က ရိုးရာနတ်ကိုးကွယ်မှုကို ယုံကြည်ပေမယ့် တစ်ယောက်ကတော့ ရတနာသုံးပါးသာ ကိုးကွယ်ရာလို့ ယုံကြည်သတဲ့။ ဒါပေမယ့် ဘယ်သူ့ဘယ်သူမှ အပြစ်မပြောကြပဲ နေလာကြရာက တစ်နေ့မှာ အရမ်းနက်တဲ့တောကို ဖြတ်ပြီးသွားရမယ့် ခရီးတစ်ခုပေါ်လာရောတဲ့။ ဘယ်သူမှမသွားရဲတဲ့ ခရီးဖြစ်တော့ အမြတ်အစွန်းကလည်း များများရနိုင်တယ်ဆိုပါတော့။ ဒါနဲ့ပဲသူငယ်ချင်းနှစ်ယောက် တိုင်ပင်ပြီး စွန့်စားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ခရီးထွက်လာကြတာ တောအုပ်အလယ်အရောက်မှ နေစောင်း လာတာကြောင့် တစ်ညတာနားဖို့ ဆုံးဖြတ်ကြသတဲ့။

ဒီမှာတင်ပဲ နတ်ကိုးကွယ်တာကို ယုံကြည်တဲ့သူငယ်ချင်းက ‘သူငယ်ချင်းရေ ဒီတောက ကျားဆိုး ပေါတယ်ပြောတယ်။ ဘာပဲပြောပြော စိတ်ချရအောင် ဒီအပင်က အရှင်ကို ပူဇော်ပသပြီး အိပ်ကြရအောင်ကွာ’ လို့ပြောသတဲ့။

ဟိုသူငယ်ချင်းကတော့ ‘ဘုရားရှိခိုးပြီးပြီပဲကွာ၊ မလိုတော့ပါဘူး’ လို့ ပြောတာပေါ့။

ပထမပြောတဲ့တစ်ယောက်က ‘ဒါဆိုလည်း မင်းထိုက်နဲ့ မင်းကံပေါ့ကွာ၊ ငါကတော့ လုပ်မှာပဲဆိုပြီး အပင်ဘက်လှည့် လက်အုပ်ချီ အရှင့်ကို အကျွန်ုပ်ရဲ့ ကိုယ်ခန္ဓာကို အပ်ပါတယ်’ လို့ ပြောပြီး စိတ်ချလက်ချ အိပ်သွားသတဲ့။

ညလယ်မှာပဲ ကျားတစ်ကောင်ဟာ သူတို့အိပ်နေတဲ့နားကို ရောက်လာပါရော။ လူနံ့ရလို့ ကြည့်လိုက်တော့ အိပ်ပျော်နေတဲ့ သူငယ်ချင်းနှစ်ယောက်ကို တွေ့ရောပေါ့။ စားရချည်သေးဆိုပြီး အနားကပ်သွားတော့မှ သူတို့အိပ်နေတဲ့အပင်က တော်တော်တန်ခိုးကြီးတဲ့ အရှင်ကြီးဆိုတာအပိုင်ဖြစ်နေပါရော။ ဒါနဲ့ကျားက အပင်ပိုင်ရှင် အရှင်ကြီးကို ‘အို သစ်ပင်ပိုင်စိုး တန်ခိုးကြီးမား အရှင်ကြီးခင်ဗျား၊ ကျွန်တော်မျိုး၏ သဘာဝအရ လူသားသတ္တ၀ါကို အနံ့လေးရရုံမျှနဲ့ သွားရည်တမျှားမျှားကျ စားလိုလှပါတယ်၊ ခွင့်ပြုတော်မူပါ’ လို့ ပြောသတဲ့။

ဒီအခါမှာ အရှင်ကြီးဆိုတဲ့ ပုဂ္ဂိုလ်က ‘အင်း… အိပ်စက်နေတဲ့ နှစ်ယောက်အနက်မှာ ဒီဘက်က ပုဂ္ဂိုလ်က ဘုရားသာရှိခိုးပြီး ငါ့ကိုဘာမှမပြောမဆို အိပ်သွားတယ်၊ ဟိုဘက်က တစ်ယောက်ကတော့ဖြင့် သူ့ကိုယ်ခန္ဓာကို ငါ့ကိုအပ်ပြီး အိပ်ရှာတယ်၊’

ဒါနဲ့ ကျားက ‘ဘယ်သူ့ကိုစားရမလဲ အရှင်ကြီး’ လို့ မေးသတဲ့။

အရှင်ကြီးက ‘ကိုယ်မပိုင်တဲ့ ပစ္စည်းကို ဘယ်ပေးလို့ကောင်းပါ့မလဲလေ၊ ငါ့ကို အပ်ပြီးအိပ်တဲ့သူကို ငါပိုင်တယ်၊ သူ့ကိုစားစေ’

ပုံပြင်လေးကတော့ ဒါပါပဲ။

ဘာကိုမှပြောချင်လို့ မဟုတ်ပါဘူး။ စိတ်ထဲ ပေါ်လာတာလေး ရေးလိုက်ခြင်းသာဖြစ်ပါတယ်။
ဒီစာလေးကို ညီမလေးတစ်ယောက်က ဖတ်ပြီး ကျားကြောက်လို့ရှင်ကြီးကိုး စကားပုံက ဒါကိုးလို့သူကပြောပါတယ်။ မဟုတ်ပါဘူးလို့ နောက်ထပ်အဲလိုထင်မိတဲ့လူတွေကိုပါ အသိပေးပါရစေ။ စကားပုံရဲ့ ဆင်းသက်လာပုံကို မသိပါဘူး။ ဒါက ဟာသလေး တစ်ခုသာဖြစ်ပါတယ်လို့။

3 ချက်ခုန်သွားတဲ့ ရင်ခုန်သံ:

ပုံပြောလဲ တယ်ကောင်းတာကိုး.. :P..။ နောက်ဆို မှတ်ထား..။ ပုံပြောတော့မယ်ဆိုရင် မောင်ညီမလေးတို့ရေ..လို့ အရင်ပြောရတယ်ကွ..။ :P

June 13, 2007 at 6:31 AM  

ညီမလေး...ကိုယ့်ဟာကိုယ် ထွင်ပြောတဲ့ ပုံပြင်လား...မိုက်တယ်ကွာ...

June 13, 2007 at 10:46 AM  

မဟုတ်ဘူးအစ်မရဲ့ အထင်သိပ်မကြီးနဲ့ဦး။ ဘယ်မှာဖတ်ခဲ့ဖူးမှန်းမသိတဲ့ ပုံပြင်ပါ။ အကြမ်းဖျင်းလောက်ပဲ မှတ်မိလို့ ကိုယ်တတ်သလိုပြန်ရေးထားတာ။

June 13, 2007 at 4:45 PM  

Newer Post Older Post Home